Our Iceberg is Melting (ငါတို့ ရေခဲတုံးကြီး အရည်ပျော်နေပြီ)။
အန္တာတိက တိုက်ကြီးမှာ ပင်ဂွင်း ငှက်အုပ်စု ကြီး တစ်စု ရှိပါတယ်။ အတိအကျ ပြောရယင် ပင်ဂွင်း ၂၆၈ ကောင်ပေါ့။ သူတို့ တွေဟာ ရေခဲတုံးကြီး တစ်တုံးပေါ်မှာ နေနေကြတာ နှစ်နဲ့ ချီ နေပါပြီ။
အဲ့ဒီ ရေခဲတုံးကြီးက သူတို့ ရဲ့ အိမ်၊ သူတို့ ရဲ့  ပျော်ရွှင်စရာ ကမ္ဘာလေးပေါ့။
ပင်ဂွင်း ဖိုးချို
ပင်ဂွင်း ဖိုးချိုက ဒီဇာတ်လမ်းမှာ မင်းသားပေါ့။
ပင်ဂွင်း ဖိုးချိုက တော်တဲ့ အိမ်ထောင်ဦးစီး တစ်ယောက် နဲ့ တော်တဲ့ ၀န်ထမ်းတစ်ယောက်ပေါ့။ ပြီးတော့ သူက စူးစမ်းလေ့လာမှုလည်း အလွန်ကောင်းတယ်။
တစ်နေ့ တော့ ဖိုးချို က သူတို့ ရဲ့  ရေခဲတုံးကြီး အရည်ပျော်နေတာကို သွားတွေ့ လိုက်တယ်။
ဖိုးချိုက အဲ့ဒီအကြောင်းကို သူရဲ့ အပေါင်းအဖော် ပင်ဂွင်းတွေကို သတိပေးဖို့ စဉ်းစားလိုက်တယ်။ ဒါပေမယ့် တစ်ခါက ဖိုးပြောင်ဆိုတဲ့ ပင်ဂွင်းက ရေခဲတုံးအရည်ပျော်နေပြီးဆိုပြီး အလန့် တကြား လျှောက်ပြောမိလို့ အခု သူ့ ကို ပင်ဂွင်းတွေ အားလုံးက အရူးဆိုပြီး သတ်မှတ်ထားကြတာကို သတိရလိုက်တယ်။
ဒါကြောင့် ပင်ဂွင်း ဖိုးချို က ပင်ဂွင်း ဒေါ်အေး နဲ့ သွားတွေ့ ဖို့ ဆုံးဖြတ်လိုက်တယ်။ ပင်ဂွင်း ဒေါ်အေးဆိုတာကတော့ ပင်ဂွင်း ခေါင်းဆောင် ၁၀ ယောက်ထဲ က တစ်ယောက်ပေါ့။
ပင်ဂွင်း ဒေါ်အေးကတော့ ဖိုးချို သူ့ ဆီလာတာက မိသားစု ပြဿနာ တစ်ခုခု ရှို လို့ လာတာလို့ ထင်လိုက်တယ်။
ဒါပေမယ့် သေချာနားထောင်လိုက်တဲ့အခါမှာ မိသားစု ပြဿနာမဟုတ်ပဲ ပင်ဂွင်းအားလုံးနဲ့ သက်ဆိုင်တဲ့ ပြဿနာဆိုတာ သိလိုက်ရတယ်။ အဲ့ဒါနဲ့ ရေခဲတုံးစပျော်နေတဲ့ နေရာကို ခေါ်သွားပြီး ပြခိုင်းလိုက်တယ်။
