Header Ads

ကလေးငယ်များထံမှသင်ယူနိုင်သည့် သင့်ဘ၀အတွက် သင်ခန်းစာ (၉)ခု


ကလေးငယ်များသည် ချစ်ဖို့ ကောင်းလှသည်။ သူတို့ ၏ အပြစ်ကင်းစင်သောအပြုံးနှင့်နုနယ်လှသော မျက်ဝန်းတစ်စုံက မြင်ရသူတိုင်း၏ စိတ်ကို နူးညံ့သွားစေသည်မှာ အမှန်ပါဖြစ်ပါသည်။ ဒါ့အပြင် လေ့လာတတ်ပါက သူတို့ ထံမှ တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာများကိုလည်းရရှိနိုင်ပါသည်။ အောက်မှာ ရေးသားထားသည့်အချက် (၁၀)ချက်သည် ကလေးငယ်များက သင့်အားသင်ကြားပေးနေသည့် ဘ၀သင်ခန်းစာများပင်ဖြစ်ပါသည်။

(၁) ကလေးများသည် ကောင်းစွာအိပ်စက်ကြပါသည်။

ကလေးငယ်တွေ (အထူးသဖြင့်) မွေးကင်းစကလေးငယ်များအတွက် အိပ်စက်ခြင်းသည် ၀င်ငွေကောင်းသောအလုပ်တစ်ခုကဲ့သို့ ပင်ဖြစ်သည်။သူတို့ သည် ထိုအလုပ်ကို စွဲစွဲမြဲမြဲ နှစ်နှစ်ကာကာ လုပ်ဆောင်ကြပါသည်။ သူတို့ သည် တစ်ရက်ကို ၁၀ နာရီမှ ၁၈ နာရီလောက်အထိ အိပ်လေ့ရှိကြပါသည်။ထိုသို့ အိပ်စက်ခြင်းအားဖြင့် သူတို့ ၏ ကိုယ်ခံအားကို တိုးတက်စေသည့်အတွက် ကျန်းမာစေသည်။ သူတို့ ကို စိတ်ကြည်လင်စေပြီး ပျော်ရွှင်နေစေပါသည်။ အကယ်လို့ များ ကလေးငယ်သည် အိပ်အချိန်အလုံအလောက်မရရှိခဲ့ပါက စိတ်ညစ်ညူးပြီး မအီမသာဖြစ်နေတတ်ပါသည်။
ထိုနည်းတူစွာပင် ကျွန်တော်တို့ လူကြီးများအနေဖြင့်လည်း အိပ်စက်ချိန်ကို လုံလောက်စွာရရှိသင့်သည်။ ကလေးများကဲ့သို့ ၁၀ နာရီ၊ ၁၈ နာရီကျော်ကြာအောင် အိပ်စက်ရန် မလိုအပ်ပေမယ့် သင့်တင့်သော အိပ်စက်မှုတော့ရှိရပေမည်။သို့ မှသာ အားအင်ပြည့်ပြီး ကိုယ်ခံအားကောင်းမွန်တာ တစ်နေတာလုပ်ငန်းဆောင်တာတွေကို အောင်အောင်မြင်မြင်လုပ်နိုင်ပေမည်။

