ကျောင်းပြီးခါစ၊အလုပ်ရှာနေသောလူငယ်များအတွက် LinkedIn အသုံးပြုပုံ
Photo from LinkedIn
ဒီနေ့ တော့ social media တစ်ခု ဖြစ်တဲ့ LinkedIn အကြောင်းကို ပြောပြချင်ပါတယ်။ အခုနောက်ပိုင်း မြန်မာပြည်မှာလည်း တော်တော် ခေတ်စားလာပါပြီ။ ကျွန်တော် LinkedIn ကို စတင်ပြီး သိကျွမ်းခဲ့တာက ၂၀၁၃ အစောပိုင်းလောက်တုန်းကပေါ့။ အလုပ်အတွက် အင်တာဗျူး ခေါ်တဲ့ email မှာ ကိုယ့်ကို အင်တာဗျူးမယ့်သူတွေ နာမည်ဖော်ပြထားတယ်။ အဲ့ဒါနဲ့ သူတို့ နာမည်တွေကို google ကြည့်တော့ သူတို့ ရဲ့  LinkedIn page တွေ ပေါ်လာတယ်။ အဲ့ဒီမှာ ၀င်ကြည့်တော့ တစ်ယောက်ရဲ့  Profile က ကိုယ့်မှာလည်း Linkedin account ရှိမှ ကြည့်လို့ ရမယ်ဆိုတာနဲ့ account လုပ်လိုက်ရာကနေ LinkedIn နဲ့ စပြီး သိကျွမ်း ရင်းနှီးလာခဲ့တယ်။
ဒီနေ့ တော့ ကျောင်းသားလူငယ်တွေနဲ့ အလုပ်ခွင်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေအတွက် မိမိရဲ့  LinkedIn account ကို ဘယ်လိုမျိုး လူစိတ်ဝင်စားအောင် လုပ်မလဲ၊ အလုပ်ရှင်တွေ လာကြည့်အောင် ဘယ်လို လုပ်မလဲ ဆိုတာကို ပြောပြချင်ပါတယ်။ တစ်ခါတစ်ရံမှာ LinkedIn ဆိုတာ အလုပ်အကိုင်ရှိတဲ့သူ၊ experience တွေ အများကြီး ရှိတဲ့သူပဲ သုံးရတယ်လို့ မှတ်ယူကြတယ်။ တကယ်တော့ LinkedIn က သုံးတတ်ယင် သုံးတတ်သလို မိမိကိုယ်ကို promotion လုပ်တဲ့နေရာပါပဲ။ အလုပ်ရှာနေတဲ့သူတွေ အတွက်လည်း ရှာလို့ ကောင်းတဲ့နေရာပါပဲ။ တစ်ခါတစ်ရံ တချို့  အပြင် အလုပ်အကိုင်ရှာဖွေရေးတွေမှာ မတွေ့ ရတတ်တဲ့ company ကြီးတွေရဲ့ အလုပ်ခေါ်စာတွေကို LinkedIn မှာ တွေ့ ရတတ်ပါတယ်။ အခုနောက်ပိုင်း မှာဆိုယင် အလုပ်လျှောက်ရာမှာ CV တောင် တင်စရာမလို ပဲ ကိုယ့်ရဲ့  LinkedIn ကို တင်လိုက်ရုံပါပဲ။ အဲ့လောက်ထိကို LinkedIn က အရေးပါ လာပါပြီ။ ဒါပေမယ့် မေးစရာ ရှိလာပါတယ်။ ကိုယ့်မှာ မှ experience ကောင်းကောင်း ပြစရာ မရှိတာ။ ဘာတွေ သွားရေးရမှာလဲ ဆိုပြီး မေးလာနိုင်ပါတယ်။
အဲ့ဒီအတွက် ကျောင်းပြီးစ အလုပ်ရှာနေတဲ့ ညီငယ် ညီမငယ်တွေ၊ အလုပ်အတွေ့ အကြုံ အနည်းငယ်သာ ရှိသော ညီငယ်ညီမငယ်တွေအတွက် မိမိ LinkedIn account ကို လူစိတ်ဝင်စား အောင် ဘယ်လို လုပ်သင့်သလဲ ဆိုတာကို ရေးလိုက်ပါတယ်။
၁။ လိုက်လျော ညီထွေရှိသော profile picture ကို တင်ပါ။
