သင့်စီးပွားရေးလုပ်ငန်းအတွက် မွေးမြူသင့်တဲ့ စိတ်ထားများ
လူတစ်ဦးနဲ့ တစ်ဦး အတွေ့အကြုံတွေ၊ အရည်အချင်းတွေတူညီနေပါလျက် အောင်မြင်မှုပမာဏတွေ ဘာကြောင့်မတူညီလဲဆိုတဲ့ မေးခွန်းမျိုး မေးခဲ့ဖူးကြပါလိမ့်မယ်.။ အဓိကကတော့ အမူအကျင့်တွေ၊ စိတ်ထားတွေနဲ့ တခြား အလေ့အကျင့်ကောင်းတွေ ရှိခြင်းမရှိခြင်းဟာ အောင်မြင်မှုကို ဆုံးဖြတ်ရာမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေတာတွေ့ရပါတယ်.။ ဒါကြောင့် အောင်မြင်သူတစ်ယောက်ဖြစ်လာဖို့ အောက်ပါအချက်တွေကို ဂရုစိုက်ပေးသင့်ပါတယ်.။
(1) ကြောက်ရွံ့မှုကို မရွေးပါနဲ့.။ တွန်းအားကို ရွေးချယ်ပါ.။
အောင်မြင်မှုရဖို့အတွက် တွန်းအားရှိဖို့လိုပါတယ်.။ တွန်းအားရှိဖို့ တစ်ခါတစ်ရံမှာ အန္တရာယ်ရှိတဲ့ ဆုံးဖြတ်ချက်တွေချပေးဖို့ လိုပါတယ်.။ ဆုံးဖြတ်ချက်မှားယွင်းသွားလို့ ဆုံးရှုံးမှုတွေရှိလာသည်ဖြစ်စေ၊ ဆုံးဖြတ်ချက်မှန်ကန်လို့ အောင်မြင်သွားသည်ဖြစ်စေ၊ တိုးတက်မှုကတော့ ရှိလာမှာပါပဲ.။
တိုးတက်လာခြင်းကပဲ သင့်အတွက် အောင်မြင်မှုတစ်ခုဖြစ်ပါတယ်.။ တစ်ခါမှားဖူးရင် နောက်တစ်ခါမမှားတော့ပါဘူး.။ ဒါကြောင့် မကြောက်ဖို့လိုပါတယ်.။
(2) ကိုယ့်ကိုကိုယ် ယုံကြည်ပါ.။
စိတ်ဓာတ်ဟာ အရေးကြီးဆုံးပါပဲ.။ မကောင်းမြင်စိတ်ဟာ ကျရှုံးမှုကို ဦးတည်စေနိုင်သလို အကောင်းမြင်စိတ်ဟာ အောင်မြင်မှုရဲ့ သော့ချက်ဖြစ်နိုင်ပါတယ်.။ ဒါကြောင့် ကိုယ့်ကိုကိုယ် အကောင်းမြင်ပါ.။ ကိုယ့်ကိုကိုယ် ယုံကြည်ပါ.။
အောင်မြင်မှုဆိုတာ ဖန်တီးယူရတဲ့အရာဖြစ်ပါတယ်.။ သူ့အလိုလိုဖြစ်လာတဲ့အရာ မဟုတ်ပါဘူး.။ ကိုယ့်ကိုကိုယ်ယုံကြည်ခြင်းအားဖြင့် သင်ဟာ ဘာမှမလုပ်ရသေးခင် အောင်မြင်သူတစ်ဦးဖြစ်နေပါပြီ.။ အခက်အခဲတွေနဲ့ ကြုံလာရင်တောင် ကျော်လွှားနိုင်စွမ်း ရှိနေပြီဖြစ်ပါတယ်.။
(3) ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်ပါ.။
သင့်ဘေးမှာ ဘယ်သူတွေရှိနေသလဲဆိုတဲ့အချက်ဟာ အောင်မြင်မှုရရှိဖို့ အရေးကြီးတဲ့အချက်တွေထဲက တစ်ခုဖြစ်ပါတယ်.။ မကောင်းတဲ့ပတ်ဝန်းကျင်ဟာ သင့်ကို နောက်ပြန်ရောက်အောင် ဆွဲချမှာဖြစ်ပါတယ်.။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကတော့ သင့်ကို အမြင့်ရောက်အောင် တွန်းပို့မှာပါ.။