ဒါနဲ့  ပင်ဂွင်း ဖိုးချိုက ပင်ဂွင်း ဒေါ်အေးကို ရေခဲတွေကွဲပြီး အက်ကြောင်းတွေ၊ ဂူပေါက်တွေ ဖြစ်နေတဲ့ နေရာကို ခေါ်သွားပြလိုက်တယ်။ အဲ့ဒီ အက်ကြောင်းတွေထဲကို ရေတွေ စီးဝင်နေတာတွေ့ ရတယ်။ အခုက နွေရာသီ ဆိုတော့ ရေစီးဝင်နေတာ ကိစ္စမရှိပါဘူး။ ဒါပေမယ့် ဆောင်းရာသီ ရောက်ရင်တွေ အဲ့ဒီ စီးဝင်နေတဲ့ ရေတွေက အေးခဲသွားပြီး ကျယ်ပြန့် လာယင် ဘေးက ရေခဲတုန်းတွေကို ထိုးဖောက် လိုက်ယင် ဘေးက ရေခဲတုန်းတွေ ကွဲထွက်ကုန်လိမ့်မယ်။ (အဲ့ဒါဆိုယင်တော့ ရေခဲတုံးပေါ်မှာ ရှိတဲ့ ဘယ် ပင်ဂွင်းအတွက်မှ မကောင်းတာ အမှန်ပဲ)။
ပင်ဂွင်း ဒေါ်အေးလည်း ပင်ဂွင်း ဖိုးချို တင်ပြတာကို လက်ခံပြီး တခြား ပင်ဂွင်းခေါင်းဆောင်တွေကို ပြောပြဖို့ သဘောတူလိုက်တယ်။ ဒေါ်အေးက တခြား ပင်ဂွင်းခေါင်းဆောင်တွေကို ဆင့်ခေါ်တဲ့အခါမှာ တော့ တခြား ပင်ဂွင်းခေါင်းဆောင်တွေက ပင်ဂွင်း ဒေါ်အေး ဆင့်ခေါ်နေကြဖြစ်တဲ့ ငါး အဝေ မတည့်တဲ့ ကိစ္စ ဖြေရှင်းဖို့ လို့ ထင်လိုက်တယ်။
ဒါပေမယ့် တကယ်တော့ ရေခဲတုံး ကိစ္စ ဖြစ်နေလေရဲ့ ။ တခြား ပင်ဂွင်းခေါင်းဆောင်တွေလဲ ပင်ဂွင်း ဒေါ်အေး စကားကို လက်ခံပြီး ဖိုးချို နဲ့ တွေ ဖို့ ဆုံးဖြတ်လိုက်တယ်။
ပင်ဂွင်း ဖိုးချို က ပင်ဂွင်းခေါင်းဆောင်တွေနဲ့ အစည်းအဝေးမှာ မြင်သာလာအောင် presentation တွေ ဘာတွေနဲ့ တင်ပြတယ်။ သူတို့ ရေခဲတုံးကြီး ပုံစံလုပ်ထားတဲ့ ရေခဲတုံးသေးသေးလေးလဲ ယူလာပြီး ဘယ်နေရာမှာ ဘယ်လို ကွဲနေတယ်ဆိုတာကို ပြတယ်။
ခေါင်းဆောင်တွေထဲက တစ်ယောက်က လွဲပြီး ကျန်တဲ့သူတွေက သိပ်စိတ်ဝင်စားမှု မပြဘူး။ ပိုဆိုးတာကတော့
ပင်ဂွင်းခေါင်းဆောင်တွေထဲက ချမ်းသာပြီး အငြင်းသန်တဲ့ ပင်ဂွင်းနိုနိုပေါ့။
သူကတော့ ပင်ဂွင်း ဖိုးချိုနဲ့ အတိုက်အခံလုပ်တယ်။ ဒါက ဖြစ်နေကြပဲ။ စိတ်ပူစရာ မရှိ စိတ်ပူနေတယ်ဆိုပြီး ပင်ဂွင်း ဖိုးချို ကို အပြစ်တင်လေရဲ့ ။
သူတို့ အငြင်းအခုံ ဖြစ်နေတုန်း ပင်ဂွင်း ဒေါ်အေးက ၀င်ပြောလိုက်တယ်။
“မင်းတို့ အားလုံး စဉ်းစားကြည့်လိုက်စမ်း။ ဒီရေခဲတုံးကြီး တစ်ခုခု ဖြစ်လို့ ငါတို့ ပင်ဂွင်းငယ်တွေ သေကုန်ကြမယ်။ ဒါဆို သူတို့ မိဘတွေ ငါတို့ ဆီလာပြီးမေးကြလိမ့်မယ်။ ဒါက ဘယ်လို ဖြစ်ရတာလဲ။ ကြိုတင်မသိခဲ့ကြဘူးလား ဆိုယင် ငါတို့ ဘယ်လို ဖြေမလဲ”
