Header Ads
ကျွန်တော် နားလည် မိခဲ့သော ခေါင်းဆောင်မှု အရည်အချင်းများ
ဒီင်္နေ့ leadership ဆောင်းပါးတစ်ခုကို ဖတ်မိပြီး သဘောကျလို့ ကိုးကားပြီးရေးမယ်လုပ်တုန်း အတွေးတစ်ခု ၀င်လာမိတယ်။ Leadership မရေးခင် ကိုယ့်ရဲ့ leadership အပေါ်နားလည်မှုနဲ့  ကိုယ်လက်တွေ့ ကျင့်သုံးခဲ့တဲ့ Leadership အကြောင်းတွေကို ပြန်ပြီး စဉ်းစားမိတယ်။ စဉ်းစားယင်း စဉ်းစားယင်းနဲ့  ရေးစရာလေးတွေ ပေါ်လာတဲ့အတွက် ကျွန်တော် နားလည် မိခဲ့သော ခေါင်းဆောင်မှု အရည်အချင်းများ ဆိုတာလေးကို ရေးဖြစ်သွားတာပါ။
ဒါပေမယ့် ကျွန်တော် တွေ့ ကြုံခဲ့ ရတဲ့ leadership မှားယွင်းမှုတွေ၊ ကျင့်သုံးခဲ့တဲ့ အရာလေးတွေ၊ အနည်း ငယ် နားလည်လာခဲ့တဲ့ သဘောတရားလေးတွေကို မျှဝေချင်တဲ့ သဘောထားသက်သက်ပဲ ဖြစ်ပါတယ် ခင်ဗျာ။
ကျွန်တော် INGO field မှာ လုပ်ခဲ့တဲ့ ၇ နှစ်တာ သက်တမ်း အတွင်း ၂ နှစ်ကျော်လောက် ရောက်တဲ့အခါ မှာ ကိုယ့်ထက်ငယ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ၀င်လာတဲ့အတွက် ကိုယ်က နည်းနည်း စီနီယာနေရာကိုရောက်လာတယ်။ အဲ့ဒီမှာ ပျော်တာပေါ့။ ငါ့ ခိုင်းဖို့ လူရောက်လာပြီ။ ခိုင်းရတော့မယ်။ ဆရာလုပ်ရတော့မယ်ဆိုပြီး စိတ်ကူးတာပေါ့။ စိတ်ကူးတဲ့အတိုင်းလဲ ခိုင်းခဲ့တယ်။ ဆရာလုပ်ခဲ့တယ်။ နားမလည်ပေးခဲ့ဘူး။ ကိုယ့်ကို ကိုယ်လည်း ပြန်ပြီး မသုံးသပ်ခဲ့ပါဘူး။ (အဲ့ဒီအတွက် အားလုံးကို ဒီကပဲ တောင်းပန်လိုက်ပါတယ်)
ဒါပေမယ့် နှစ်အနည်းငယ် ထပ်ကြာလာတဲ့အခါမှာတော့ leadership ဆိုတဲ့အသုံးအနှုန်းခေါင်းထဲ ရောက်လာခဲ့တယ်။ ကျွန်တော့် ရဲ့ ဆရာအရင်းတစ်ယောက်ကလည်း ကျွန်တော့်ကို စတင်ပြီး လမ်းညွှန်ပေးခဲ့ပါတယ်။ မှားနေတာ ရှိယင် ထောက်ပြပေးခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော့် ရာထူးတိုးပြီး  အခြားမြို့ တစ်မြို့ မှာ ရှိတဲ့ ရုံးကို ပြောင်းပြီး အဲ့ဒီ ရုံးမှာ ရှိတဲ့ team တစ်ခုကို တာဝန်ယူဖို့ တာဝန်ပေးခြင်းခဲ့ရတယ်။ ကိုယ့်ရဲ့ leadership အတွက် တကယ့်ကို အစမ်းသပ်ခံရမယ့် ကာလပါပဲ။ ဘာလို့ လဲဆိုတော့ အဲ့ဒီ မှာ အမှားအယွင်း ရှိခဲ့လို့ ကတော့ ကိုယ့်ရဲ့ career ကို ထိခိုက်နိုင်တယ်လေ။ မသွားခင် ကျွန်တော့် ဆရာက ပဲ ၀တ္ထု စာအုပ်လေး တစ်အုပ် ဖတ်ဖို့ ဆိုပြီးပေးလိုက်တယ်။ ဟောင်းလှပါပြီ။ စာအုပ်လေးက။ အခု နာမည်တောင် မေ့သွားပြီ။ ဦးနု လက်ထပ်က ဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်ကို နောက်ခံပြုပြီးရေးထားတာ။ ဇာတ်ကောင် က တပ်ရင်းမှူး အရာရှိတစ်ယောက်။ တစ်အုပ်လုံးက စစ်ပွဲတွေကြီးပဲ။ ဆရာ ဘာလို့ ငါ့ကို ဒီစာအုပ်ဖတ်ခိုင်းလဲ အဲ့ဒီတုန်းက မသိခဲ့ရပါဘူး။ ပြီးအောင် လည်း မဖတ်ဖြစ်ဘူး။ အလုပ် အသစ်မှာ team member အသစ်တွေနဲ့  challenges အသစ်တွေနဲ့ ပေါ့ ။ တော်တ်ာလည်း ရုန်းကန်ခဲ့ရပါတယ်။ မှားခဲ့တာတွေလဲ ရှိခဲ့တယ်။ အောင်မြင်ခဲ့တာတွေလည်း အများကြီးပါပဲ။ အဲ့ဒီအချိန်ကျမှ ဆရာအောင်ထွန်းသက်ရဲ့ leadership စာအုပ် တွေလည်း ၀ယ်ဖတ်ဖြစ်တယ်။ ကျွန်တော့် ဆရာက ရန်ကုန်ကနေ ကျွန်တော့် ရုံးကို လာတိုင်း leadership နဲ့ ပက်သက်တဲ့ ဖတ်စရာလေးတွေ ပေးသွားခဲ့တယ်။ အဲ့ဒီလိုနဲ့  တစ်နှစ်လောက်ကြာတဲ့အခါမှာ leadership ဆိုတာကို နားလည်လာတယ်။ ပြီးတော့ ဆရာပေးခဲ့တဲ့ စာအုပ်လေး ရဲ့ ပေးချင်တဲ့ message ကိုလည်း နားလည်မိလာတယ်။ အဲ့ဒီက နားလည်လာတဲ့ အချက်တွေနဲ့ လဲ တခြား အလုပ်တွေမှာ ဆက်လက် ကျင့်သုံးခဲ့တယ်။ Team တွေကို ဦးဆောင်ခဲ့ပါတယ်။ နောက်ပိုင်းတော့ multi-cultural team တွေကို ပါဦးဆောင်လာနိုင်ခဲ့ပါတယ်။ အခက်အခဲတွေလည်း အသစ်ကြုံခဲ့ရပါတယ်။
ကျွန်တော် နားလည်ခဲ့တဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေကတော့
၁။ အနစ်နာခံဖို့ လိုအပ်ပါတယ်။
Leader ဆိုတာ အစစ အရာရာ အနစ်နာခံရပါမယ်။ ဥပမာ အရမ်း အလုပ်များနေတဲ့အချိန်မှာ ထမင်းတောင် နောက်ဆုံးမှ စားသင့်ယင် စားရမယ်။ ကိုယ့်ရဲ့ လိုအပ်ချက်ကို ဦးစားပေးလို့ မရတော့ပါဘူး။ ကြာသပတေးနေ့ မှာ ရုံးပိတ်ရက်ရှိလို့ သောကြာနေ့ မျိုး ကို ခွင့်ယူချင်ကြတယ်။ leader အနေနဲ့ လည်း ခွင့်ယူချင်မှာပဲ။ ဒါပေမယ့် ကိုယ်ကတော့ ခွင့်ယူမယ်။ team member တွေ ရုံးလာ အလုပ်လုပ်လို့ မရပါဘူး။ အားလုံး ညှိနှိုင်းရမယ်။ leader အနေနဲ့ အနစ်နာခံယင် ခံရပါမယ်။ ဒါက ဥပမာ ပေးတာပါ။ ဒီထက်ကြီးမားတဲ့ အရာတွေ မှာလည်း အနစ်နာခံရပါမယ်။
၂။ စကားများများ ပြောခြင်းထက် များများ နားထောင်ပေးဖို့ လိုအပ်ပါတယ်။
