Header Ads

မြန်မာနိုင်ငံမှာ လိုအပ်နေသေးသည့် sex education (လိင်ပညာပေး)

မြန်မာနိုင်ငံမှာ လိုအပ်နေသေးတဲ့ sex education(လိင်ပညာပေး)
================================
          ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာ၊ ဘာသာရေးစတဲ့ အချက်တွေကြောင့် sex education လို့ ပြောလိုက်ရင် မကောင်းတဲ့အရာ ရှက်စရာလို့ထင်နေတတ်ကြပါတယ်။ တကယ်တော့ sex education ဆိုတာ လိင်စိတ်နိုးကြွအောင် လုပ်ကြံဖန်တီးပြောဆိုနေတာမျိုး ဖိုမဆက်ဆံခြင်းနဲ့ ပက်သက်ပြီး သင်ပေးနေတာမျိုး မဟုတ်ပဲ လိင်နဲ့ပက်သက်လို့ လိုအပ်တဲ့ ဗဟုသုတကြွယ်ဝအောင် မဖြစ်သင့်တာ မဖြစ်ရအောင် ပြောပြနေခြင်းသာ ဖြစ်တယ်ဆိုတာ သိဖို့လိုပါတယ်။ ဒီကမ္ဘာပေါ်မှာ သတ္တဝါရယ်လို့ ဖြစ်လာရင် မျိုးဆက်ပွားခြင်းဟာ သမိုင်းပေးတာဝန်အနေနဲ့ သဘာဝတရားကြီးက ဖန်တီးပေးထားတာပါ။ ဒါဟာ သဘာဝပါ။ ရှက်ကြောက်နေစရာ ဖုံးကွယ်နေစရာ လုံးဝမလိုပါဘူး။ ရှက်နေ ကြောက်နေကြပြီး အရိယာသူတော်စင်ကလွဲလို့် ဘယ်သူကရော ကင်းအောင်နေနိုင်ကြပါသလဲ။ ရှက်နေကြောက်နေကြပြီး နောက်ကွယ်မှာ ဖြစ်ချင်းတိုင်းဖြစ် မဖုံးနိုင် မဖိနိုင်တွေဖြစ်ကာ ကိုယ်ဝန်ဖျက်ချကြရ။ အခန့်မသင့်ရင် အသက်ဆုံးရှုံးကြရ။ မိဘမဲ့ကျောင်းတွေမှာ မျက်စိသူငယ် နားသူငယ်နဲ့ မွေးဖွားကြီးပျင်းလာကြရတဲ့ ကလေးတွေ ရှိနေကြရပါတယ်။ ဒီလို အဖြစ်မျိုးတွေ မဖြစ်ဖို့ sex education ပေးဖို့ လိုကို လိုအပ်ပါတယ်။

          ဒီတော့ ဘယ်သူတွေက ဘယ်လိုပေးကြမလဲ.......
အကောင်းဆုံးကတော့ ငယ်စဉ်ကတည်းက လက်ပွန်းတစ်တီးရှိတဲ့ မိဘတွေက ကိုယ့်သားသမီးကိုယ် sex education ပေးထားသင့်ပါတယ်။ အရွယ်နဲ့လိုက်တဲ့ စကားမျိုးသုံးပြီး အသက်အရွယ်အလိုက် အဆင့်ဆင့် သင်ပေးသွားသင့်ပါတယ်။ မိဘတွေကိုယ်တိုင်က ပြောဆိုဖို့ရှက်ရွံနေတာမျိုး မဖြစ်သင့်ပါဘူး။ ကြိုးစားပြီး နားလည်လွယ်အောင် အေးအေးဆေးဆေး ပြောပြသင်ပြပေးပါ။ ကလေးတွေကို ဘာသာရေးနဲ့ ခြိမ်းခြောက်တာမျိုးတွေ ကြောက်အောင် ခြောက်လန့်တာမျိုးတွေမလုပ်ပါနဲ့။ တကယ်တကယ့်မှာ sex education ရှိထားတဲ့ ကလေးနဲ့ မရှိထားတဲ့ကလေး ရှိထားတဲ့ ကလေးက လုပ်သင့်တာ မလုပ်သင့်တာကို နားလည်ထားတဲ့အတွက် အန္တရာယ်တောင်ပိုကင်းပါတယ်။ နားမလည်တဲ့ ကလေးတွေကတော့ ကိုယ့်ဘာသာအပြင်မှာစူးစမ်းရင်းနဲ့ လွဲမှားတဲ့ အကြောင်းအရာတွေသိ၊ စူးစမ်းလို စိတ်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ လွန်လွန်ကျူးကျူးတွေဖြစ် အိမ်ကို ပြန်မပြောရဲ အပြင်မှာတစ်ယောက်တည်း ဖြေရှင်းကာ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီတော့ ကိုယ့်သားသမီးကို sex နဲ့ပက်သက်ပြီး ပြောပြသင်ကြရမှာ မရှက်ကြပါနဲ့ ဘာသာရေး အကြောက်တရားတွေနဲ့ မခြောက်လှန့်ကြပါနဲ့။