ပင်ဂွင်း ဒေါ်အေး စကားက ခေါင်းဆောင်အားလုံးကို တိတ်ဆိတ်သွားစေတယ်။ ပြီးတော့ အားလုံးရဲ့  အာရုံ စူးစိုက်မှုကို လည်း ဖမ်းယူလိုက်နိုင်တယ်။
အဲ့ဒီအခါကျမှ ခေါင်းဆောင် တစ်ယောက်က ၀င်အကြံပေးတယ်။ ငါတို့ စုံစမ်း စစ်ဆေးရေး ကော်မတီ ဖွဲ့ မယ်။ ပြီးတော့ ဒီကိစ္စ ကို စစ်ဆေးကြမယ်။
နောက်တစ်ယောက်က ထပ်ဖြည့်ပြောတယ်။ ဖြစ်နိုင်ယင်တော့ ပင်ဂွင်းပြည်သူတွေကို အသိမပေးနဲ့ ဦး။ အားလုံးကြောက်ကုန်ကြလိမ့်မယ်။
ပင်ဂွင်း ဒေါ်အေးက သဘောမတူဘူး။ တကယ်လို့ ဒီကိစ္စက သာမန် ပြဿနာဆိုယင် ပင်ဂွင်းပြည်သူတွေကို အသိ မပေးတာ၊ပေးတာ အရေးမကြီးဘူး။ ဒါပေမယ့် ဒါက သာမန် ပြဿနာ မဟုတ်ဘူး။ ဒါကြောင့် အားလုံးကြိုသိပြီး သတိ ရှိနေဖို့ လိုတယ်။
ပင်ဂွင်း ဒေါ်အေးကတော့ ပင်ဂွင်းထု တွေ့ ဆုံပွဲကြီးလုပ်ပြီး သေချာ ရှင်းပြဖို့ တိုက်တွန်းတယ်။
ပင်ဂွင်း ဖိုးချို ရဲ့ အားမလို အားမရဖြစ်မှုတွေက အဆုံးစွန်ရောက်နေပြီ။ ဒါနဲ့ ခေါင်းဆောင်တွေကို လက်ခံလာအောင် ရှင်းပြနိုင်မယ့် နည်းလမ်းရှာတယ်။ အဲ့ဒီမှာ ဖန်ခွက် တစ်လုံးကို သွားတွေ့ လိုက်တယ်။
ဒါနဲ့ သူတို့ ရှေ့ မှာပဲ အဲဒီ ဖန်ခွက်ထဲ ရေအပြည့်ထည့်ပြီး တစ်ည ထားကြည့်မယ်။ မနက်ဖန် ပြန်လာကြည့်ကြမယ်ဆိုပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်တယ်။
နောက်နေ့ မနက်လာလဲ ကြည့်ရော ဖန်ခွက်က တစစီ ကွဲနေတာကို တွေ့ လိုက်ရတယ်။ အထဲက ရေခဲက အတင်း တွန်းထွက် ထားတဲ့ ပုံပဲ။
အဲ့ဒါကိုတွေ့ လိုက်ရတဲ့ ပင်ဂွင်းခေါင်းဆောင်တွေဟာ ပင်ဂွင်းတွေ အားလုံးကို အစည်းအဝေးတစ်ရပ်ခေါ်ဖို့ သဘောတူ ဆုံးဖြတ်လိုက်ကြတယ်။
ပင်းဂွင်း အစည်းအဝေး အခမ်းအနားကြီး ခြိမ့်ခြိမ့်သဲ စည်ကားတာပေါ့။
အဲ့ဒီ အစည်းအဝေးကြီးမှာ ပင်ဂွင်း ဖိုးချို ရဲ့ ဖန်ခွက် သီအိုရီ အကြောင်းကို တင်ပြတယ်။ ပြီးတော့ အားလုံး မကြောက်ကြဖို့ ဟောပြောတယ်။ မေးစရာ မေးခွန်းတွေ ရှိယင် လာမေးဖို့  အတွက် မှာကြားတယ်။
