Header Ads

လူငယ်နှင့် အင်တာနက်

လူငယ်နှင့် အင်တာနက်
================================
ဆယ်တန်းစာမေးပွဲတွေ ပြီးသွားပြီဆိုတော့ သင်တန်းတက်တဲ့လူတွေကလည်း တက်ကြသလို အိမ်မှာပဲ အောင်စာရင်းစောင့်နေကြတဲ့ လူတွေ လည်းရှိကြပါတယ်။ သေချာတာတစ်ခုကတော့ ဆယ်တန်းစာမေးပွဲဖြေပြီးပြီဆိုတော့ မိဘတွေက ဖုန်းလေးတွေ ဝယ်ပေးကြမှာအမှန်ပဲ ဟုတ်တယ် ဟုတ်.....
ဖုန်းလေးတွေနဲ့ အင်တာနက်သုံးလိုက် ရုပ်ရှင်ကြည့်လိုက် ဂိမ်းကစားလိုက်နဲ့ အချိန်တွေ ကုန်ပြီးရင်း ကုန်နေကြမှာ အမှန်ပါ။ ဒီတော့ Uni မတက်ခင်စပ်ကြားအချိန်လေးမှာ facebook ပေါ်တက် သားလှလား သမီးလှလား လုပ်နေတာထက်စာရင် အင်တာနက်ကို အကျိုးရှိအောင် အသုံးချတတ်ဖို့လိုပါတယ်။ တစ်ချို့ကတော့ ဒီအချိန်မှာ ကွန်ပျူတာသင်တန်းလေးတွေ အင်္ဂလိပ်စာသင်တန်းလေးတွေ တက်တတ်ကြပါတယ်။ သင်တန်းမတက်နိုင်တဲ့ ကလေးတွေလည်း အားမငယ်ပဲ ဖုန်းလေး တစ်လုံးလောက်ရှိရုံနဲ့ ကိုယ်ဝါသနာပါတဲ့ ပညာလေးတွေကို အင်တာနက်မှာပဲ တော်တော်များများ လေ့လာနိုင်ပါတယ်။ Laptop ဖြစ်ဖြစ် PC ဖြစ်ဖြစ်ရှိရင်တော့ ပိုကောင်းပါတယ်။ ဒီတော့ Internet မှာ အချိန်ကို အကျိုးရှိရှိ ဘယ်လိုသုံးရမလဲဆိုတဲ့ နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။
အရင်ဆုံး ကိုယ့်ကိုယ်ကို ဘာဝါသနာပါသလဲ ဆန်းစစ်ပါ။
ကိုယ်က အဆိုတော် သရုပ်ဆောင် စာရေးဆရာလို အနုပညာအလုပ်မျိုးတွေ ဝါသနာပါတာလား။ အင်ဂျင်နီယာပညာ၊ အင်္ဂလိပ်စာ၊ ဒီဇိုင်နာ၊ မိတ်ကပ်၊ စသဖြင့် ကိုယ်ဘယ်ဟာကို ဝါသနာပါလဲဆိုတာကို သိအောင် လုပ်ရမှာပါ။ ဘာဝါသနာပါလဲမေးလိုက်ရင် ဟိုဟာလိုလို ဒီဟာလိုလို ယောင်တောင်တောင်ဖြစ်နေတတ်ကြတာ လူငယ်တိုင်းလိုလိုပါ။ ဒီတော့ အရင်ဆုံး ကိုယ်ဘယ်ဟာ ဝါသနာပါလဲဆိုတာသိအောင် အကုန်လိုက်လုပ်ကြည့်ပါ။ စာရေးကြည့်၊ သီချင်းဆိုကြည့်၊ ကွန်ပျူတာနဲ့ ပက်သက်ပြီး ဝါသနာပါတယ်ထင်ရင် ကွန်ပျူတာအကြောင်းလေ့လာကြည့်ပါ။ ဒီလိုလျှောက်လုပ်ကြည့်ရင်းက အကျိုးရှိတဲ့ တစ်ခုခုကို လုပ်ရင်းနဲ့ ပျော်လာပြီ။ အဲ့ဒီ့အကြောင်းပဲ ခေါင်းထဲမှာ စဉ်းစားပြီး ဒီအလုပ်ဟာ ကိုယ့်ရဲ့အိပ်မက်ဖြစ်လာပြီဆိုရင်တော့ ဒီအလုပ်ဟာ သင်ဝါသနာပါတဲ့အလုပ်လို့ မှတ်ယူလို့ရပါတယ်။ဒီနေရာမှာ အထူး သတိထားရမှာက အလုပ်မျိုးစုံ လျှောက်လုပ်ကြည့်ပြီး အသက်ကြီးတဲ့အထိ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်မသွားကြဖို့ လမ်းလွှဲမသွားကြဖို့အတွက် အရေးကြီးပါတယ်။ ဒီလိုမျိုး အလုပ်မျိုးစုံ လျှောက်လုပ်ကြည့်ဖို့ဆိုတာဘယ်လိုအလုပ်တွေရှိလဲ သိဖို့လိုပါတယ်။ ဒီတော့ အိမ်ထဲကနေထွက်ပြီး ကမ္ဘာကြီးထဲကို ခြေဆန့်ကြည့်ပါ။ သူများတွေ ဘာတွေလုပ်ပြီး ဘယ်လိုအောင်မြင်နေလဲဆိုတာကြည့်ပါ။ ကိုယ်ကရော ဘာလုပ်ချင်တာလဲ ဘာဝါသနာပါတာလဲ ကိုယ့်ဘာသာစဉ်းစားပါ။ ကိုယ့်ရဲ့ ဝါသနာကိုသိပြီဆိုရင် လေ့လာပါ ဆည်းပူးပါ။