သင့်အနာဂါတ်တက်လမ်းကို ပိတ်ပင်တဲ့ ကုမ္ပဏီမျိုးမှာ အလုပ်လုပ်နေမိပြီဆိုတာ သဘောပေါက်လာပြီဆိုရင် ပြောင်းလဲနိုင်တဲ့သတ္တိ ရှိရပါမယ်.။ သူဋ္ဌေးမကောင်းဘူးဆိုရင် ကုမ္ပဏီပြောင်းရပါမယ်.။ သင်က သူဋ္ဌေးဆိုရင်တော့ သင့်ကုမ္ပဏီတွင်းက မကောင်းတဲ့သူတွေကို ရှင်းထုတ်ပစ်ရပါမယ်.။
"ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်" ဆိုတဲ့ စကားပုံလိုပါပဲ.။ တစ်ဦးတစ်ယောက်သောသူကြောင့် အဖွဲ့အစည်းတစ်ခုလုံးပျက်စီးနိုင်တယ် ဆိုတာ သတိရပါ.။
(4) ပန်းတိုင်ကို သင်ကိုယ်တိုင်ရွေးချယ်ပါ.။
သင့်ရဲ့ စီးပွားရေးလုပ်ငန်းဟာ ဘယ်ကိုဦးတည်နေတယ်ဆိုတာ သင်သိလာပြီဆိုရင် ဒါဟာ အခြေအနေ အရပ်ရပ်ကြောင့်ဖြစ်နိုင်ပါတယ်.။ ဥပမာ - သင့်လုပ်ငန်းက တစ်လမှာ ၅ သိန်းဝင်ငွေရနေတယ်ဆိုရင် ဒီတိုင်းသွားရင် ရှေ့လမှာလဲ ၅ သိန်းရမယ်ဆိုတာ သင်သိပြီးသားကိစ္စဖြစ်ပါတယ်.။ ရှေ့လမှာ ၈ သိန်းအထိ တိုးလာရမယ်လို့ သတ်မှတ်တာကတော့ သင်ကိုယ်တိုင်ရွေးချယ်လိုက်တဲ့ ပန်းတိုင်ဖြစ်ပါတယ်.။
သင်ကိုယ်တိုင်ရွေးချယ်ထားတဲ့ ပန်းတိုင်ကို ရောက်ရှိအောင် စွမ်းဆောင်နိုင်ခြင်းဟာ ချိုမြိန်ရုံသာမက နောက်ထပ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့လဲ အားအင်တွေရရှိစေပါတယ်.။
(5) ရည်ရွယ်ချက် နဲ့ အမြင် ရှိပါစေ.။
ရည်ရွယ်ချက် ရှိခြင်းဟာ ပန်းတိုင်ကို ထင်ရှားစေပါတယ်.။ သင်ဘာကြောင့် ပိုက်ဆံတွေရှာနေပါသလဲ.။ ချမ်းသာချင်လို့လား.။ လူတွေကိုကူညီချင်လို့လား.။ မိဘကို ပြန်လုပ်ကျွေးချင်လို့လား.။ ဒါမှမဟုတ် တစ်ဦးတစ်ယောက်ထက်သာချင်လို့လား.။ ရည်ရွယ်ချက်မရှိတဲ့အခါ ဘာလုပ်ရမလဲဆိုတဲ့ ပန်းတိုင်ကို မမြင်တတ်ပါဘူး.။ တကယ်လို့ သင်ဟာ တစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် အခုရှိနေတဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ ပိုင်ဆိုင်မှုထက် ပိုသာရမယ်ဆိုတဲ့ ပန်းတိုင်ရှိလာမှာဖြစ်ပါတယ်.။ ပန်းတိုင်ရှိလာတာနဲ့အမျှ ဘယ်လိုရောက်အောင်သွားရမလဲ ဆိုတဲ့ အမြင်လဲ ရှိလာမှာဖြစ်ပါတယ်.။
