Header Ads

အသည်းကွဲနေရင် စိတ်သက်သာရာရအောင် ဘယ်လိုနေမလဲ

ဒီကမ္ဘာလောကကြီးမှာ အချစ်ရှိရင် အမုန်းရှိတယ်ဆိုတာ ဓမ္မတာပါ။ သွေးမတော် မျိုးမစပ်တဲ့ လူနှစ်ယောက်ချစ်ကြိုက်မိကြတဲ့အခါ အဓိက အရေးကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရှိနဲ့ သံယောဇဉ်ကြိုးလေးတွေ ချည်နှောင်သွားကြဖို့ပါ။ ဒီလိုနဲ့ နေလာကြရင်း အခက်မသင့်လို့ နားလည်မှု လွဲကြတဲ့အခါ နှစ်ယောက်ကြားရှိတဲ့  သံယောဇဉ်အချစ်ကြိုးတွေပြတ်လို့ လမ်းခွဲရမယ့်အခြေကို ဆိုက်ရောက်ကြရတယ်။
ဒီလိုဖြစ်ရင် နှစ်ယောက်စလုံးရင်မှာ နာကျင်ခံစားကြရတာပါပဲ။ ပြန်ပေါင်းထုပ်ဖို့ ဖြစ်နိုင်ရင်ကောင်းပေမယ့် မဖြစ်နိုင်တော့တဲ့အခါ ပိုပြီး ခံစားကြရပါတယ်။ ဒီတော့ သင်ရော ဒီလိုအခြေအနေမျိုး ကြုံတွေ့ခဲ့ရပြီး အသည်းကွဲဝေဒနာ ခံစားနေရတဲ့ သူတစ်ယောက်လား?
ဒါဆိုရင်တော့ အောက်မှာ ပြောပြထားပေးတဲ့ အချက်လေးတွေက သင့်ကို အသည်းကွဲဝေဒနာကြောင့် နာကျင်ခံစားရခြင်းကနေ သက်သာစေဖို့ အထောက်အကူပြုမှာပါ။

(1) အချိန်ဟာ အကောင်းဆုံး ဆေးဆရာ
            အသည်းကွဲဝေဒနာအတွက် အချိန်ဟာ အကောင်းဆုံး ကုထုံးပါ။ သင့်လျော်အချိန်တစ်ခုရောက်သွားရင် ဒီဝေဒနာကို သက်သာသွားစေမှာပါ။ စိတ်ရှည်ရှည်နဲ့ အချိန်တစ်ခု စောင့်ဖို့ပဲ လိုပါတယ်။

(2) ဝ အောင် ငိုလိုက်ပါ။
           သင် တအားခံစားလာရတဲ့အခါ၊ အရမ်းနာကျင်လာတဲ့ အခါမျိုးတွေမှာ အခန်းထောင့်လေးမှာပဲဖြစ်ဖြစ်၊ အိပ်ယာလေးထဲမှာပဲ ဖြစ်ဖြစ် ငိုပစ်လိုက်ပါ။ အားရပါးရကို ငိုပစ်လိုက်ပါ။ ဒီလိုငိုလို့ အားရသွားတဲ့အခါ သေချာပေါက် ခံစားနေရတဲ့ ဝေဒနာအချို့တော့ ပေါ့သွားစေမှာပါ။

(3) ကျန်းမာရေးဂရုစိုက်ပါ။
            တချို့အသည်းကွဲတဲ့အခါ အရက်သောက်တာမျိုး၊ ထမင်းမစား ဟင်းမစား တစ်ငိုငို တစ်ရယ်ရယ် ဖြစ်နေတတ်ကြပါတယ်။ ယောင်္ကျားလေးတွေဆိုရင်လည်း အရက်သမားလုံးလုံးကြီးဖြစ်သွားပြီး ဘဝဆုံးသွားတာမျိုး၊ မိန်းကလေးဆိုရင်လည်း ကျန်းမာရေးချို့တဲ့သွားတာမျိုး ရှိတတ်ပါတယ်။ သင့်ဘဝဟာ ဒီမှာတင်ဆုံးသွားတာ မဟုတ်ဘူးဆိုတာ သိနားလည်ထားဖို့လိုပါတယ်။ ဒီတော့ ရှေ့ဆက်ဖို့ အားတင်းရင်း ကျန်းမာရေးကောင်းဖို့လိုပါတယ်။

(4) စိတ်ထင်ရာတွေ လျှောက်မလုပ်ပါနဲ့။
             သွေးပူနေသေးတဲ့အချိန်မှာ "ငါသူမှမရှိရင် ဘယ်လိုအသက်ရှင်ရမှာလဲ"၊ "ငါ အသက်ရှင်တော့ရော အလကားပါပဲ" ဆိုတဲ့ စိတ်မျိုးဝင်တတ်ပါတယ်။ ဒီတော့ စိတ်ထင်ရာတွေ လျှောက်လုပ်တတ်ကြပါတယ်။ လက်ကို ဘရိတ်ဓားနဲ့ လှီးတာတို့၊ အပ်တွေနဲ့ပေါက်တာတွေ လုပ်တတ်ကြပါတယ်။ ဒါဟာ ပြန်အဆင်ပြေစေမယ့် နည်းမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ဆူစိုက် လုပ်တာဟာလည်း ပြဿနာကို အဆင်မပြေစေသလို ကျန်ရစ်တဲ့ မိသားစုဝင်တွေအတွက်လည်း ပူဆွေးစရာပါ။
ဒီတော့ အားတင်းပြီး အဖိုးတန်တဲ့ ကိုယ့်ဘဝအတွက် ရှေ့ဆက်ပြီး လုပ်စရာရှိတာတွေကို လုပ်ရင်း အောင်မြင်မှုတွေရအောင် လုပ်သွားပါ။ အချစ်အတွက်နဲ့ လောကကြီးကို လက်မြောက်အရှုံးမပေးလိုက်ပါနဲ့။ လောကကြီးမှာ 1500 အချစ်မရှိလည်း နေလို့ရတယ်ဆိုတာ သတိရပါ။

(5) တစ်ယောက်တည်း အထီးကျန်ဆန်ဆန်မနေပါနဲ့။
          အိမ်တွင်းအောင်းပြီး တစ်ယောက်တည်း တစ်ခွေခွေတစ်ခေါက်ခေါက်နဲ့ မနေပါနဲ့။ အိမ်အပြင်ထွက်ပါ။ သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်တာမျိုး၊ shopping ထွက်တာမျိုးတွေ လုပ်ပါ။ မိသားစုဝင်တွေကို အချိန်ပေးပါ၊ သူတို့နဲ့ နွေးနွေးထွေးထွေးနေပါ။ မရောက်ဖူးသေးတဲ့ ဒေသတွေကို ခရီးရက်ရှည်ထွက်တာမျိုးတွေ လုပ်ပါ။ တဖြည်းဖြည်းနဲ့ စိတ်က ပြန်လည်လန်းဆန်းလာပြီး ဘဝကိုရှေ့ဆက်ဖို့ အားတွေ ရှိလာစေမှာပါ။

သူငယ်ချင်းတို့ အားလုံး အသည်းကွဲခြင်း ဝေဒနာနဲ့ ကင်းဝေးပြီး သာယာပျော်ရွှင်တဲ့ ဘဝလေးကို ကိုယ်စီတည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

LwinMoe
#LwinMoe #TechKhit #Heart_broken

No comments