အရမ်းအရေးကြီးပါတယ်။ team member တွေ အနေနဲ့ သူတို့ အခက်အခဲတွေကို ပြောပြ ချင်ကြတယ်။ အဲ့ဒီအခါမှာ သေချာ နားထောင်ပေးဖို့ လိုပါတယ်။ နားထောင်ပေးရုံပဲ မရပါဘူး။ နားလည် ပေးနိုင်ရမယ်။ ဖြေရှင်ပေးနိုင်ရပါမယ်။ ကိုယ်ကကြီးပဲ ပြောလို့ မရပါဘူး။ ဖြေရှင်းတဲ့အခါမှာလည်း သူ့ နေရာမှာ ၀င်ပြီး ကိုယ်ချင်းစာ စိတ်နဲ့ ဖြေရှင်းရပါမယ်။
၃။ team member တွေ အားလုံးကို နားလည်ပေးနိုင်ရပါမယ်။
Team member တွေထဲမှာ ဘယ်သူက ကလေးအငယ် ရှိလို့ ရုံးစောစောပြန်ရတာ၊ ဘယ်သူကတော့ အိမ်ဝေးလို့ မလာနိုင်တာ၊ အဲ့ဒါမျိုးတွေ က အစ နားလည်ပေးဖို့ လိုအပ်ပါတယ်။ နားလည် ရုံတင်မကပါဘူး။ အဲ့ဒီနားလည်ထားတာတွေကို အခြေခံပြီး တာဝန်ပေးတဲ့အခါမှာ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဥပမာ ကလေးအငယ် ရှိတဲ့ team member ကို မနက်စောစော ခဏခဏလာခိုင်းတာမျိုး တွေကို မလုပ်မိအောင် သတိထားရပါမယ်။
ကိုယ့် ရဲ့ team member တွေက တာဝန်တွေကို အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်တဲ့အခါမှာ အသိအမှတ်ပြုပေးပါ။ ကိုယ်ကိုယ်တိုင် အသိအမှတ် ပြုရုံမကပဲ အထက်လူကြီးတွေကိုလည်း အခါအခွင့်သင့်ယင် သင့်သလို ပြောပေးပါ။ ချီးကျူးစကား ဆိုပေးပါ။
ကျွန်တော်ဆို ခဏခဏ ဟာသသဘော ပြောလေ့ ရှိပါတယ်။ တစ်ခု ဆူပြီးယင် ဆယ်ခါ ချီးကျူးစကားပြောမယ် ဆိုပြီး ပြောလေ့ ရှိပါတယ်။ အရမ်းအရေးကြီးပါတယ်။ အသေးစိပ် အကြောင်းအရာလေးတွေက အစ အသိအမှတ်ပြုပေးဖို့ လိုပါတယ်။
၅။ ညီမျှ မှု ရှိပါစေ။
Team member များ အားလုံးအပေါ်မှာ ညီညီမျှမျှ ရှိရပါမယ်။ တစ်ယောက်ကိုတော့ မျက်နှာသာ ပေးပြီး နောက်တစ်ယောက်ကို ဆဲဆိုနေတာမျိုး မဖြစ်ရပါ။
၆။ သူတို့ ရဲ့ နောက်မှာ သင်ရှိနေတယ်ဆိုတာကို အမြဲ ယုံကြည်နေပါစေ။
Leader ကောင်းတစ်ယောက်ဆိုတာ သင့် team member တွေ ကို တိုးတက်လာအောင် လုပ်ဆောင်ပေးရမှာပါ။ သူတို့ အနေနဲ့ ရာထူးရာခံအရရော၊ ကျွမ်းကျင်မှုအရရော တိုးတက်လာဖို့ ကို ကိုယ်က ဦးဆောင် လုပ်ပေးရပါမယ်။ အခွင့်အရေးပေါ်လာတာနဲ့  team member တွေအတွက် အဓိကထား စဉ်းစားပေးရမယ်။
၈။ အမှားကို ၀န်ခံပါ။
သင့်အနေနဲ့ အကောင်းဆုံး လုပ်တဲ့ကြားက တစ်ခါတစ်ရံ ကိုယ့်ရဲ့ team member တွေအပေါ်အမှားလုပ်မိတာ ရှိတတ်ပါတယ်။ အဲ့ဒီအခါမှာလည်း ၀န်ခံ ရမှာ မရှက်ပါနဲ့ ။ မကြောက်ပါနဲ့  ။ တောင်းပန်စရာ ရှိတောင်းပန်လိုက်ပါ။
