အောင်မြင်သော ကလေးများ၏ မိဘများတွင်ရှိသော တူညီသည့်အရာ ၉ ခု
မိဘတိုင်းက သူတို့ ၏သားသမီးများကို အောင်မြင်သော ကလေးများဖြစ်စေချင်ကြတာကြီးပါပဲ။ အဲ့ဒါက မိဘတိုင်းရဲ့ အရိုးရှင်းဆုံးတောင့်တမှုတစ်ခုပါပဲ။ သို့ ပေမယ့် ဒီတောင့်တမှု တကယ်ဖြစ်လာဖို့ ကလည်း အင်မတန်ခက်ခဲတဲ့ အရာပဲဖြစ်ပါတယ်။
ဒါဆို ကလေးတွေအောင်မြင်ဖို့ အတွက် သေချာအောင်ဘယ်လိုလုပ်လဲ။ အချို့ ကလေးတွေကတော့ မျိုးရိုးဗီဇအရ တခြားကလေးတွေထက် အောင်မြင်မှုတွေပိုရနိုင်တယ်လို့ ဆိုပေမယ့် သာမန်ကလေးတစ်ယောက်ကိုလည်း ဘ၀မှာအောင်မြင်အောင် ပြုပြင်ထိန်းသိမ်းပေးလို့ ရပါတယ်။ အောက်မှာဖော်ပြမယ့်အချက်တွေကတော့ သိပ္ဗံစမ်းသပ်မှုတွေ ကနေပါ ထောက်ခံမှု ပေးထားတဲ့  အောင်မြင်တဲ့ ကလေးတွေရဲ့ မိဘတွေမှာလုပ်လေ့ ရှိတဲ့ တူညီတဲ့ အရာ (၉)ခုပဲဖြစ်ပါတယ်။ ကဲဖတ်ကြည့်ကြရအောင်။
၁။ ကလေးများကို ငယ်စဉ်ကတည်းက တာဝန်လေးများကို ပုံမှန်ပေးပါ။
ကလေးငယ်များကို ငယ်စဉ်ကတည်းက သူတို့ လုပ်နိုင်မည့် တာဝန်လေးများကို ပုံမှန်ပေးခြင်းအားဖြင့် ကလေးတွေကို တာဝန်ယူစိတ်၊ လုပ်ကိုင်ချင်စိတ်များ ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ထိုကလေးငယ်များကြီးပျဉ်းလာတဲ့ အခါမှာလည်း ၀န်ထမ်းကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်လို့ ရှာဖွေ တွေ့ ရှိထားပါတယ်။
ဒါပေမယ့် တစ်ချက်သတိပေးထားတာရှိပါတယ်။ အဲ့ဒီလို တာဝန်တွေပေးအပ်တဲ့ အခါမှာ တာဝန်ပြီးလို့ ဆိုပြီး ဆုတွေ အများကြီးလည်းမချသင့်ပါဘူးတဲ့ ။ ဆုတွေတစ်ချိန်လုံးချနေလျှင်လည်း နောက်ပိုင်းဆို တစ်ခုခုရမှပဲ လုပ်ချင်တဲ့ စိတ်ဓါတ်ဝင်သွားနိုင်ပါတယ်တဲ့။
၂။ မျှော်လင့်ချက် မြင့်မြင့် သတ်မှတ်ပေးပါ။
ကလေးငယ်များအတွက် ဖြစ်နိုင်ချေရှိတဲ့ မျှော်လင့်ချက်ထားပေးခြင်းဟာလည်း သူတို့ အောင်မြင်စေဖို့ နည်းလမ်းတစ်ခုပါပဲ။ ဒါပေမယ့် အရေးကြီးတဲ့အချက်တစ်ခုကတော့ အဲ့ဒီမျှော်လင့်ချက်ဟာကလေးတွေ ရောက်နိုင်တဲ့ အတိုင်းအတာမှာရှိရပါမယ်။ အဲ့လိုမှမဟုတ်ပဲ အမြင့်ကြီးထားမိပြန်လျှင်လည်း မရခဲ့လို့ ရှိလျှင် မိဘတွေရော ကလေးအတွက်ပါ အခက်အခဲဖြစ်စေနိုင်ပါတယ်။
မျှော်လင့်ချက်ထားထားခြင်းဖြင့်လည်း ကလေးငယ်ကို သူ လျှောက်ရမည့်လမ်းကို တည့်မတ်စေပါတယ်။
၃။ ထိန်းချုပ်နိုင်မှု အရည်အချင်းကို တည်ဆောက်ပေးပါ။
ကလေးငယ်ကို ဒေါ်သကို ထိန်းချုပ်နိုင်ဖို့ ၊ စိတ်ရှည်မှုရှိဖို့၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းတတ်ဖို့ ကို သင်ကြားပေးရပါမယ်။ အဲ့ဒါမှသာ သူဟာ လူ့ ပတ်ဝန်းကျင်မှာလည်းအောင်အောင်မြင်မြင်လျှောက်လှမ်းနိုင်မှာပါ။