ရည်ရွယ်ချက်တစ်ခုခု ရှိနေပြီဆိုရင် လက်နဲ့ချရေးထားလိုက်ပါ.။ လက်နဲ့ရေးထားတဲ့ ရည်ရွယ်ချက်တွေဟာ ရောက်အောင်သွားဖို့ပိုလွယ်ပါတယ်.။ သင့်ခေါင်းထဲမှာပဲ သိမ်းထားမယ်ဆိုရင်တော့ ရည်ရွယ်ချက် ဆိုတာထက် ဆန္ဒ တွေဖြစ်သွားပါလိမ့်မယ်.။
(6) စိန်ခေါ်မှုတွေကို လက်ခံပါ.။
တောင်တက်လမ်းတွေဟာ တစ်ခါတစ်လေ ရှာရလွယ်သလို တစ်ခါတစ်လေ ရှာတွေ့ဖို့ခက်ခဲပါတယ်.။ ဒီလိုပါပဲ.။ စီးပွားရေးတစ်ခုလုပ်တဲ့အခါ တောင်တစ်လုံးပေါ်တက်ရသလို အခက်အခဲတွေ ရှိနိုင်ပါတယ်.။
စိန်ခေါ်မှု ဆိုတာ သင့်ကို တိုးတက်အောင်လုပ်ပေးတဲ့ အရာတွေဖြစ်ပါတယ်.။ စိန်ခေါ်မှုတိုင်းဟာ သင့်ရဲ့ အရည်အသွေးတိုးတက်ခြင်းကို မှတ်ကျောက်တင်ပေးတဲ့အရာများဖြစ်သလို အခွင့်အလမ်းအသစ်တွေကိုလဲ ဖန်တီးပေးတဲ့အရာများ ဖြစ်ပါတယ်.။
(7) ဆုံးဖြတ်ချက်မှန်ကန်ပါစေ.။
သင့်မှာ ရွေးချယ်ခွင့်တွေ အမြဲရှိပါတယ်.။ နက်နက်နဲနဲ နဲ့ သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးမှ လုပ်ပါ.။ ကိစ္စတိုင်းကို မျက်တောင်မွှေးတစ်ဆုံးမကြည့်ဘဲ မျက်စိတစ်ဆုံးကြည့်ပြီးမှ ခြေလှမ်းတိုင်းကို လှမ်းပါ.။
ဘယ်သူက ဘယ်ကိစ္စကို အကျွမ်းကျင်ဆုံးလဲ၊ ဘယ်လိုချဉ်းကပ်မှုမျိုး၊ ဘယ်လိုလူမျိုးက သင့်အတွက် အကောင်းဆုံးဖြစ်မလဲ၊ ဘယ်လိုအချိန်မျိုးမှာ ဘယ်လိုပြောင်းလဲခြင်းမျိုးက အောင်မြင်မှုနဲ့ အနီးဆုံးကို ရောက်မလဲဆိုတဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ပါစေ.။
(8) အဆိုးတွေဖြစ်လာရင် ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါ.။
ဘယ်လိုလမ်းကြောင်းမျိုးကမှ အောင်မြင်မှုရဖို့အတွက် တိကျသေချာတဲ့ အာမခံချက်မပေးနိုင်ပါဘူး.။ ဆုံးရှုံးမှုတွေ ဖြစ်လာမှာကို ကြောက်နေမယ်ဆိုရင် သင့်ရဲ့ အောင်မြင်မှုကို သင်ကိုယ်တိုင် ကန့်သတ်ထားသလိုဖြစ်နေပြီး သင်ဟာ မဆုံးရှုံးနိုင်လောက်ဘူးဆိုတဲ့ နေရာလေးမှာပဲ ကျေနပ်နေမှာဖြစ်ပါတယ်.။
ဆုံးရှုံးမှာကြောက်နေရင် အောင်မြင်သင့်သလောက် အောင်မြင်မှာမဟုတ်ပါဘူး.။