          အရမ်းငယ်သေးတဲ့ အရွယ် 5 နှစ်အောက်နှင့် အထက် ကလေးတွေအတွက်တော့ သူတို့ ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းလေးတွေ နာမည်လေးတွေနဲ့ သူတို့ရဲ့ အလုပ်လုပ်ပုံလေးတွေ ပြောပြထားသင့်ပါတယ်။ လူမှာ မိန်းကလေးနဲ့ ယောင်္ကျားလေးနှစ်မျိုးရှိတဲ့ အကြောင်း၊ မိန်းကလေးနဲ့ ယောင်္ကျားလေးမှာလည်း တူတဲ့ အစိတ်အပိုင်းတွေရှိသလို မတူတဲ့ အစိတ်အပိုင်းတွေ ရှိကြောင်း၊ အဲ့ဒီလို မတူဘူးဆိုတာဟာ ရှက်စရာမဟုတ်တဲ့ အကြောင်း ပြောပြထားရပါမယ်။ သူတို့ရဲ့ လိင်အင်္ဂါအစိတ်အပိုင်းတွေကိုလည်း ခေါ်ရခက်ရင် ရှေ့ပိုင်းကို ဝီဝီ၊ဂျိုးဂျိုး ၊ နောက်ပိုင်းကို တင်ပါးစသဖြင့် ပြောပြထားရပါမယ်။ ကလေးတွေဟာ ဒီအရွယ်ဟာ အရာရာ စူးစမ်းတတ်တဲ့အရွယ်ဖြစ်တဲ့ အတွက် သူတို့ခန္ဓာကိုယ်ကို ကိုင်တွယ်စူးစမ်းတတ်ကြပါတယ်။ မကိုင်အပ် မထိအပ်သလို မလုပ်ပါနဲ့။ တဏှာစိတ်နဲ့ ကိုင်နေတာမဟုတ်ပဲ ခြေတွေ လက်တွေ ကိုင်သလိုကိုင်နေခြင်းသာဖြစ်ပါတယ်။ နည်းနည်းကြီးရင်တော့ သူတို့ခန္ဓာကိုယ်ရဲ့ လျိုဝှက်အပ်တဲ့ နေရာလေးတွေကို ပြောပြထားရပါမယ်။ ကိုယ့်မှာ private part တွေ ရှိတဲ့အကြောင်း၊ အဲ့ဒီ့ private part တွေကို ဖေဖေတို့ မေမေတို့ကလွဲပြီး တခြားမပြရဘူး။ အကိုင်မခံရဘူးဆိုတာပြောထားပါ။ ကိုယ်ကလည်း တခြားသူရဲ့ private part ကို သွားမကိုင်ရဘူး မထိရဘူးဆိုတာ ပြောပြထားပါ။ ထိရင်ကိုင်ရင် နေလို့ကောင်းတဲ့ နေရာတွေ ရှိတဲ့အကြောင်းပြောပြထားပါ။ တခြားသူတစ်ယောက် လာကိုင်လို့ နေလို့ကောင်းလည်း မနေဖို့ပြောပြထားပါ။ မကြိုက်ရင် မကြိုက်တဲ့ ပြောလို့ရတဲ့အကြောင်းပြောပြထားပါ။ တစ်ယောက်က လာကိုင်ရင်လည်း ဖေဖေတို့ မေမေတို့ကို လာပြောပြဖို့ ဆူမှာမဟူတ်ဘုးဆိုတဲ့ အကြောင်းပြောပြထားပါ။ ဆေးခန်းပြတဲ့အခါမှာတော့ ဆရာဝန်ကြီးက လိုအပ်ရင် ကိုင်နိုင်တယ် ပြရမယ်ဆိုတာလည်း ပြောပြထားပါ။

           ဖိုမဆက်ဆံခြင်းနဲ့ ပက်သက်ပြီးတော့လည်း ကလေးလေးဖြစ်လာဖို့ ယောင်္ကျားတစ်ယောက် (ဖေဖေ) နဲ့ မိန်းမတစ်ယောက် (မေမေ)တို့လိုတဲ့အကြောင်း၊ ဖေဖေဆီက အစိတ်အပိုင်းလေးတစ်ခုနဲ့ မေမေ့ဆီက အစိတ်အပိုင်းလေးတစ်ခုပေါင်းပြီး မေမေ့ဗိုက်ထဲက အိတ်လေးထဲမှာ ကလေးလေးဖြစ်လာတဲ့အကြောင်း၊ ပြီးမှ ကလေးလေးက မေမေ့ဗိုက်ထဲ ထွက်လာတဲ့ အကြောင်း ရိုးရိုးလေးပြောပြထားပါ။ ကလေးလေးကို လူကြီးတွေပဲ လုပ်လို့ရတဲ့ အကြောင်း ပြောပြထားပါ။