ပင်ဂွင်း ဖိုးချို ဟာ အောင်မြင်တဲ့ အပြောင်းအလဲ တစ်ခု စတင်ဖို့ ပထမဆုံး အဆင့်ကို ပြီးမြောက် အောင်မြင်သွားပါပြီ။ အဲ့ဒါကတော့
အဆင့် (၁) စောဒက တက်တာတွေကို လျော့ချပြီး အရေးကြီး တယ်ဆိုတာကို အားလုံးလက်ခံလာအောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။
ပင်းဂွင်းတွေ အားလုံးရဲ့ ဥသျှောင် ခေါင်းဆောင်ကြီး ပင်ဂွင်း ဦးလှက အဖွဲ့ တစ်ခု ဖွဲ့ လိုက်တယ်။
အဖွဲ့ ဝင်တွေကတော့
ပင်ဂွင်း မိုးသီး။ ။ ပင်ဂွင်း အလုပ်သမားခေါင်းဆောင်။ ခွန်အားကြီးတယ်။ ရဲရင့်တယ်။ မှန်ကန်တယ်။ အတွေ့ အကြုံများတယ်။ ဒါပေမယ့် ရှေးရိုးနည်းနည်းဆွဲတယ်။ ဥာဏထက် ခွန်အားကို ဦးစားပေး ဖြေရှင်းတတ်တယ်။
ပင်ဂွင်း ဒေါ်အေး။ ။ လက်တွေ့ ကြတယ်။ ဒါပေမယ့် စိတ်ဆတ်တယ်။ ပင်ဂွင်းအားလုံးကို သာတူညီမျှ ဆက်ဆံတယ်။ မှန်တယ်ထင်ယင် ဘယ်သူ့ ကိုမှ မကြောက်ဘူး။
ပင်ဂွင်း ဘူးသီး။ ။ ခန့် ညားတယ်။ စမတ်ကျကျ နေတတ်ထိုင်တတ်တယ်။ ယုံကြည် အားကိုးရတယ်။ ဒါပေမယ့် သိပ်ပြီး ကြိုးစား အားထုတ်ချင်စိတ် မရှိဘူး။
ပင်ဂွင်း ဖိုးချို။ ။ ငယ်ရွယ်တယ်။ တက်ကြွတယ်။ စူးစမ်းလိုစိတ်ပျင်းပျတယ်။ ဒါပေမယ့် နည်းနည်း စိတ်ပူတတ်တယ်။
ပင်ဂွင်း ဦးကင်း။ ။ စဉ်းစားတွေးခေါ်တတ်တယ်။ ဗဟုသုတကြွယ်ဝတယ်။ ဥာဏ်ကို လွှာသုံးတတ်တယ်။ ဒါပေမယ့် တစ်ခါတစ်ရံ အတွေး ခေါင်လွန်းတယ်။
အဖွဲ့ ဝင်တွေ ရွေးချယ်ပြီး သကာလ အဖွဲ့ ဝင်တွေဟာ နေ့ လည်စာ တူတူထွက်စားကြတယ်။ (ပြည်ကြီးငါး လိုက်ဖမ်းကြတာပေါ့)။ ပြီးတော့ သူတို့ ရဲ့ ဘ၀အကြောင်း၊ မျှော်လင့်ချက်တွေ၊ မိသားစု အကြောင်းတွေ အပြန်အလှန် ပြောပြကြတယ်။
အဲဒီအခါမှာ အောင်မြင်တဲ့ အပြောင်းအလဲ တစ်ခု စတင်မယ့် အဆင့် တစ်ခုကို ထပ်ပြီး အောင်မြင်လိုက်ပြန်ပါပြီ။ အဲ့ဒီအဆင့်ကတော့
အဆင့် (၂) အပြောင်းအလဲကို ရင်ဆိုင်နိုင်ဖို့ အတွက် အားလုံးကို တစ်စု တစ်စည်းထဲ ပေါင်းစုနိုင်ခြင်း။