LinkedIn account တော်တော်များများမှာ Profile picture တင်ထားတာ မတွေ့ ရှိရပါဘူး။ စစ်တမ်းတွေ အရ Profile picture တင်သော LinkedIn account တွေ က Profile picture မရှိသော account တွေထက် ၁၄ ဆ ပိုမိုပြီး လူကြည့်များတာကိုတွေ့ ရှိရပါတယ်။
ဒါပေမယ့် ဓါတ်ပုံတင်မယ်ဆိုယင် တင်သင့်တဲ့ပုံကတော့ အရည်အသွေးရုပ်ထွက်ကောင်းပြီး professionally သေသပ်စွာ ၀တ်ဆင် ရိုက်ကူးထားတဲ့ ပုံမျိုးဖြစ်ရပါမယ်။ နေကာမျက်မှန်ကြီးတက်ထားတဲ့ ပုံမျိုး၊ ရေကူးကန်ထဲမှာ ရိုက်ထားတဲ့ ပုံမျိုး မတင်သင့်ပါ။ ကာတွန်းပုံလေးများ၊ ရှုခင်းပုံလေးများလည်း မတင်သင့်ပါ။ အဲ့လိုတင်ချင်ယင် အခြား social media တွေ မှာ စိတ်ကြိုက်တင်လို့ ရပါတယ်။
၂။ ဖတ်သူ ကို ဆွဲဆောင်နိုင်မယ့် profile headline (ခေါင်းစဉ်) ရေးပါ။
သင့် LinkedIn account ကို တွေ့ လိုက်ရတဲ့သူက စိတ်ဝင်စားသွားပြီး သင့် LinkedIn account ကို ၀င်ကြည့်စေနိုင်မယ့် ဆွဲဆောင်မှု ရှိမယ့် profile headline မျိုးရေးသားပြီးတင်ထားပါ။ ရေးသားရမယ့် အကြောင်းအရာကတော့ ၀န်ထမ်းရှာဖွေရေး အေဂျင်စီတွေ၊ အလုပ်ရှင်တွေကို သင်ဘာလဲ ဆိုတာ သိရှိဖို့ ပါပဲ။
ဥပမာ၊ Honors student seeking marketing position ဒါမှမဟုတ် Graphic designer who able to create high quality design. အဲ့ဒီလိုမျိုး ရေးသားနိုင်ပါတယ်။
တကယ်လို့ နမူနာကောင်းတွေ ကြည့်ချင်ယင် LinkedIn ထဲမှာပဲ ရှာကြည့်နိုင်ပါတယ်။ Experienced user တော်တော်များများ မှာ profile headline တွေ ရေးသားထားတတ်ပါတယ်။ အဲ့ဒီ နမူနာတွေကို ကြည့်ပြီး သင့်စိတ်ကြိုက် ရေးရုံပါပဲ။
ဒါပေမယ့် ဘန်းစကားဆန်တော့ အသုံးအနှုံးမျိုးတော့ ရှောင်ကြဉ်ပါ။ ဥပမာ code ninja” or an “SEO guru or Hacking master who can hack your system. ဆိုတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။
၃။ Summary Statement ကို သေချာ ဖော်ပြပါ။
Summary အပိုင်းကတော့ သင့်ကို တခြားသူတွေကြားထဲကနေပြီး ထူးခြား အောင် ဖော်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်  Summary ပိုင်းကိုလည်း သေချာ ရေးသားသင့်ပါတယ်။
