Header Ads

သူဌေးတကယ်ဖြစ်မယ့် နည်းလမ်း



မဟုတ်ပါဘူး။ လူပြောသူပြောများနေတဲ့ MLM မဟုတ်ပါဘူး။ ကျွန်တော်ပြောပြမယ့် နည်းလမ်းက “ဘာမှမလုပ်ဘဲ ထိုင်နေရုံပဲ တစ်လ သိန်း ၁၀၀ ဆိုလည်းဟုတ်၊ ၂၀၀ ဆိုလည်းဟုတ်” အဲလိုနည်းလမ်း မဟုတ်ဘူး။
ဒါဆို ခေါင်းစဉ် ပြန်ပြောင်းရအောင်..

ခက်ခက်ခဲခဲ နဲ့ သူဌေးဖြစ်မယ့် နည်းလမ်း

အိုကေ.. ဒါဆိုရပြီထင်တယ်။ စလိုက်ရအောင်…

အဆင့် (၁) နည်းလမ်းမှန်သမျှ အကုန်စမ်းသပ်ခြင်း

မလုပ်ဘဲနဲ့တော့ သိနိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့တွေ (၁၀) တန်းအောင်လာကြတယ်။ ရတဲ့ အမှတ်နဲ့ မှီတဲ့ ကျောင်းတက်တယ်၊ ကိုယ်ဘာဝါသနာပါလဲ ကိုယ်ဘာကျွမ်းကျင်လဲ ကိုယ်ဘာလုပ်ရတာပျော်လဲ… မသိလိုက်ဘဲ ဘဝတစ်ခု ကုန်သွားကြတာ အများကြီး။

သူများမပြောပါဘူး။ ကိုယ့်ဘဝကိုယ်ပြောပြမယ်။ ကျွန်တော်ငယ်ငယ်က ကြီးလာရင် ဘာလုပ်မလဲမေးရင် ဆရာဝန်၊ ဝါသနာပါတာက သိပ္ပံနဲ့ အာကသဆိုင်ရာ Cosmology နည်းပညာ၊ ဆယ်တန်းအောင်တော့ ရတဲ့အမှတ်နဲ့ မှီရာ လျှောက်လိုက်တာက ရေကြောင်းသိပ္ပံ၊ ကျလာတာက အီးမေဂျာ၊ လုပ်တဲ့အလုပ်က Digital Marketing.. ကဲ…

ကောင်းပြီ၊ မင်းဘာဖြစ်ချင်လဲ၊ မင်းဘာဝါသနာပါလဲ၊ မင်းဘာလုပ်ရတာပျော်လဲ။ မသိရင် စမ်းသပ်။ ကျွန်တော် Digital Marketing သမားမဖြစ်ခင် ကွန်ပျူတာပြင်ဖူးတယ်၊ ဘလော့ရေးဖူးတယ်၊ Web development လုပ်ဖူးတယ်၊ Design ဆွဲဖူးတယ်၊ Hardware အကြောင်း လေ့လာဖူးတယ်၊ သီချင်းဆိုဖူးတယ်၊ ကဗျာရေးဖူးတယ်၊ တီရှပ်လုပ်ငန်းလုပ်ဖူးတယ်၊ ဈေးရောင်းဖူးတယ်။

စမ်းသပ်ပါ။

“ငါရေးတဲ့ ဒီဆောင်းပါး လူကြိုက်များနိုင်လား” ရေးကြည့်၊ တင်ကြည့်၊ စမ်းသပ်ကြည့်
“ငါရောင်းတဲ့ ဒီပစ္စည်း ဝယ်ပါ့မလား” ရောင်းကြည့်၊ ဈေးကွက်တင်ကြည့်၊ စမ်းသပ်ကြည့်
“ငါ ရေးတဲ့ ဒီ software ပေါက်ပါ့မလား” ရေးကြည့်၊ ဖြန့်ကြည့်၊ စမ်းသပ်ကြည့်…

ဟုတ်ပါ့မလား၊ ကျွန်တော်မတွေးဘူး၊ စမ်းကြည့်တယ် လုပ်ကြည့်တယ်။ ဆောင်းပါးတစ်ပုဒ်ရေးချင်တယ်၊ ဘယ်လို ရေးရင် ကောင်းမလဲ မတွေးဘူး၊ ရေးတယ်။ ကုမ္ပဏီထောင်ချင်တယ်၊ ဘယ်လိုစလုပ်ရင် ကောင်းမလဲ မတွေးဘူး၊ ထောင်ကြည့်တယ်။

ကောင်းပြီ.. ပြီးတော့ရော..

အဆင့် (၂) ပေးပါ…

လူတွေကို မကောင်းဘူးလို့ ကျွန်တော်မပြောဘူးနော်.. ဒါပေမယ့် လူတွေသည် ကိုယ့်ကိုကိုယ်ပဲ ချစ်တယ် (ဟုတ်လား သေချာစဉ်းစားကြည့်) သူတို့ဟာ ခင်ဗျားတို့ ကျွန်တော်တို့လိုပဲ… ကိုယ့်ကိုကိုယ်ပဲ ကြည့်ကြတယ်၊ သူတို့ လိုအပ်နေတယ်၊ သူတို့ တောင်းတနေတယ်၊ သူတို့ကို ခင်ဗျားက ဘယ်လို ကူညီပေးနိုင်မလဲဆိုတာကိုပဲ သူတို့ ကြည့်နေကြတယ်…