ဒါတွေကတော့ ကျွန်တော် နားလည်ထားပြီး အခုထိလည်း ကျင့်သုံးနေခဲ့တဲ့ leadership သဘောတရားလေးတွေပါ။ ကျွန်တော့် အနေနဲ့ စာအုပ်တွေ ဖတ်ပြီး ကျင့်သုံးခဲ့တဲ့ Theory တွေလည်း ရှိပါသေးတယ်။ Theory တွေ ဖတ်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျင့်သုံးကြည့်ခဲ့တာတွေပါ။
Leadership style ၃ မျိုးအကြောင်းကြားဖူးကြမှာပါ။ Autocratic leadership ရယ်၊ Democratic leadership ရယ်၊ Laissez-faireLeader ဆိုတဲ့ Leadership ရယ်ဆိုပြီး။
Autocratic ကတော့ leader က အားလုံးချုပ်ကိုင်ထားမယ်။ အမိန့် ပေးမယ်။ team member တွေက အကုန်လိုက်လုပ်ရတာမျိုးပေါ့။
Democratic ကတော့ တစ်ခုခု ဆွေးနွေးယင် team member တွေလည်းပါမယ်။ အားလုံးတိုင်ပင်ကြမယ်။ ဒါပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ leader က ချတာပေါ့။
Laissez-faire ကတော့ team member တွေကို အားလုံးဆုံးဖြတ်ခိုင်းမယ်။ ဒါပေမယ့် team member တွေ ဆုံးဖြတ်လိုက်လို့ မှားသွားယင်တော့ leader က တာဝန်ယူရတာပေါ့။
အငြင်းအခုံတွေလည်း အများကြီးပါ။ ဘယ် စတိုင်ကတော့ ကောင်းတယ်။ ဘယ် စတိုင်ကတော့ မကောင်းဘူးပေါ့။
ကျွန်တော့် အနေနဲ့ ကတော့ အချိန်အခါ၊ အခြေအနေကို လိုက်ပြီး အဲ့ဒီ ၃ မျိုးစလုံးကို သင့်တော်အောင် အသုံးပြုပါတယ်။
Autocratic leadership မျိုးကိုဘယ်လို အချိန်မှာ သုံးလဲဆိုတော့ Quality နဲ့ သက်ဆိုင်လာယင် သုံးသင့်သုံးရပါတယ်။ ကျွန်တော့် အနေနဲ့ ဆိုယင်တော့ mobile clinic တစ်ခုကို ပိုးသတ်တဲ့ အချိန်မှာ team member တွေ အပေါ်ညှာလို့ မရတော့ပါဘူး။ Quality ကို စိတ်ချရအောင် Autocratic leadership သုံးယင် သုံးရတော့မယ်။ ပိုးသတ်တဲ့အချိန် မိနစ် ၂၀ ထားမယ် ဆိုယင် မိနစ် ၂၀ အတိ ထားရမယ်။ လျော့လို့ မရဘူး။ မဟုတ်ယင် လူနာတွေ ဒုက္ခရောက်မှာပေါ့။ အဲ့လိုမျိုးပဲ ငွေရေးကြေးရေးနဲ့ ပက်သက်လာတဲ့အခါ မှာ Autocratic leadership ကို သုံးရပါတယ်။ အပျောက်အရှမရှိအောင်၊ အမှားအယွင်းမရှိအောင် ပါ။
Democratic leadership ကို ကျတော့ ဘယ်မှာသုံးလဲဆိုတော့ အချိန်တော်တော်များများ မှာသုံးပါတယ်။ ခေါင်း တစ်လုံးနဲ့ စဉ်းစားတာထက် အများကြီးနဲ့ စဉ်းစားတာ ပိုပြီး ထိရောက်တာကိုး။ ဥပမာ အခမ်းအနား တစ်ခု လုပ်မယ်ဆိုယင် ဘယ်မှာ လုပ်မလဲ။ အကြံဥာဏ်တွေ ရယူတယ်။တိုင်ပင်ကြတယ်။ အားလုံးသဘောတူတဲ့ နေရာကိုရွေးတယ်။ ဒါပေမယ့် အဲ့လို ရွေးဖို့ အတွက် leader ဆီမှာတော့ ရွေးချယ်ရတဲ့ အကြောင်းအရာတွေ ရှိဖို့ လိုတယ်။ အားလုံးသဘောတူလို့ ရွေးလိုက်တာထက် အခြေအနေအားလုံးနဲ့ အဆင်ပြေလို့ ရွေးလိုက်တာမျိုးဖြစ်သင့်ပါတယ်။