Summary ပိုင်းမှာဆိုယင်တော့ သင့် Cover letter ပထမဦးဆုံးစာပုဒ်ကို ရေးသလိုပါပဲ။ ဖတ်လိုက်တာနဲ့ သင့်အကြောင်းကို စိတ်ဝင်စားသွားပြီး ပိုမိုသိချင်တဲ့ ဆန္ဒ ပေါ်ပေါက်လာအောင် ရေးသားဖို့ လိုပါတယ်။ သင့်ရဲ့  အတွေ့ အကြုံ၊ ပညာအရည်အချင်း၊ သင်ရဲ့  goals တွေကို ဖော်ပြနိုင်ပါတယ်။ သင့်ကို ဘယ်အရာတွေက စိတ်ခွန်အားဖြစ်စေနိုင်သလဲ၊ သင့်ပတ်ဝန်းကျင်အတွက် ဘာတွေ အကျိုးပြုခဲ့လဲ အစရှိတာတွေလည်း ဖော်ပြနိုင်ပါတယ်။
တကယ်လို့ သင့်မှာတိကျတဲ့ ကျွမ်းကျင်မှု ဥပမာ Graphic design, programming, Koren/Japan Language skill အစရှိတာတွေ ရှိပါက ဖော်ပြသင့်ပါတယ်။
၎။ သင့်အတွေ့ အကြုံတွေကို အကောင်းဆုံးဖော်ပြပေးပါ။
သင်အနေနဲ့ အလုပ် အတွေ့ အကြုံ ရှိယင် သင်ဘာရာထူးနဲ့ လုပ်ခဲ့လဲ၊ သင်ဘာတွေ တာဝန်ယူလုပ်ကိုင်ခဲ့ရသလဲ။ ဘာတွေ ပြီးမြောက်အောင်မြင်ခဲ့လဲ၊ အစရှိတာတွေကို ရေးသားဖော်ပြသင့်ပါတယ်။
အလုပ်အတွေ့ အကြုံမှာ ရာထူးတိုးခဲ့တာတွေ ရှိယင်လည်း ဖော်ပြသင့်ပါတယ်။ projects တွေ မှာပါဝင်ခဲ့တာပဲ ဖြစ်ဖြစ်၊ graphic designer ဘ၀မှာ ထင်ရှားတဲ့ Bill Board တွေ ဖန်တီးရာမှာ ပါဝင်ခဲ့တာပဲ ဖြစ်ဖြစ် ဖော်ပြသင့်ပါတယ်။
အလုပ်အကိုင်အပြင် volunteer အတွေ့ အကြုံ ရှိယင်လဲ ဖော်ပြသင့်ပါတယ်။ အလုပ် အတွေ့ အကြုံနည်းတဲ့ သူတွေအတွက်ဆိုယင် volunteer အတွေ့ အကြုံရှိယင် ဦးစားပေးဖော်ပြသင့်ပါတယ်။ ၄၁ ရာခိုင်နှုန်းသော LinkedIn page ပေါ်မှ ၀န်ထမ်းရှာသူများက volunteer experience ကို full time paid work experience နည်းတူ တန်ဖိုးထား စဉ်းစားကြောင်း စစ်တမ်းများအရ တွေ့ ရှိရပါတယ်။ အမေရိကန် နိုင်ငံမှ hiring mangers များ ကို စစ်တမ်းကောက်ရာမှာ volunteer experience ရှိသော သူကို ဦးစားပေးရွေးကြောင်း စစ်တမ်းကောက်ယူ ရရှိခဲ့ပါတယ်။
၅။ additional profile sections များတွင်လည်း ဖြည့်နိုင်သလောက်ဖြည့်ပါ။
လုပ်ငန်းအတွေ့ အကြုံ မရှိလို့ စိတ်မပျက်ပါနဲ့ ။ သင့် ရဲ့  LinkedIn profile ကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ပါသေးတယ်။
အပေါ်မှာ တော့ volunteer experience အကြောင်းပြောပြီးပါပြီ။ volunteer experience အပြင် သင့်အနေနဲ့ လုပ်ငန်းအတွေ့ အကြုံ ရခဲ့တဲ့ မည်သည့် အလုပ်မဆို ဖြည့်နိုင်ပါတယ်။ ဥပမာ internship ဆင်းခဲ့တာတို့  အချိန်ပိုင်း အလုပ် ၀င်လုပ်ခဲ့တာတို့ လည်း ဖော်ပြနိုင်ပါသေးတယ်။
သင့်အနေနဲ့ အလုပ်နဲ့ ပက်သက်တဲ့ ဆုတွေ၊ ဂုဏ်ပြုလွှာတွေ ရခဲ့တယ်ဆိုယင်လဲ ဖော်ပြလို့ ရပါတယ်။ ပြီးတော့ သင်တတ်ခဲ့တဲ့ ဘာသာစကားသင်တန်းတွေ၊ ရရှိခဲ့တဲ့ certificate တွေလည်း ဖော်ပြနိုင်ပါတယ်။