(၂) တွားသွား (၀မ်းလျှားမှောက်သွား)တတ်ဖို့ အတွက် ကလေးလေးတွေဟာ အချိန်တော်တော်ယူ လေ့ကျင့်ခဲ့ရပါတယ်။
ကလေးငယ်များ အတွက် ပထမဦးအကြိမ် ၀မ်းလျှားမှောက်ပြီး တွားသွားတတ်ခြင်းဟာ ကြီးမားတဲ့ အောင်မြင်မှု တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုအောင်မြင်မှုရဖို့ အတွက် နေ့ခြင်းညခြင်း မဖြစ်နိုင်ပါ။ ကလေးလေးဟာ အချိန်တော်တော်ကြာအောင် ကြိုးစားလေ့ကျင့်ခဲ့ရပါတယ်။ ပထမဦးဆုံးခေါင်းကို အယင်ခိုင်အောင်ထောင်မတ်ရပါတယ်။ ပြီးယင် ပုခုံးကို ပါ လိုက်ပြီးထောင်မတ်ရပါတယ်။ အဲ့ဒီနောက်မှာတော့ လက်မောင်းကြွက်သားလေးတွေကို သုံးပြီး တွန်းတင်မှုသေးသေးလေးတွေ စတင်လုပ်ရပါတယ်။ အဲဒီနောက်မှာတော့ ခါးကော့၊ ခြေထောက်ကန်၊ ရေကူးတဲ့ ပုံစံမျိုးစုံနဲ့ လှုပ်ရှားမှုတွေတစ်ဆင့်ခြင်း လုပ်ရပါတယ်။ အဲ့လိုနည်းနဲ့  ကြွက်သားလေးတွေ သန်မာလာတဲ့ တစ်နေ့ မှန်ကန်တဲ့ လှုပ်ရှားမှုရလာတဲ့ အချိန်တစ်ခုမှာ တွားသွားမှုကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ပါတယ်။ ဒီလို အောင်မြင်ဖို့ အတွက် ကလေးငယ်လေးဟာ ပုံမှန်နှုန်းနဲ့ နေ့ စဉ် မှန်မှန် လေ့ကျင့်ခဲ့ရတာပါပဲ။
ဒီလိုပဲ ကျွန်တော်တို့ ဟာလည်း အသစ်အဆန်းတစ်ခုတတ်မြောက်ဖို့ အတွက် သင်ယူတဲ့ အခါမှာ အချိန်တစ်ခုပေးပြီး လေ့ကျင့်ရပါတယ်။ နေ့ ခြင်းညခြင်း ဘယ်လို့ မှ ထပြီး မအောင်မြင်နိုင်ပါဘူး။ စိတ်ရှည်ရှည်နဲ့ အချိန်ပေး၊ အနာခံ၊ အပင်ပန်းခံပြီး မှန်မှန်ကန်ကန်လေ့ ကျင့်ဖို့ လိုပါတယ်။ ကလေးငယ်လေးတွေလို ဘာမှ complain တတ်ခြင်းမရှိပဲ ပန်းတိုင်ကိုရောက်အောင် လေ့ကျင့်နိုင်ဖို့ လိုအပ်ပါသည်။

(၃) ကလေးငယ်များဟာ သူတို့ ၏ သီးခံနိုင်မှု အတိုင်းအတာကို ဖော်ပြတတ်ပါတယ်။

မိဘတိုင်း ဒါကို သတိထားတတ်ကြပါတယ်။ ကလေးငယ်များမှာ သီးခံနိုင်မှုအတိုင်းအတာရှိပါတယ်။ အဲ့ဒီအတိုင်းအတာကိုလည်း ဟန်မဆောင်ပဲ ဖော်ပြတတ်ပါတယ်။ ဥပမာ ပင်ပန်းလာတဲ့အချိန်၊ သူ့ ကို လူစိမ်းတစ်ယောက် လာပြီး မြူနေတဲ့ အချိန်၊ သူ မကြိုက်တဲ့ အရာကို လာလုပ်နေတဲ့ အချိန်တွေမှာ သီးခံနိုင်မှုကုန်ယင် ကုန်ကြောင်းကို ပွင့်ပွင့်လင်းလင်းကြော်ငြာတတ်ပါတယ်။ ဟန်ဆောင်မနေပါဘူး။
အဲ့ဒီလိုပဲ ကျွန်တော်တို့ လူကြီးတွေမှာလည်း ကိုယ့်ရဲ့  limit ကို ကိုယ်တိုင်လည်းသိပြီး အခြားသူတွေ ကလည်း သိအောင် လုပ်ဖို့ လိုပါတယ်။ ကိုယ့် limit ကို မသိပဲ တာဝန်တွေ ပိုယူ၊ပြီးမှ အောင်အောင်မြင်မြင်မလုပ်နိုင်လျှင် မကောင်းပါဘူး။ အဲ့ဒီလိုပဲ ကိုယ့် limit ကို မသိသူတွေက ကိုယ့်အပေါ်တာဝန်တွေ ပုံပုံအပ်၊ နောက်ဆုံး မနိုင်မနင်းဖြစ်မှ ကိုယ်ရော၊ တာဝန်ပေးတဲ့ သူကြားမှာမျက်နှာ ပျက်စရာတွေ ဖြစ်ကုန်နိုင်ပါတယ်။
အဲ့ဒီအတွက် limit တစ်ခုရောက်လျှင် ခနအနားယူလိုက်ပါ။ လုပ်နေလက်စကနေ ရပ်ပြီး သီချင်းနားထောင်ခြင်း၊ စိတ်အပန်းဖြေခြင်း တစ်ခုခုကို လုပ်လိုက်ပါ။ ပြီးမှ ပြန်လုပ်သင့်ပါတယ်။

