Header Ads

ဆင်ခြေတွေပဲ ပေးနေတော့မှာလား



“အလုပ်ထွက်ပြီး ကိုယ်ပိုင်အလုပ်လုပ်ဖို့တော့ ဖြစ်သေးပါဘူး..” တဲ့..

ဒါကတော်တော်များများ ပြောကြတဲ့စကားပါ.. အကြောင်းပြချက်ကလဲ အမျိုးမျိုးရှိတယ်.. မသေချာလို့.. ဝင်ငွေရနေလို့.. အရင်းမရှိလို့.. စသဖြင့်စသဖြင့်.. ဟုတ်ပါပြီ.. တကယ်လို့များ မာ့ခ်ဇူကာဘတ် တစ်ယောက်သာ သေချာတဲ့အချိန်ကို စောင့်နေခဲ့ရင် ကျွန်တော်တို့ အခုသုံးနေတဲ့ Facebook ဆိုတာ ရှိလာမှာတောင် မဟုတ်..

ဟုတ်ကဲ့ပါ.. အောက်မှာ ကျွန်တော် အကြောင်းပြချက်လေးတွေနဲ့ ဖြေရှင်းချက်လေးတွေ ရေးထားပေးပါတယ်.. ကိုယ်ဖြစ်နေတာနဲ့ တိုက်ကြည့်လိုက်ပေါ့.. ကိုယ်ဖြစ်နေတဲ့ အကြောင်းပြချက် ပါခဲ့ရင်.. ငါဘာလုပ်ရမလဲ ဆိုတဲ့ အဖြေ ထွက်လာပါလိမ့်မယ်..

“ငါက ပြီးပြည့်စုံတဲ့ အချိန်ကို စောင့်နေတာ”

ကောင်းပါပြီ။ အမှန်တိုင်းပြောရရင် သေသာသွားမယ်၊ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ ရှိလာမှာမဟုတ်.. ပြီးပြည့်စုံနေပြီဆိုမှတော့လဲ ကိုယ်ပိုင်လုပ်ငန်းတောင် လုပ်နေတော့မှာ မဟုတ်.. စီးပွားရေးလုပ်ငန်းတစ်ခု စလုပ်ဖို့ဆိုတာ “ပြီးပြည့်စုံတဲ့အချိန်” ရောက်မှ စရမှာမဟုတ်ပါဘူး..

“ငါ့ idea က Perfect မဖြစ်သေးလို့”

ဟော.. လာပြန်ပြီ.. Bill Gates တစ်ယောက် Windows ကွန်ပျူတာတွေကို စထွင်တုန်းက ခုကျွန်တော်တို့ သုံးနေတဲ့ Windows 10 ကို တန်းထွင်ခဲ့တာ မဟုတ်ဘူးဗျ.. Idea တစ်ခု ပြီးပြည့်စုံတယ်ဆိုတာ ဘယ်ရှိမလဲဗျာ.. ယိုပေါက်ရှိမှာ သေချာတယ်.. တကယ်လိုအပ်တာက အဲဒီအပေါက်ကို ပိတ်နိုင်မယ့် ဖြေရှင်းနည်းပဲ..

“အမြတ်ရလာဖို့ တော်တော်လေးကြာလိမ့်မယ်”

အင်း.. ခုရေတွင်းတူး ခုရေကြည်သောက်.. ဟုတ်သေးဘူးဗျ.. အချိန်တစ်ခုကတော့ စောင့်ရမှာပေါ့.. အမြန်ဆုံး အောင်မြင်ချင်ရင် အကောင်းဆုံးနည်းကတော့ KFC လုပ်ငန်းစုကြီး တစ်ခုလုံးကို ဝယ်လိုက်ပါ..

“ခု လုပ်နေတဲ့ အလုပ်မှာ ပျော်တယ်”

ခုလက်ရှိ လုပ်နေတဲ့ အလုပ်မှာ ပျော်တယ် ဆိုတာ ကောင်းပါတယ်.. ဒါပေမယ့် တစ်သက်လုံး ဒီတိုင်းပဲ ပြီးသွားတော့မှာလား.. စဉ်းစားနော်.. ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာကို လုပ်မကြည့်ဘဲ သိမှာမဟုတ်…

“ဟိုပြောင်းဒီပြောင်း ပြောင်းရတာ မကြိုက်ဘူး”

ဟုတ်ပါတယ်.. ပြောင်းတယ်ဆိုတာကတော့ ကြောက်စရာတော့ကောင်းတာပေါ့.. ဒါပေမယ့် စဉ်းစားပါဦးဗျာ.. မပြောင်းဘဲ သူများအလုပ်ပဲ လုပ်နေမလား.. ပြောင်းလဲပြီး ကိုယ်ပိုင်အလုပ်လုပ်မလား..?