လေ့လာလို့အကောင်းဆုံးနေရာကတော့ အင်တာနက်ပါပဲ။ ဘယ်အရာကိုလေ့လာချင် လေ့လာချင် အင်တာနက်မှာရှိပါတယ်။ ပညာရပ်တွေကို အလကားနီးပါးဝေမျှပေးနေတဲ့ Website တွေ အများကြီးရှိပါတယ်။ အင်္ဂလိပ်စာလေး တော်ရုံရေးတတ် ဖတ်တတ်ရုံနဲ့ Google လို့ခေါ်တဲ့ Search engine ကြီးထဲမှာ သိလိုတာကို စာတစ်လုံး နှစ်လုံးရိုက်ရုံနဲ့ အလွယ်တကူရှာဖွေလို့ရနေပါပြီ။ Google ဆိုတာကလည်း ဖုန်းတိုင်းမှာ ပါပြီးသားဖြစ်လို့် ပူစရာမလိုပါဘူး။ Youtube မှာရင်လည်း နယ်ပယ်ပေါင်းစုံက အလွန်အသုံးဝင်တဲ့ tutorial video တွေ သင်ခန်းစာတွေ အများကြီးကို Video အနေနဲ့ ကြည့်ရှု့လေ့လာနိုင်ပါတယ်။ အင်တာနက်ဆိုတာကို facebook ဆိုကြီးနဲ့တင် ကျေနပ်နေလို့ မဖြစ်ပါဘူး။ သုံးတတ်ရင် အရမ်းအကျိုးရှိတဲ့ ရတနာသိုက်ကြီးပါ။
အကျိုးရှိတဲ့ Virtual life (or ) facebook Account လေးတစ်ခု ပြုလုပ်ထားပါ။
Facebook ကို မသုံးရဘူးလို့တော့ မဟုတ်ပါဘူး။ facebook ဟာ သုံးတတ်ရင် Google နီးနီး အသုံးဝင်ပါတယ်။ အကျိုးရှိတဲ့ အသုံးပြုမှုမျိုးဖြစ်ဖို့လိုပါတယ်။ ကိုယ်ဝါသနာပါတဲ့ နယ်ပယ်က အောင်မြင်နေတဲ့ လူတွေ၊ ကိုယ့်လို ဝါသနာရှင်တွေနဲ့ fri add ထားပါ။ ကိုယ်ဝါသနာပါတဲ့ နယ်ပယ်နဲ့ ပက်သက်ပြီး မျှဝေပေးနေတဲ့ page တွေ group တွေလည်း ရှိပါတယ်။ အပြက်မှာရော facebook ပေါ်မှာ အားကျရတဲ့ ကိုယ့်ရဲ့ role model တွေနဲ့ fri လုပ်ထားပါ။ ဒါမှ facebook သုံးလိုက်တိုင်းစိတ်ဓာတ်တွေတက်ကြွပြီး ဝါသနာပါတဲ့အရာကို facebook သုံးရင်းလေ့လာနိုင်မှာပါ။ ပြီးတော့ ဝါသနာပါတဲ့ အလုပ်တစ်ခုကို သင်ယူလေ့လာတဲ့အခါ ကိုယ်တစ်ယောက်ထဲ ဂူအောင်းပြီး သိုင်းကျင့်တာထက် အပြင်ထွက်ပြီး အများနဲ့ ပူးပေါင်းလုပ်ဆောင်ပါ။ ဒါမှတိုးတက်နေတဲ့ ခေတ်ကြီးရဲ့ အသစ်သစ်သော ပြောင်းလဲမှုတွေကို အမီလိုက်နိုင်မှာပါ။ ကိုယ်တစ်ယောက်ထဲ ဂူအောင်ပြီး သိုင်းကျင့်နေရင်တော့ ကိုယ် သိုင်းကွက်တစ်ခု တတ်ပြီးသွားတဲ့ အချိန်မှာ အပြင်လောကမှတော့ သိုင်းကွက်အသစ်တွေပေါ်လာကာ ကိုယ်တတ်ထားတဲ့ သိုင်းကွက်လေးဟာ ဟောင်းပြီး အသုံးမဝင်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အပြင်ထွက်ပြီး teamwork ရှိရှိ ပူးပေါင်းပါ။ group တွေမှာ ဝင်ရောက်ဆွေးနွေးပါ ။ ကိုယ်တတ်ကျွမ်းသလောက်ကိုလည်း ပြန်လည်မျှဝေပါ။
Internet ကို အကျိုးရှိရှိ အသုံးချပြီး အောင်မြင်တဲ့ လူငယ်လေးတွေ ဖြစ်နိုင်ကြပါစေ။
Lwin Moe 

No comments