(၄) တစ်ခုကိုပဲ အာရုံစိုက်လေ့ ရှိပါတယ်။

ကလေးငယ်များဟာ တစ်ခုခုကို စိတ်ဝင်စားသွားလျှင် အဲ့ဒီ တစ်ခုခုကိုပဲ မဲပြီးအာရုံစိုက်ထားပါတယ်။ အဲ့ဒီအရာကိုပဲ မရရအောင်ယူလေ့ ရှိတယ်။ ဥပမာ သင့်ရဲ့ မျက်မှန်ကိုင်းကို စွဲချွတ်ချင်နေလျှင် အဲ့ဒါကိုပဲ အာရုံစိုက်ပြီး စွဲချွတ်နိုင်အောင်ကြိုးစားပါလိမ့်မယ်။ ဘေးနားကနေ ဘာတွေပဲလုပ်ပြလုပ်ပြ ဂရုမပြုတော့ပါဘူး။
အဲ့ဒီလိုပဲ ကျွန်တော်တို့ လူကြီးတွေဟာလည်း တစ်စုံတစ်ခုကို ရယူချင်လျှင် အဲ့ဒီအရာကို အာရုံစိုက်ပြီးတော့ မရရအောင် ကြိုးစားဖို့ လိုပါတယ်။ ဘေးနားမှာရောက်လာတဲ့ အခြားစိတ်ဝင်စားစရာတွေ၊ အနှောင့်အယှက်တွေပေါ်ကိုလည်း အာရုံမပျံ့ သွားဖို့ အရေးကြီးလှပါတယ်။

(၅) သူတို့ ရဲ့ အရီအပြုံးလေးတွေဟာ မာယာ၊ဟန်ဆောင်မှုကင်းပါတယ်။

ရီပြုံးနေတဲ့ ကလေးတွေကို မြင်ရသူတိုင်း စိတ်ချမ်းသာမှုကိုရရှိပါတယ်။ သူတို့ အပြုံးတွေမှာဟန်ဆောင်မှုကင်းတယ်၊ မာယာကင်းတယ်။ ပွင့်ပွင့်လင်းလင်းကို ရီပြုံးကြတာပါ။
အဲ့ဒီလိုပဲ ကျွန်တော်တို့ တွေဟာလည်း တစ်ခါတစ်ရံမှာ ဟန်ဆောင်မှုကင်းတဲ့ ၊ မာယာကင်းတဲ့ အရီအပြုံးတွေလိုပါတယ်။ ဒါမှလည်း စိတ်လက်ပေါ့ပါးသွားပြီး စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်နိုင်မှာပါ။ တစ်နေ့ တစ်နေ့  ဟန်ဆောင်မှုတွေ ဖုံးနေတဲ့ ပတ်ဝန်းကျင်မှာ တစ်ခါတစ်ရံ စိတ်လွတ်လက်လွတ် ဟန်ဆောင်မှု မရှိရယ်ပြုံးခြင်းဟာ သင့်ကို အသက်ရှည်ကျန်းမာစေမှာအမှန်ပါ။