                           အသက် ငါးနှစ်ကနေ ရှစ်နှစ်လောက်ဆိုရင်တော့ လူပျိုဖော်အပျိုဖော်ဝင်တဲ့ အကြောင်းပြောပြထားပါ။ လူပျိုဖော်၊ အပျိုဖော်ဝင်တဲ့အခါ ခန္ဓာကိုယ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ပြောင်းလဲ့အကြောင်းပြောပြထားပါ။ သူတို့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း အတွင်းအင်္ဂါတွေရဲ့ နာမည်တွေပါ အတိအကျ ပြောပြထားပါ။ ယောင်္ကျားရဲ့ ဖိုမျိုးဥနဲ့ မိန်းမရဲ့ မမျိုးဥတွေ့ပြီး ကလေးရတာဖြစ်တဲ့အကြောင်း၊ အဲ့ဒီ့လိုတွေ့တာက ဖိုမဆက်ဆံခြင်းကနေ ဖြစ်တယ်ဆိုတာပြောပြပါ။ လူကြီးတွေ ဖိုမဆက်ဆံတယ်ဆိုတာ သဘာဝဖြစ်တဲ့အကြောင်း ကလေးတွေက လုပ်လို့မရတဲ့အကြောင်းပြောပြပါ။ မိန်းကလေးတွေမှာ ဓမ္မတာသွေးဆင်းခြင်းနဲ့ ပက်သက်ပြီး ဒါဟာ မမျိုးဥကြွေတာဖြစ်ပြီး သဘာဝဖြစ်တဲ့အကြောင်း၊ ရှက်စရာမဟုတ်ကြောင်း၊ အဲ့ဒီ့အချိန်မှာဖြစ်တတ်တဲ့ ဝေဒနာတွေ၊ လိုအပ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်းတွေ၊ ပြောပြထားသင့်ပါတယ်။  ယောင်္ကျားလေးတွေမှာဆိုရင်လည်း အိပ်မက်မက်ပြီး သုတ်လွှတ်တာမျိုး အသံသြလာတာ၊ လည်စေ့ထွက်လာတာမျိုး စသဖြင့် ပြောင်းလဲမှုလေးတွေရှိတဲ့အကြောင်း ကြိုတင်ပြောပြထားရပါမယ်။ တကိုယ်ရေအာသာဖြေခြင်းဟာ သဘာဝဖြစ်ကြောင်း ပြောပြပါ။  လိင်ကိစ္စမှန်သမျှကို လူမြင်ကွင်းမှာ မလုပ်သင့်ကြောင်း ပြောပြထားပါ။

           အသက် ရှစ်နှစ်ကနေ ဆယ့်နှစ်နှစ် အထက် ဆိုရင်တော့ ဖိုမဆက်ဆံရေးနဲ့ ပက်သက်ပြီး ပိုပြီးအသေးစိတ်ပြောပြထားပါ။ ကလေးမွေးဖွားပုံအဆင့်ဆင့်ကိုလည်း နားလည်အောင်ပြောပြထားပါ။ သူတို့ကိုယ်တိုင်လည်း ကလေးမွေးဖွားနိုင်နေပြီးဖြစ်ကြောင်းပြောပြပါ။ လိင်နဲ့ ပက်သက်တဲ့ ရောဂါတွေအကြောင်း၊ ကိုယ်ဝန်မလိုချင်ရင် သုံးတဲ့ တားဆေးတွေ ကွန်ဒုံးတွေအကြောင်း ပြောပြထားပါ။ မလိုလားအပ်တဲ့ ကိုယ်ဝန်မရအောင် ထိန်းသိမ်းသင့်ကြောင်းကိုလည်း ပြောပြထားပါ။ အပြာကားတွေ အပြာစာအုပ်တွေဆိုတာ တမင်သက်သက် လိင်စိတ်နိုးကြွအောင် ပြထား ရေးထားတာဖြစ်ကြောင်း အပြင်လက်တွေ့ဘဝနဲ့ မတူကြောင်းပြောပြထားပါ။ ယောင်္ကျားလေးရော မိန်းကလေးရော ကိုယ်ကျင့်တရားကောင်းဖို့ ပြောပြထားပါ။

              ကဲ ကိုယ့်ကလေးတွေကို sex education ပေးလို့ အရှက်တကွဲအကျိုးနဲကိစ္စမျိုးတွေ၊ အသက်ဆုံးရှုံးရမယ့် ကိစ္စမျိုးတွေကနေ ဝိုင်းဝန်းကာကွယ်စောင့်လျောက်လို့ ဘသာဝသမိုင်းပေးတာဝန်ကို အန္တရာယ်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်ထမ်းဆောင်ကြရအောင်လားဗျာ.....

LwinMoe
#LwinMoe #TechKhit #SexEducation

No comments