အဖွဲ့ ဝင်တွေ ဟာ ဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ရှာကြတယ်။ အဲဒီထဲက မှ အဖြစ်နိုင်ဆုံး ဒါပေမယ့် ကြောက်စရာ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ သူတို့ လက်ရှိ ရပ်တည်နေတဲ့ ဘ၀ ကို ပြောင်းလဲ ပစ်ဖို့ ပါပဲ။
သူတို့ ဟာ တခြား အောင်အောင် မြင်မြင်ပြောင်းလဲ သွားနိုင်တဲ့ ဘ၀တွေကို လေ့ လာကြတယ်။ အဲ့ဒီထဲကမှ အားလုံး သဘောကျတဲ့ ဘ၀က ပင်လယ်ပျော် ဇင်ယော်ကြီးတွေ ရဲ့ ဘ၀ပဲ။ တစ်နေရာတည်းမှာ အတည်တကျ မနေကြဘူး။ သူတို့ နဲ့ ကိုက်ညီမယ့် နေရာကို အစဉ်အမြဲ ပြောင်းလဲ ရှာဖွေ နေကြတယ်။
အဲ့ဒီအခါ မှာ သူတို့ က နောက်အဆင့် တစ်ခုကို ထပ်ပြီး အောင်မြင်လိုက်ပြန်ပါတယ်။ အဲ့ဒီအဆင့်ကတော့
အဆင့် (၃) အနာဂါတ်အတွက် မျှော်လင့် ချက်ကို ဖန်တီးခြင်း
ခေါင်းဆောင်ကြီး ပင်ဂွင်းဦးလှ က ပင်ဂွင်းထု အစည်းအဝေးကြီး ကို ဒုတိယ အကြိမ် ထပ်ခေါ်လိုက်ပါတယ်။
သူ က ပင်ဂွင်းထုကြီးကို အားတက်ဖွယ် မိန့် ခွန်းပြောတယ်။ ဇင်ယော်ငှက်ကြီးတွေ ရဲ့  အကြောင်းကို ပြောပြတယ်။ သူတို့ ဘ၀က ဘယ်လို ပျော်စရာကောင်းကြောင်း လွတ်လပ်ကြောင်း ပြောပြတယ်။
အားတက်ဖွယ် မိန့် ခွန်း ဖြစ်ပေမယ့် ပင်ဂွင်းထုကြီးကို မဆွဲဆောင်နိုင်ပါဘူး။ တော်တော်များများ က နားမလည်ကြဘူး။ ရှုပ်ထွေးတွေဝေမှုတွေ ရှိနေကြသေးတယ်။
ဒါနဲ့ ပင်ဂွင်းဒေါ်လှက အကြံတစ်ခုပေးလိုက်တယ်။ ပင်ဂွင်းထုကြီးအနေနဲ့  ဒီအရေးကြီးတဲ့အချက်ကို စဉ်ဆက်မပျက် သတိပေးနေဖို့ လိုတယ်ဆိုတာကို သတိထားမိလိုက်ပြီး အဲ့ဒါကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်တယ်။
အဲ့ဒီမှာ နောက်အဆင့် တစ်ခုကို ထပ်ပြီးအောင်မြင်လိုက်ပြန်ပါတယ်။ အဲ့ဒါကတော့
အဆင့် (၄) အနာဂါတ်မျှော်လင့်ချက် အသစ်ကို စတင် အသိပေး ပြောကြားခြင်း