(၆) သူတို့ ဟာ ရှေ့ သို့ တိုးဖို့ ပဲ ကြိုးစားကြပါတယ်။

ကလေးငယ်လေးတွေဟာ တစ်စုံတစ်ခုကို လုပ်ချင်ပြီးဆိုလျှင် အကြောက်အလန့် မရှိ၊ ရှက်ခြင်း ရွ့ံခြင်းမရှိ၊ အချိန်ကျရဲ့ လားဆိုတာတွေ စဉ်းစားပြီးမတွေဝေနေပဲ ရှေ့ ဆက်ဖို့ သာကြိုးစားကြပါတယ်။ ဘေးကလူတွေရှိနေလို့ ၊ တွေဝေနေလို့ ဆိုတဲ့ အတွေးတွေကို ဖယ်ထားတတ်ကြပါတယ်။ သူတို့ လိုချင်တဲ့ နေရာ၊လိုချင်တဲ့အရာရအောင်ကိုသာ ကြိုးစားကြပါတယ်။
အဲ့ဒီလိုပဲ ကျွန်တော်တို့တွေဟာလည်း တစ်စုံတစ်ခုကို ရယူချင်တယ်ဆိုလျှင် မဆုတ်မနစ်ကြိုးစားသင့်တယ်။ ဖြစ်ပါ့မလားဆိုတဲ့ တွေဝေတတ်တဲ့ စိတ်ကို ဖျောက်သင့်တယ်။ သူများတွေကြည့်နေမလား၊ သူများတွေ ဝေဖန်မလားဆိုတာတွေကို ကြောက်ရွံ့ နေဖို့ မလိုအပ်ပါဘူး။ ရှေ့ မှာအတားအဆီးရှိနေလည်း ဘယ်လို ကျော်ဖြတ်ပြီး လိုချင်တာရအောင်ယူရမယ်ဆိုတာကို ပဲဦးတည်သင့်ပါတယ်။

(၇) ကလေးတွေဟာ တစ်ခုခုလိုအပ်လျှင်၊ အခက်အခဲဖြစ်လျှင် ချက်ချင်းအသိပေးတတ်တယ်။

Dipers သေးခံထဲမှာ သေးပေါက်ချထားမိလား၊ ဗိုက်ဆာနေလား၊ ရေငတ်နေလား၊ ယားယံနေလား၊ တစ်ခုခုမအီမသာဖြစ်နေလား….မိဘတွေကို ချက်ချင်းအသိပေးတတ်ပါတယ်။ အောင့်အီးထားခြင်း၊ ကျိတ်မှိတ်ခံနေခြင်း မရှိပါဘူး။ အဲ့ဒီအခါမှာမိဘတွေက တစ်ခုခုလုပ်ပေးပြီး သူတို့ ခံစားနေရတာတွေကို ဖြေဖျောက်ပေးပါတယ်။
အဲ့ဒီလိုပဲ ကျွန်တော်တို့ တွေဟာလည်း အခက်အခဲတစ်ခုခု၊ လိုအပ်ချက်တစ်ခုခုရှိပြီးဆိုလျှင် ဆိုင်ရာ ကိုအသိပေးသင့်တယ်။ လုပ်ငန်းခွင်မှာ အကူအညီတစ်ခုခုလိုနေတာကို အားနာလို့ ၊ကြောက်ရွံ့ လို့ ၊ရှက်လို့ အထက်ကိုအသိမပေးပဲ ကျိတ်လုပ်နေလျှင် တစ်ခုခုဖြစ်မှ ပိုဆိုးသွားနိုင်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်နေတယ်ဆိုလျှင်လည်း ကိုယ်အဆင်မပြေဖြစ်နေလျှင် အကူအညီဘယ်ကနေရနိုင်မလဲဆိုတာကို ရှာဖွေ၊ တောင်းခံသင့်ပါတယ်။