(9) ဝါသနာပါရာကို ရွေးချယ်ပါ.။
ဝါသနာပါတာရယ် မဟုတ်ပါဘူး.။ သင်ချစ်တဲ့အလုပ်ကို ရွေးချယ်ပါလို့ ပြောတာပါ.။ သင်ချစ်တဲ့အလုပ်ကို လုပ်နေရတဲ့အတွက် သင်အလုပ်မှာ ပျော်ပါမယ်.။ သင့်ရဲ့ အချိန်တွေ၊ စဉ်းစားဥာဏ်တွေ အားလုံးကို အသုံးပြုပါမယ်.။ ဒီအခါ အောင်မြင်မှုရဖို့ ပိုပြီးနီးစပ်လာပြီ ဖြစ်ပါတယ်.။
သင့်လုပ်ငန်းမှာ လိုအပ်သမျှအရာအားလုံးကို ချစ်ဖို့ကြိုးစားကြည့်ပါ.။ လုပ်ကြည့်ပါ.။ အဲလိုလုပ်ခြင်းဟာ တခြား သင့်လုပ်ငန်းနဲ့ပတ်သက်တဲ့ သူတွေအပေါ် ကောင်းကျိုးရှိလား ဆန်းစစ်ပါ.။
သင့်လုပ်ငန်းကို ချစ်ခြင်းဟာ သင့်ကို ဘယ်သူမှ နောက်ကိုပြန်ဆွဲမထားနိုင်တဲ့ အကြောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်.။
(10) ကိုယ့်ကိုကိုယ် ကျေနပ်ပါ.။
သင့်ဘဝနဲ့ သင်ရွေးချယ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းကို သင်အလိုမကျဖြစ်နေပြီဆိုရင်တော့ အောင်မြင်မှုဆီသွားရာလမ်းမှာ အတားအဆီးတစ်ခုရှိနေပြီဖြစ်ပါတယ်.။ သင်ဖန်တီးထားသမျှ၊ သင်လုပ်ထားသမျှ၊ သင်တည်ဆောက်ခဲ့သမျှကို ကျေနပ်မှုရှိပါစေ.။
သင့်မှာ ဒီအကျင့်လေးရှိလာပြီဆိုရင် သေးငယ်တဲ့ကိစ္စတွေမှာ ခံစားနေတာတွေ၊ စောဒကတက်နေတာတွေ မရှိတော့ပါဘူး.။ ပိုပြီးကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးတွေပဲ ကျန်နေမှာဖြစ်ပါတယ်.။
သင့်အနားမှာ ရှိနေသူတွေ၊ သင့်ရဲ့ Customer တွေ၊ ဆရာသမားတွေ၊ မိတ်ဆွေသူငယ်ချင်း ချစ်သူခင်သူတွေနဲ့ အားလုံးကို ကျေးဇူးတင်ပါ.။ သင်ပေးတဲ့စာတိုင်း၊ လက်ဆောင်တိုင်းမှာ ကျေးဇူးတင်ကြောင်း ဖော်ပြပါ.။ ထိတွေ့ဆက်ဆံပေးပါ.။ သူတို့ဟာ သင့်အတွက် လက်ဆောင်တွေဖြစ်ကြောင်း စိတ်ထဲမှာ စွဲထင်နေပါစေ.။
ဒီအကျင့်လေးတွေကို မွေးမြူပေးမယ်ဆိုရင်တော့ အောင်မြင်မှုတွေဟာ သင့်ဆီကိုရောက်လာဖို့ မကြာတော့ပါဘူး.။ သင့်အတွက် လမ်းပြပေးနိုင်ရုံသာမက သက်တောင့်သက်သာရှိမှုနဲ့ အဆင်ပြေမှုတွေအတွက်ပါ အသုံးဝင်နိုင်မှာ ဖြစ်ပါတယ်.။
Written by: အောင်မွန်ချမ်း
www.myanmarleaders.com

Post a Comment