ပင်ဂွင်းဒေါ်လှ ပေးတဲ့ အကြံနဲ့ ပင်ဂွင်း ခေါင်းဆောင်တွေဟာ ပင်ဂွင်းဆက်ဆံရေးပွဲတွေကို နေရာအနှ့ံကျင်းပစေတယ်။ ပင်ဂွင်းတွေကြား ရေခဲတုံး ကိစ္စ အရေးကြီးပုံကို နားလည်လာအောင် စိတ်ပူစရာမလိုအောင် ၀ိုင်းဝန်းပါဝင်လာအောင် နေရာအနှံ့  ဟောပြောပွဲတွေ လုပ်တယ်။ ရလဒ်ကတော့ ပင်ဂွင်းအားလုံး ပါဝင်လာကြတယ်။ ပင်ဂွင်း အများအပြား စေတနာ့ဝန်ထမ်း အနေနဲ့ ဝင်ရောက်ပြီး ရေခဲတုံး အသစ်ကို လိုက်ရှာဖို့ အဖွဲ့ တွေ့ ဖွဲ့ ကြတယ်။
ဒါပေမယ့် အခက်အခဲဆိုတာက ရှိစမြဲပဲ။ အခု ကြုံရတဲ့ အခက်အခဲကတော့ စေတနာဝန်ထမ်း ပင်ဂွင်းတွေ ရေခဲတုံး ရှာတဲ့အချိန်မှာ စားစရာ ငါး ပိုပြီးလိုအပ်တာပဲ။ သူတို့ အနေနဲ့ ဝေးဝေးလံလံရေလည်းကူးရတယ်။ ငါးဖမ်းဖို့ လည်း အချိန်မရှိဘူး။ အဲ့ဒီအတွက် စားစရာ ငါး အလုံအလောက် ရှိဖို့ လိုအပ်လာတယ်။ (ပင်ဂွင်းတွေက သူတို့ ရတဲ့ငါးကို မျှဝေ လေ့မရှိပါဘူး)။
အဲ့ဒီအခါမှာ ပင်ဂွင်းခေါင်းဆောင်တွေက အကြံထုတ်တယ်။ သူတို့ ရတဲ့ အကြံကို အကောင်အထည်ဖော်ဖို့ ပင်ဂွင်းကျောင်းက ဆရာ၊ဆရာမတွေနဲ့ တွေ့ တယ်။ ဆရာ၊ဆရာမတွေကို စေတနာ့ဝန်ထမ်းတွေ အကြောင်းပြောပြတယ်။ သူတို့ တွေဟာ အားလုံးရဲ့ ကယ်တင်ရှင် သူရဲကောင်းတွေ ဖြစ်ကြောင်း ပြောပြတယ်။ သူရဲကောင်းတွေ ရေခဲတုံးသစ် ကောင်းကောင်း ရှာနိုင်အောင် ငါးတွေ လိုအပ်ကြောင်းပြောပြတယ်။
ဆရာ၊ဆရာမတွေက လိုအပ်ချက်ကို နားလည်လိုက်ပြီး ချက်ချင်းပဲ ကျောင်းသူကျောင်းသားတွေကို ပင်ဂွင်းသူရဲကောင်းတွေ အကြောင်းပြောပြတယ်။ ပြီးတော့ ကျောင်းတွေမှာ သူရဲကောင်းဂုဏ်ပြုပွဲ နေ့ တွေ ကျင်းပဖို့ ပြင်ကြတယ်။ ပင်ဂွင်းလေးတွေကလည်း ပွဲဆိုတော့ ပျော်ကြတယ်။
အဲဒီမှာ သူတို့ အားလုံး အဆင့်တစ်ခု ကို ထပ်မံအောင်မြင်လိုက်ပြန်ပါပြီ။ အဲ့ဒါကတော့
အဆင့် (၅) အားလုံး ကို ပါဝင်လာစေပြီး တက်ကြွလာစေခြင်း။
ဒီလိုနဲ့ စေတနာဝန်ထမ်း ပင်ဂွင်းအဖွဲ့  ရေခဲတုံးလိုက်ရှာဖို့ ထွက်ခွါသွားကြတယ်။ အဲ့ဒီအချိန်မှာ ဆရာ၊ဆရာမတွေ ရဲ့  ဦးဆောင်မှုနဲ့ ကျန်ခဲ့တဲ့သူတွေက ပင်ဂွင်းသူရဲကောင်း ပွဲတော် ကို ကျင်းပဖို့ ပြင်ဆင်ကြတယ်။ ပွဲတော်ကျင်းပမယ့် နေ့ က သူရဲကောင်းတွေ ပြန်လာမယ့်နေ့ ပဲ။ ပွဲတော်မှာ ပြိုင်ပွဲတွေ၊ ကပွဲတွေ၊ စတိတ်ရှိုးတွေ၊ ကံစမ်းမဲပွဲတွေပါမယ်။