နောက်ထပ် အရေးကြီးတာကတော့ သင့်ရဲ့ ပညာအရည်အချင်းကို ဖော်ပြဖို့ ရာ မမေ့ပါနဲ့ ။
၆။ LinkedIn network ကို ချဲ့ နိုင်သလောက် ချဲ့ ပါ။
Facebook လိုပါပဲ။ Linkedin မှာလည်း invite လုပ်လို့ ရပါတယ်။ ဖြစ်နိုင်ယင် သင့် ရဲ့  network ကို ချဲ့ နိုင်သလောက် ချဲ့ ပါ။ သင့်အနေနဲ့ ဘယ်သူတွေကို သိလဲ စဉ်းစားပါ။ ပြီးယင် LinkedIn မှာ ရှာကြည့်ပါ။ ပြီးယင် invite ပါ။ သင့်အနေနဲ့ မသိယင်တောင် သင်ရဲ့ အလုပ်အသိုင်း အ၀န်းမှာ နာမည်ကျော်ကြားတဲ့သူရှိယင်လည်း သင် invite နိုင်ပါတယ်။ လက်ခံတာ၊လက်မခံတာက သူ့ အပိုင်းပါ။
ဘာလို့ network ချဲ့ ရသလဲဆိုတော့ ၈၀ ရာခိုင်နှုန်းသော အလုပ်ခေါ်တာတွေဟာ လူသိရှင်ကြားမကြေငြာပါဘူး။ တစ်ခါတစ်ရံ အလုပ်ရှင်က သူ့  network ထဲမှာ ရှိတဲ့သူတွေ သိအောင်ပဲ ကြေငြာ တာတွေ့ ရပါတယ်။ ဒါကြောင့် သင်အနေနဲ့ network ကျယ်ကျယ်ပြန့် ပြန့် ရှိလေ အလုပ်ခေါ်တဲ့ အကြောင်းတွေ များများ ပိုသိလေပါပဲ။
သင့်အနေနဲ့ သင့်အလုပ်နဲ့ ပတ်ဝန်းကျင်မှာ အသိအကျွမ်းနဲ လို့  LinkedIn မှာ ရှာရခက်တယ်ဆိုယင်တော့ သင့်ရဲ့ ကျောင်းနေဖက်တွေ၊ ဆရာ၊ဆရာမတွေ၊ မိသားစုဝင်တွေ သူငယ်ချင်းတွေကို ရှာပြီး invite ပါ။ သူတို့ တွေကနေ တဆင့် တဖြည်းဖြည်းနဲ့ သင့် network တိုးပွားလာနိုင်ပါတယ်။ အနည်းဆုံး သင့် network မှာ လူ ၅၀ လောက် ရှိပြီးဆိုယင် သင့် network ဟာ တဖြည်းဖြည်းနဲ့ တိုးပွားလာမှာပါ။
၇။ သင်ကျွမ်းကျင်မှု ရှိတာကို ပြပါ။
သင့်အနေနဲ့  ကျွမ်းကျင်မှု ရှိတာကို ရေးထားရုံနဲ့ မလုပ်လောက်ပါဘူး။ ဥပမာ သင်က graphic design မှာကျွမ်းကျင်တယ်။ အဲ့ဒါဆိုယင် သင်လုပ်ခဲ့တဲ့ design၊ billboard ပုံတွေကို share လို့ ရပါတယ်။
ဥပမာ သင့် က an alysis လုပ်တာ ကျွမ်းကျင်တယ်။ ဒါဆိုယင်တော့ သတင်းတစ်ခုကို သင့်အနေနဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီး professional ပီသစွာရေးသားထားတာတွေကို share လုပ်လို့ ရပါတယ်။
သင့်အနေနဲ့  blog တွေ ရေးထားတာရှိတယ်ဆိုယင်လည်း သင့် blog articles တွေကို share လုပ်လို့ ရပါတယ်။
သင်က graphic designer တစ်ယောက်၊ ဓါတ်ပုံဆရာ တစ်ယောက်၊ animation developer တစ်ယောက်ဆိုယင်တော့ linkedin မှာ ပြလို့ အကောင်းဆုံးပါပဲ။