(၈) သူတို့ တွေဟာ မလောကြပါဘူး။

ကလေးငယ်လေးတွေဟာ ၀မ်းလျှားမှောက်ရမယ့်အချိန်မှာမှောက်တယ်၊ ထိုင်ရမယ့်အချိန်မှာထိုင်တယ်။ လမ်းလျှောက်ရမယ့်အချိန်မှာလျှောက်တယ်။ သူတို့ ရဲ့ တိုးတက်မှုကို ပုံမှန် အတိုင်းပဲ သွားလေ့ရှိတယ်။ အဲ့ဒါကို ကျော်သွားတာ။ သူတို့ စိတ်မရှည်ကောင်းစိတ်မရှည်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအဆင့်တွေကိုကျော်ဖြတ်ဖို့ ရာလည်းနည်းမရှိတော့ ပုံမှန်ပဲ စိတ်ရှည်ရှည်နဲ့ တဆင့်ပြီး တဆင့်သွားပါတယ်။
အဲ့ဒီလိုပါပဲ ကျွန်တော်တို့ လူကြီးတွေမှာလည်း အချို့ ကိစ္စတွေမှာ လောလို့ မရတာ၊ နင်းကန်တွန်းလို့ မရတာတွေရှိပါတယ်။ အချို့ ကိစ္စတွေမှာ မိမိတို့ လုပ်နိင်တဲ့ ဘောင်ကျော်လွန်နေတဲ့ အရာတွေရှိပါတယ်။ အဲ့ဒီလို အရာတွေကို နင်းကန်သွာြး့ပီးလောနေ၊ တွန်းနေလည်း စိတ်ပင်ပန်းရုံသာရှိပါမယ်။ ဘာမှထူးလာမှာမဟုတ်ပါဘူး။ အဲ့ဒီအခါမျိုးမှာ မျက်ခြေမပျက်စောင့်ကြည့်နေပြီး စိတ်ရှည်ရှည်နဲ့ သာစောင့်နေဖို့ လိုပါတယ်။

(၉) ကလေးတွေဟာ ရိုးရှင်းသော အချက်လေးတွေနဲ့ လည်း ပျော်အောင်နေတတ်ပါတယ်။

ကလေးငယ်လေးတွေကို မိဘက ကျီစယ်ချောမြှူပေးတာ၊ သီချင်းလေးဆိုပြတာ၊ ခေါင်းလေးသပ်ပေးတာလေးတွေနဲ့ ပျော်အောင်၊ ကျေနပ်အောင်ထားလို့ ရပါတယ်။ အကြီးအကျယ် တစ်ခမ်းတစ်နားလုပ်စရာမလိုပါဘူး။
အဲ့ဒီလိုပဲ ကျွန်တော်တို့ တွေဟာလည်း တစ်ခါတစ်လေရိုးရှင်းသော အရာလေးတွေနဲ့ စိတ်ကိုပျော်ရွှင်အောင်ဖန်တီးလို့ ရပါတယ်။ ငွေတွေ။ကြေးတွေ ပြည့်စုံပြီး အကောင်းစားတွေသုံးနေမှ ပျော်ရွှင်မှု ရှိနေမှာမဟုတ်ပါဘူး။ ရိုးရှင်းသောဘ၀ သီချင်းလေးကို ပြန်ပြီးနားထောင်ကြည့်ကြပါ။
ဒါတွေကတော့ ကလေးလေးတွေကိုကြည့်ပြီး ကိုယ်တွေ ယူတတ်ယင်ရမယ့်သင်ခန်းစာအချို့ ပါ။ ဒီထက်များတာတွေလည်းရှိပါဦးမယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


Written by Ko Hein (Prospect Myanmar and MOSD)

No comments