ဝင်ကြေးကတော့ ပင်ဂွင်းကြီး တစ်ယောက်ကို ငါး နှစ်ကောင်၊ ပင်ဂွင်း ကလေး တစ်ယောက်ကို ငါးတစ်ကောင်နှုန်း။
သူရဲကောင်းအားလုံးပြန်လာကြပြီ။ အားလုံးကြိုဆိုပြီး ပွဲတော်ကြီးကို ပျော်ရွှင်စွာကျင်းပကြတယ်။ (ပင်ဂွင်း နိုနိုကတော့ ပွဲတော်ကို မလာခဲ့ဘူး)။
အဲ့ဒီမှာ နောက်ထပ် အဆင့်တစ်ခုကို ထပ်မံ အောင်မြင်လိုက်ပြန်ပါပြီ။ အဲ့ဒါကတော့
အဆင့် (၆) ရည်တို အောင်မြင်မှု ကို ရရှိလိုက်ခြင်း။
အားလုံး စိတ်ဓါတ်တွေ တက်ကြွကုန်ကြပြီ။ ခေါင်းဆောင်တွေရဲ့ စီစဉ်မှုတွေကိုလည်း ယုံကြည်လာကြပြီး စေတနာ့ဝန်ထမ်း ပင်ဂွင်းတွေများလာကြပါပြီ။ ဒီလိုနဲ့ သူတို့ အတွက် အိမ်အသစ်လို့ ယူဆလို့ ရနိုင်တဲ့ ကွဲနေတာ မရှိတဲ့ ရေခဲတုံးအကြီးကြီးကို တွေ့ ရှိခဲ့ကြပါတယ်။
အခက်အခဲတွေကြားကပဲ ပင်ဂွင်းအားလုံး ရေခဲတုံးအသစ်ကြီးဆီကို ပြောင်းခဲ့ကြတယ်။ လမ်းတစ်လျှောက် အခက်အခဲတွေ တွေ့ ခဲ့ ရပေမယ့် ကောင်းမွန် မယ့်  ဘ၀အတွက် ဇွဲမလျော့ ပဲ ကူးခတ်ခဲ့ကြတယ်။ ဒီလို နဲ့ ရေခဲတုံးအသစ်ကြီးဆီကို ရောက်ခဲ့ပြီ အခြေချ နေထိုင်ခဲ့ကြတယ်။
ဒါပေမယ့် အမြဲသတိရှိလာတတ်ကြပြီ။ ရေခဲတုံး မှာ အက်ကွဲမှုရှာဖွေရေးအဖွဲ့ ၊ ရေခဲတုံး အသစ် ရှာဖွေရေးအဖွဲ့ တွေ ဖွဲ့ ပြီး အမြဲတစေ ရှာဖွေ မှုပြုခဲ့ကြတယ်။ နောက်ထပ် ကောင်းမွန်တဲ့ ရေခဲတုံးတွေ့  ယင် ထပ်ပြီးပြောင်းကြတယ်။
အဲ့ဒီမှာ ပြောင်းလဲမှုကို ရင်ဆိုင်ဖို့ နောက်တစ်ဆင့်ကို အောင်မြင်ခဲ့ကြတယ်။ အဲ့ဒါကတော့
အဆင့် (၇) ဘယ်တော့ မှ လက်မလျော့ ပါနဲ့ ။
အခု အခါမှာ ပင်ဂွင်းတွေသည် နေရာတစ်ခုမှာ အတည်တကျမနေတော့ပဲ သင့်တော်မယ့်နေရာတွေကို အုပ်စုလိုက်ရွေ့ ပြောင်းနေတဲ့ အကျင့် ရှိသွားပါပြီ။
ပင်ဂွင်း ခေါင်းဆောင်ကြီး ပင်ဂွင်း ဦးလှ လည်း အခု အခါ ဘိုးဘိုး ကြီး ဦးလှ ဖြစ်သွားပြီး အခါ အခွင့်သင့်ယင် သင့်သလို ပင်ဂွင်းလေးတွေကို ပြောင်းလဲမှုဖြစ်စဉ်ကို ရင်ဆိုင်နိုင်ဖို့ သူတို့ ဖြတ်ကျော်ခဲ့တဲ့ အဆင့်တွေကို ပုံပြင် တစ်ပုဒ်သဖွယ် ပြောပြောပြတတ်ပါတယ်။