ဒီအချက်ကို အသုံးချပါ။

သူတို့လိုချင်တာကို ခင်ဗျား ပေးရင် ခင်ဗျားလိုချင်တာကို သူတို့ပေးလိမ့်မယ်။ ခင်ဗျားရဲ့ ဘဏ်အကောင့်ထဲက ပိုက်ဆံအရေအတွက်ဟာ ခင်ဗျားသူတို့ကို ဘယ်လောက် ဖြည့်ဆည်းပေးနိုင်လဲ ဆိုတဲ့ အချက်နဲ့ တိုက်ရိုက် အချိုးကျတယ်။ ခင်ဗျားလုပ်တဲ့ လုပ်ငန်း အောင်မြင်ချင်လား? သူတို့အတွက် လုပ်ပေးပါ၊ ခင်ဗျားအတွက် ခင်ဗျား မလုပ်နဲ့တော့…

ဒါပေမယ့် လူတွေကို ဖြည့်ဆည်းပေးဖို့က သိပ်ခက်တယ်။ တော်တော်များများက မကောင်းမြင်လိမ့်မယ်၊ အမုန်းတရားတွေနဲ့၊ မျက်ထောင့်နီကြီးနဲ့ ကြည့်တာလဲ ခံရနိုင်တယ်။ သူတို့ကို ဖြည့်ဆည်းပေးနေရင်းနဲ့ စိတ်ညစ်စရာတွေ ချည်းပဲ ကြုံလာရတာလဲ ရှိရဲ့၊ တစ်ခါတစ်လေ ပိုက်ဆံတပြားမှ မရဘဲ အလကား လုပ်ပေးရတာတောင် ရှိနိုင်သေးတယ်။

ဟုတ်ပါ့၊ ကျွန်တော်လဲ လုပ်ပေးခဲ့ရဖူးပါတယ်။

အဓိကအချက်ကတော့ … လူတွေကို ဘယ်လို ဝန်ဆောင်မှုပေးရမလဲ၊ ကျေနပ်အောင် လုပ်ပေးရမလဲဆိုတာကို အရင်စဉ်းစား၊ ပြီးရင် အဲဒီအလုပ်ကိုသာ ကျုံးလုပ်ပေတော့။

ဟုတ်ပါပြီ.. ဘယ်လောက်အထိလဲ…

အဆင့် (၃) “သည်အထိ” လုပ်ပါ…

ဘယ်အထိ လုပ်မှာလဲ? ဆရာဝန်ကြီး လုပ်မယ်၊ ဘယ်လောက်မြင့်တဲ့ ဆရာဝန်အထိ လုပ်မှာလဲ၊ M.B.B.S လား၊ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းတို့လို ပါရဂူအဆင့်လား? စစ်ဗိုလ်ကြီးလုပ်မယ်၊ ဗ.က အဆင့်လား၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အထိလား? ကုမ္ပဏီပိုင်ရှင်ကြီး လုပ်မယ်၊ တော်ရိလျော်ရိ ကုမ္ပဏီပိုင်ရှင်လား၊ Apple CEO လား?

“သည်အထိ” ကို သတ်မှတ်ပါ။ ပြီးရင် အဲဒီကို မရောက်မချင်း မရပ်ပါနဲ့။ အဲဒါဆိုရင် အောက်က အချက် (၂) ချက်ထဲက တစ်ချက်ချက်တော့ ဖြစ်လာမှာပဲ။

(၁) “သည်အထိ” ကို ခင်ဗျားရောက်သွားမယ်၊ ရည်ရွယ်ချက်အောင်မြင်မယ်၊ အတွေ့အကြုံတွေ ရမယ်။
(၂) “သည်အထိ” မရောက်ခင် ခင်ဗျားသေသွားမယ်၊ ရည်ရွယ်ချက်မအောင်မြင်ဘူး၊ အတွေ့အကြုံတွေ ရမယ်။

ဒါပါပဲ။ ဒါမှမဟုတ် တခြားရွေးစရာတစ်ခုတော့ ရှိပါသေးတယ်။

(၃) “သည်အထိ” မရောက်ခင် အစောကြီးကတည်းက ခင်ဗျား လက်လျှော့လိုက်တယ်၊ ရည်ရွယ်ချက် မအောင်မြင်ဘူး၊ အတွေ့အကြုံတွေလဲ မရဘူး။

ကျွန်တော်ရိုးမ မာရသွန် ဝင်ပြေးဖူးတယ်။ ကျွန်တော်က နည်းနည်းဝတယ်၊ အပြင်မှာမြင်ဖူးတဲ့သူတွေ သိပါတယ်။ မာရသွန် 10 km ဆိုတာ ကျွန်တော့်အတွက် အခက်အခဲ စိန်ခေါ်မှု တစ်ခုပဲ။ ကျွန်တော်ပြေးတယ်။ ပန်းဝင်တယ်၊ အတွေ့အကြုံရတယ်၊ ပျော်တယ်။ ကျွန်တော်သာ ဝင်မပြေးခဲ့ရင် မာရသွန်ပြေးတာ ဘယ်လိုပြေးရသလဲဆိုတဲ့ အတွေ့အကြုံမရတော့ဘူး၊ စိန်ခေါ်မှုကို အောင်မြင်လိုက်ရတဲ့ ခံစားချက်လဲ ကျွန်တော်ရမှာမဟုတ်တော့ဘူး။ ဒါပါပဲ။

တစ်ခုခုကို သတ်မှတ်ပါ၊ အဲဒီရောက်တဲ့အထိ လုပ်ပါ။ ဘယ်တော့မှ လက်မလျှော့နဲ့။

“သည်အထိ” မပါတဲ့ “ဆန္ဒ” သည် “အိမ်မက်” သာဖြစ်သည်။
“သည်အထိ” ပါတဲ့ “ဆန္ဒ” မှသာ “ရည်မှန်းချက်” ဖြစ်လေသည်။

အောင်မွန်ချမ်း (Myanmar Leaders)
www.myanmarleaders.com

No comments