“ကျရှုံးမှာ ကြောက်တယ်”

သေချာတာပေါ့.. ခင်ဗျားကျရှုံးမှာပဲ.. ကျရှုံးမှာတော့ စိတ်မပူနဲ့.. ဒါပေမယ့်ဗျာ.. အခုလက်ရှိ ကမ္ဘာ့အချမ်းသာဆုံး သူဌေး အယောက် (၁၀၀) ကို ရွေးထုတ်လိုက်ဗျာ.. ကြိုက်တဲ့သူကို လက်နဲ့ထောက်ပြီး သူ့အကြောင်း ဖတ်ကြည့်လိုက်ဗျာ.. အနည်းဆုံး တစ်ကြိမ်တော့ ကျရှုံးခဲ့တာချည်းပဲ.. စီးပွားပျက်တယ်.. ဘဝပျက်တယ်.. တစ်ချို့ ကိုယ့်ကိုကိုယ် သတ်သေဖို့ထိ ကြိုးစားခဲ့ကြဖူးတယ်.. သူတို့ ဒီနေရာကို ရောက်နေကြတာက ပြန်ထခဲ့ကြလို့ပဲ .. ကျရှုံးခြင်းကနေပြီး ခင်ဗျား အင်အားတွေ၊ မခံချင်စိတ်တွေ၊ သင်ခန်းစာတွေ ရနိုင်ပါတယ်ဗျာ.. “ကျွန်တော်က ခင်ဗျား ကျရှုံးမှာ စိတ်မပူဘူး.. ခင်ဗျား ပြန်မထမှာဘဲ ပူတာ”

“ငါ အမှားတွေ လုပ်မိမှာ”

ဟုတ်ပါ့.. အမှားတွေ လုပ်မိမှာ သေချာပါတယ်.. ဒါပေမယ့် တစ်ခုပဲ.. အမှားတွေကို ပြင်ဆင်ရင်းနဲ့ ခင်ဗျား တစ်ခုပြီးတစ်ခု သင်ယူတတ်မြောက်လာမှာပါ..

“ငါ သိသင့်သိထိုက်တာတွေ သင်ဖို့ တော်တော်လေး ခက်မှာ”

တစ်ခါတစ်လေ နည်းနည်းလေး ပိုကြိုးစားလိုက်ရုံနဲ့ လုပ်ငန်းလုပ်ဖို့ လုံလောက်တဲ့ ပညာကို သင်ယူနိုင်ပါတယ်ဗျာ

“ငါ့ စုထားတဲ့ ပိုက်ဆံလေးတွေ ကုန်သွားရင် ဒုက္ခ”

မကုန်သွားအောင် လုပ်ရမှာပေါ့.. ဘောလုံးပွဲလောင်းပစ်လိုက်တာမှ မဟုတ်ဘဲ.. ချဲထိုးလိုက်တာမှ မဟုတ်ဘဲ.. ကိုယ့်ပိုက်ဆံ မကုန်အောင် တွက်ချက်မယ်.. လိုအပ်တဲ့ ပညာရပ်တွေ၊ အချက်အလက်တွေ စုဆောင်းမယ်.. ဈေးကွက်ကို သေချာလေ့လာမယ်ဆိုရင် ကုန်စရာ မရှိပါဘူးဗျာ..

“ရုံးနဲ့အိမ်၊ အိမ်နဲ့ရုံး သွားနေရတာနဲ့ အချိန်မရှိဘူး”

ကျွန်တော်ကိုယ်ချင်းစာပါတယ်.. ဒါပေမယ့် အဓိကက ကိုယ့်မှာ လုပ်ချင်စိတ်ရှိဖို့ပါ.. ထက်သန်တဲ့ လုပ်ချင်စိတ် ရှိတယ်ဆိုရင် လိုအပ်တဲ့ အချိန်ကို ရှာကို ရှာနိုင်ပါလိမ့်မယ်ဗျာ.. (Myanmar Leaders ရပ်တည်လာတာ ၂ နှစ်ရှိပါပြီ.. ကျွန်တော်လဲပဲ ရတဲ့ အချိန်ထဲက ဖဲ့လုပ်နေတာပါ၊ လုပ်ချင်စိတ်သာ ရှိပါစေ၊ အချိန်ရအောင် ရှာနိုင်လာလိမ့်မယ်)

“ကိုယ်ပိုင်အလုပ်လုပ်ဖို့ဆိုတာ ပိုက်ဆံ အများကြီး လိုတယ်”

No lah… ကြည့်မြင်တိုင်မှာ Computer Basic လေးတွေ သင်တဲ့ သင်တန်းအနေနဲ့ စခဲ့ရာက KMD ဖြစ်လာတာ၊ အမေရိကန်မှာ ကိုကာ အရွက်နဲ့ ကိုလာအရွက် ရောပြီး ရေဖျော်ရောင်းရင်း၊ ကိုကာကိုလာ ဖြစ်လာတာ.. ဂျပန်မှာ မူလီတွေ ထုတ်ရောင်းရင်း ဟွန်ဒါ ဖြစ်လာတာ တွေ မေ့နေပြီလား.. တကယ်က ကိုယ်ပိုင်အလုပ်တစ်ခု စဖို့အတွက် idea တစ်ခု၊ ကိုယ်ရည်ကိုယ်သွေး နည်းနည်းနဲ့ တွန်းအားလေးတစ်ချက်ပဲ လိုတာပါ..

“အရမ်းနောက်ကျနေပါပြီ”

Ok.. အသက် (၆၀) မှ ကြက်ကြော်လေး စရောင်း အသက် (၈၀) ကျော်မှ အောင်မြင်ရှာတဲ့ KFC တည်ထောင်သူ Colonel Sanders ကြီးလဲ အားနာပါဦးဗျာ..

အောင်မွန်ချမ်း
www.myanmarleaders.com

No comments