ဒီိလိုနဲ့  ပြောင်းလဲမှုဖြစ်စဉ်ရဲ့  နောက်ဆုံး အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီအဆင့်ကတော့
အဆင့် (၈) လိုအပ်ပါက ဘ၀ သစ်ကို ဖန်တီးပါ။ ကောင်းမွန်သော ပြုပြင်ပြောင်းလဲမှုကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ ခေါင်းမာခြင်း၊ရှေးရိုးစွဲခြင်း တို့ ကို အနိုင်မပေးလိုက်ပါနဲ့ ။
အားလုံးပြန်ခြုံပြီးပြောရယင်တော့ ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ ပြောင်းလဲမှုနောက်ကို လိုက်နိုင်ဖို့  တစ်ခါတစ်ရံ မိမိကိုယ်ကို ပြောင်းလဲ မှု ပြုရပါတယ်။ အဲ့ဒီအခါမှာ ကြုံလာနိုင်တဲ့ အခက်အခဲ များကို ကျော်ဖြတ်ဖို့ ရာ လိုအပ်တဲ့ အဆင့်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အဆင့် (၁) စောဒက တက်တာတွေကို လျော့ချပြီး အရေးကြီး တယ်ဆိုတာကို အားလုံးလက်ခံလာအောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။
အဆင့် (၂) အပြောင်းအလဲကို ရင်ဆိုင်နိုင်ဖို့ အတွက် အားလုံးကို တစ်စု တစ်စည်းထဲ ပေါင်းစုနိုင်ခြင်း။
အဆင့် (၃) အနာဂါတ်အတွက် မျှော်လင့် ချက်ကို ဖန်တီးခြင်း
အဆင့် (၄) အနာဂါတ်မျှော်လင့်ချက် အသစ်ကို စတင် အသိပေး ပြောကြားခြင်း
အဆင့် (၅) အားလုံး ကို ပါဝင်လာစေပြီး တက်ကြွလာစေခြင်း။
အဆင့် (၆) ရည်တို အောင်မြင်မှု ကို ရရှိလိုက်ခြင်း။
အဆင့် (၇) ဘယ်တော့ မှ လက်မလျော့ ပါနဲ့ ။
အဆင့် (၈) လိုအပ်ပါက ဘ၀ သစ်ကို ဖန်တီးပါ။ ကောင်းမွန်သော ပြုပြင်ပြောင်းလဲမှုကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ ခေါင်းမာခြင်း၊ရှေးရိုးစွဲခြင်း တို့ ကို အနိုင်မပေးလိုက်ပါနဲ့ ။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
John Kotter & Holger Rathgeber ရဲ့  Our Iceberg is melting ကို သင့်တော်အောင် ဘာသာ ပြန်ဆိုထားပါတယ်။
Post a Comment