ဒါပေမယ့် သတိပြုစရာအချက်ကတော့ share သင့်တာ ပြသင့်တာကို ပဲ ပြပါ။ facebook မှာလို မိမိ ခံစားချက်များ၊ selfie ဓါတ်ပုံများ၊ ဟာသများ share လုပ်ချင်းမှာ ရှောင်ကြဉ်ပါ။ သင်မရှောင်ကြဉ်ပါက သင့်ကို ရှောင်ကြဉ်သွားပါလိမ့်မယ်။
၈။ မိမိအရည်အချင်း၊ အတွေ့ အကြုံ နဲ့ ပက်သက်တဲ့ အဓိကကျတဲ့ keyword လေးတွေကို ရွေးပါ။
Linkedin Profile မှာ မိမိနဲ့ သက်ဆိုင်တဲ့ keywords လေးတွေ ရွေးလို့ ရပါတယ်။ ဥပမာ graphic designer, autoCAD, programming, Project cycle management, Monitoring and evaluation, leadership အစ ရှိသဖြင့် ရွေးချယ်နိုင်ပါတယ်။ မိမိနဲ့ သင့်တော်တဲ့ မိမိ တကယ်လည်း အတွေ့ အကြုံ ရှိတဲ့ အချက်တွေကို ရွေးပါ။
Linkedin ရဲ့  system အရ သင့် network ထဲမှာ ရှိတဲ့သူတွေကို သင့် မှာ ရှိတဲ့ keywords skill တွေကို ထောက်ခံခိုင်းပါလိမ့်မယ်။ သင်ကို သိတဲ့ သူရှိယင်လည်း သူတို့ ကို ထောက်ခံခိုင်းလို့ ရပါတယ်။ အဲ့ဒီလိုနဲ့ သင်ရဲ့ အဓိကကျတဲ့ ကျွမ်းကျင်မှုတွေ သင့် profile မှာ ပေါ်လာပါလိမ့်မယ်။
တကယ် တတ်ကျွမ်းတာ၊ တကယ်အတွေ့ အကြုံ ရှိတာကိုပဲ ရွေးစေချင်ပါတယ်။
နောက်တစ်ခုကတော့ သင့်ကို တစ်စုံတစ်ယောက်က endorse လုပ်ထောက်ခံယင် သင့်အနေနဲ့ လည်း သူ့ ကို ပြန်ပြီး endorse လုပ် ထောက်ခံသင့်ပါတယ်။ ဒါက LinkedIn ပေါ်မှာ ရှိတဲ့ ယဉ်ကျေးမှု တစ်ခု ပါ။
၉။ LinkedIn ကို ၀င်ရောက်မွှေနှောက်ပါ။ ဖတ်ပါ။ လေ့ လာပါ။
နောက်ဆုံး တစ်ခုကတော့ LinkedIn မှာ သင်ယူစရာတွေ အများကြီး ရှိပါတယ်။ တိုးတက်ရာတိုးတက်ကြောင်းဆောင်းပါးတွေ အများကြီးပါ။ ကမ္ဘာတလွှားမှာ ရှိတဲ့အတတ်ပညာရှင် အသိပညာရှင်တွေ ပြောကြားတာတွေကို ဖတ်နိုင်တယ်။ သူတို့ ပြောတဲ့ အောက်မှာ ကိုယ်က ၀င်ရောက်ဆွေးနွေးနိုင်တယ်။ ဖတ်စရာမှတ်စရာတွေ Millions နဲ့ ချီပြီး ရှိပါတယ်။
ကျွန်တော် ရေးသားတဲ့ ဆောင်းပါးတော်တော်များများ ဟာလည်း LinkedIn pulse ကနေ ကိုးကားထားတာတွေပါ။
ဒါကြောင့်မို့ လူငယ်တွေ အနေနဲ့  social network တွေ သုံးတဲ့ အချိန်မှာ LinkedIn ကို လည်း social network တစ်ခု အနေနဲ့ အကျိုး ရှိရှိ အသုံးချစေလိုပါတယ်။
Omar Garriott ရဲ့ 10 Tips for Students and New Grads on LinkedIn မှ ကိုးကားထားပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
Post a Comment