Laissez-faire ကိုတော့ team member တွေ အရည်အချင်း၊ အတွေ့ အကြုံ၊ ဆုံးဖြတ်မှုတွေ တိုးတက်ဖို့ အတွက် ဆိုယင် သုံးပါတယ်။ တော်တော်များများ တာဝန်တွေကို လွှဲပေးတာပေါ့။ ဒါပေမယ့် လွှဲပေးပြီးယင် ပြီးပြီလို့ ပြောလို့ မရပါဘူး။ သူတို့ နဲ တူတူ တွဲလုပ်ဖို့ လိုပါတယ်။ တစ်ခါတစ်ရံ သူတို့ ကို ဦးဆောင်ခိုင်းမယ်။ ကိုယ်က သူတို့ ခိုင်းတာလိုက်လုပ်သင့် လုပ်မယ်။ နောက်တစ်ခု အရေးကြီးတာကတော့ သူတို့ ဆုံးဖြတ်ချက် မှားခဲ့လို့ ရှိယင် မိမိကပါ ၀င်ပြီးတာဝန်ယူပေးရပါမယ်။ အဲ့ဒီအတွက် တာဝန်မပေးခင် သိဖို့ က တာဝန်ပေးခံရမယ့်သူအနေနဲ့ ပေးမယ့် တာဝန်ကို လုပ်နိုင်တဲ့ အခြေအနေရှိရဲ့  လား အယင် လေ့လာရပါမယ်။ မရှိပါက ဘယ်လို ရှိအောင် လုပ်ပေးမလဲ စဉ်းစားပေးရမယ်။ ပံ့ပိုးပေးရမယ်။ ဥပမာ ကားမမောင်းတတ်တဲ့သူ ကို ကားမောင်းခိုင်းလို့ ဘယ်ဖြစ်မလဲ။ တိုက်ယင် ကိုယ်တာဝန်ယူမယ်လို့ လည်း လုပ်လို့ မရဘူးလေ။
အရေးအကြီးဆုံးကတော့ Leadership role ဆိုတာ အတင်း လုပ်ယူလို့ မရပါဘူး။ မိမိ လုပ်ဆောင်မှု ပေါ်မူတည်ပြီး ဖြစ်ပေါ်လာတာပါ။ အချို့ အချို့ သော သူတွေက ရာထူးတစ်ခု ရလာခဲ့လို့ ရှိယင် ကိုယ့်ရဲ့ Role ကို အတင်းဆွဲတင်တာတွေ တွေ့ ခဲ့ရဖူးပါတယ်။ အစမှာကောင်းနိုင်ပေမယ့် ရေရှည်မှာ နာမည်ကောင်း မကျန်နိုင်ပါဘူး။  အဲ့ဒီအခါ ဆိုယင်တော့ Leader ကောင်းတစ်ယောက်လဲ မဖြစ်လာနိုင်ပါဘူး။
ကဲ…ရေးတာလည်း တော်တော်များသွားပြီ။ ဒါတွေကတော့ ကျွန်တော် တွေ့ ကြုံခဲ့ရတဲ့ ခေါင်းဆောင်မှုဆိုင်ရာ အတွေ့ အကြုံတွေပဲဖြစ်ပါတယ်။ နောက်နေ့ မှ LinkedIn က နာမည်ကြီးတဲ့ ခေါင်းဆောင်မှုအခြေခံအကြောင်းလေးတွေကို ဘာသာပြန်ပါဦးမယ်။
ဒီဆောင်းပါးလေးကနေပဲ ကျွန်တော်ကို ဒီလို ကိုယ်တွေ့  leadership ဆောင်းပါလေးတစ်ခု ရေးတတ်ဖို့ leadership အတွေ့ အကြုံ ကောင်းတွေ ရရှိအောင် အတွက် အမြဲတစေသင်ကြား ပံ့ပိုးပေးခဲ့တဲ့ ကျွန်တော့်ရဲ့ ဆရာသမား အားလုံးကို အရိုအသေပြုလိုက်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
No comments