၎။ ကျဆုံးမှုအတွက် နားလည်ပေးပါ။ အခွင့်အရေးပေးပါ။
ကလေးငယ်များမှာလည်း တစ်ခါတစ်ရံ ကျဆုံးမှု၊ ရှုံးနိမ့်မှုတွေရှိနိုင်ပါတယ်။ အဲ့ဒါကို နားလည်ပေးဖို့ လိုပါတယ်။ ပြီးလျှင် အခွင့်အရေးထပ်ပေးဖို့ လည်းလိုပါတယ်။ အဲ့ဒီ ဆုံးရှူံးမှုကနေ သင်ခန်းစာကို ပြန်ယူတတ်အောင် သင်ကြားပေးရပါမယ်။
၅။ လူမှု ဆက်ဆံရေး ကို တိုးတတ်အောင်လုပ်ပေးပါ။
လူဝင်ဆံ့အောင် နေရာပေးပါ။ သင်ပေးပါ။ လူပုံအလည်ကိုခေါ်သွားပါ။ လူကြောက်လေးမဖြစ်ပါစေနဲ့ ။ သူငယ်ချင်းများနဲ့ ပေါင်းသက်ဆက်ဆံရေးကောင်းအောင်၊ ကူညီတတ်အောင်၊ လူ့ အသိုင်းအ၀န်းမှာ ၀င်ဆံ့အောင် သင်ပေးပါ။ အခွင့်အရေးပေးပါ။ ရှေ့ ဆောင်လမ်းပြပေးပါ။
၆။ ကလေးငယ်နဲ့ ရှိနေတဲ့ အချိန်တိုင်းဟာ အဓိပ္ဗါယ် ရှိပါစေ။
အချိန်ဘယ်လောက်ကြာကြာကလေးနဲ့ အတူရှိတယ်ဆိုတာထက် ရှိတဲ့ အချိန်တိုင်းဟာ အဓိပ္ဗါယ်ရှိပြီး ကလေး တိုးတတ်မှုကို အထောက်အကူပြုတဲ့ အချိန်တွေဖြစ်ဖို့ လိုပါတယ်။ တူတူရှိနေတဲ့ အချိန်လေးအတွင်းမှာ ကလေးကို လမ်းညွှန်မှုတွေပြုနိုင်ပြီး ကလေးရဲ့ တိုးတတ်မှုကိုလည်း စောင့်ကြည့်လေ့လာနိုင်ဖို့ လိုအပ်ပါတယ်။
၇။ ကိုယ့်ကိုကိုယ် အားကိုးယုံကြည်မှုကို တိုးတတ်အောင်လုပ်ပေးပါ။
ဒီဟာအတွက်တော့ နည်းနည်းအရေးကြီးပါတယ်။ မိဘတွေအနေနဲ့ သေချာထိန်းညှိပေးဖို့ လိုပါတယ်။ အရမ်းကို အလိုလိုက်ပြီး နေရာတကာလိုက်လုပ်ပေးယင်လည်း ကလေးက ဘာမှမလုပ်တတ်မကိုင်တတ်ဖြစ်သွားနိုင်သလို လုံးဝကြီးလျစ်လျူရှုထားပြန်လျှင်လည်း အရမ်းကို လွတ်ထွက်သွားနိုင်ပြန်ပါတယ်။
အဲ့ဒီအတွက် ဒီ ၂ ခုကြားမှာ စနစ်တကျမှန်မှန်ကန်ကန် ထိန်းညှိပေးဖို့ လိုအပ်ပါတယ်။
၈။ တစ်ချို့ ကိစ္စတွေကို စိတ်ထဲမှာပဲ အောင်းထားပြီး အချိန်ပေးလိုက်ပါ။
မိဘတော်တော်များများက ကလေးနဲ့ ပက်သက်တဲ့ အချို့ ကိစ္စတွေကို မြန်မြန်ပြီးပျက်အောင် လုပ်ချင်ပါတယ်။ တစ်ခါတစ်ရံ ကိစ္စတိုင်းက မြန်မြန်ဆန်ဆန်မလုပ်သင့်ပါဘူး။ အချိန် တစ်ခုပေးပြီး စောင့်ကြည့်သင့်ပါတယ်။
၉။ 3 Fs ကို ကျင့်သုံးပါ။
3 Fs ဆိုတာကတော့ Firm, Fair နဲ့ Friendly ပါပဲ။ ကလေးတွေနဲ့ ဆက်ဆံတဲ့အခါမှာ တစ်ခါတစ်ရံ တင်းတင်းကျပ်ကျပ်လုပ်သင့်တာလုပ်ရမယ်။ သို့ ပေမယ့် ကလေးအတွက်မျှတမှုလည်းရှိရမယ်။ အရေးအကြီးဆုံးကတော့ ဆူပူ၊ ကြိမ်းမောင်းတဲ့ ပုံစံမဟုတ်ပဲ သူငယ်ချင်းပုံစံ၊ ရင်းနှီးခွင့်လွှတ်တဲ့ ပုံစံနဲ့ သွားရပါမယ်။
နိဂုံးချုပ်ရယင်တော့ လူတော်ကလေးလေးတွေဟာ မတော်တဆဖြစ်လာတာမဟုတ်ပါဘူး။ မိဘတွေရဲ့  အောင်အောင်မြင်မြင် ထိန်းကျောင်းနိုင်မှု ပေါ်အများကြီးမူတည်ပါတယ်။
Written by Ko Hein (Prospect Myanmar)
Post a Comment