Header Ads

တစ်ချိန်က ဖုန်းကင်းမဲ့ဇုန် သို့မဟုတ် 1990 အလွန်နှစ်များ

တစ်ချိန်က ဖုန်းကင်းမဲ့ဇုန် သို့မဟုတ် 1990 အလွန်နှစ်များ
================================
            အဲ့ဒီအချိန်က ကလေးဘဝကို ပိုင်ဆိုင်ခဲ့ဖူးတယ်ဆိုရင် ကလေးဖြစ်ရကျိုးနပ်တယ်လို့ ပြောရမည်။ အဲ့ဒီ့တုန်းကအကြောင်းတွေကို စဉ်းစားလိုက်တိုင်း အပူအပင်ကင်းပြီး လွတ်လပ်ပျော်ရွှင်သော ခံစားမှုလေးကို နွေးနွေးထွေးထွေး ပြန်ခံစားရတုန်းဖြစ်၏။

            ကျွန်တော့်၏ ကလေးဘဝ နှိုးစက်သည် အမေနှင့် ရပ်ကွက်ထဲလာရောင်းတတ်သည့် အန်တီစုလို့ ခေါ်သည့် ပဲပြုတ်သည် အန်တီကြီးဖြစ်၏။ ကျွန်တော်မှတ်မိသလောက် ထိုပဲပြုတ်သည် အန်တီကြီးကား နေ့တိုင်းအချိန်မှန်၏။ တစ်နေ့မှ နောက်ကျသွားသည် စောသွားသည် ဟူ၍မရှိ။ ကျွန်တော်တို့ လမ်းထိပ်မှ သူ့အသံကြားရလျှင် နာရီသွားမကြည့်နှင့်။ ခုနှစ်နာရီတိတိကျကျပင်။ ကျွန်တော်တို့ အိမ်က နေ့တိုင်းလိုလို ထမင်းကြော်တတ်တော့ သူနှင့်က ဖောက်သည်တွေ ဖြစ်၍ပင်နေခြေပြီ။  မနက်ပိုင်းဆိုလျှင် တော်ရုံတန်ရုံ ဟင်းချက်စရာလောက်ကတော့ ဈေးသွားနေစရာမလို။ ဘုရားပန်းသည်၊ ဟင်းသီးဟင်းရွက်သည်၊ ကြက်သားငါးသည် တွေ မနက်ပိုင်း တစ်ခင်းလုံး တောက်လျှောက်ကို လာ၏။ ခုခေတ်အခေါ်နှင့်ဆို mobile ဈေးသည် ဟု ခေါ်ရမည်ထင်သည်။ နေ့လည်ဆိုရင်လည်း အဆာပြေစားဖို့ ရာသီအလိုက် မုန့်လက်ဆောင်း၊ ဂျုံယို၊ နို့ထမင်း၊ မုန့်ဘောင်းထောင့်၊ သာကူ၊ ပေါက်စီသည်ကအစ အစုံအစိလာ၏။ အိမ်ထဲက လှမ်း၍ ခေါ်နိုင်သော ရွေ့လျားဈေးသည်များပင်။ အမေကလည်း တစ်နေ့တစ်မျိုးတော့ ဝယ်ကျွေးစမြဲဖြစ်၏။ ဆောင်းရာသီညဘက်များတွင်တော့ မုန့်ဖက်ထုပ် ပူပူလေး ဟုအော်တတ်သော ဦးလေးကြီး လာတတ်၏။ အမေက သွားပိုးစားမည်စိုး၍တစ်ကြောင်း၊ အိပ်ချိန်စောတာက တစ်ကြောင်းကြောင့် ဝယ်မကျွေးချေ။ သို့ပေတည့် ထို ဦးလေးကြီး၏ အသံကိုကား အခုချိန်ထိ နားထဲစွဲနေဆဲဖြစ်၏။

            ကျွန်တော်တို့ ကလေးဘဝက ခုခေတ်လို တိုက်တွေ၊ အိမ်နေရာတွေ များပြားပြီး လူဦးရေ ထူထပ်ခြင်း မရှိသေး။ ကစားစရာနေရာတွေ ပေါ၏။ ဘောလုံးကွင်းတွေလည်း ရှိ၏။ ခုခေတ်ကလေးတွေလို ဖုန်း၊ TV၊ ကွန်ပျူတာလိုမျိုး ဖျော်ဖြေရေးပစ္စည်းတွေလည်း သိပ်များများစားစားမရှိသေး။ ကျွန်တော်တို့ ကလေးတစ်သိုက်၏ စုရပ်က ရပ်ကွက်ထဲက မြေနေရာကျယ်သည့် သူငယ်ချင်းတစ်ယောက်၏ အိမ်တစ်အိမ်  သို့မဟုတ် ဘောလုံးကွင်းဖြစ်တတ်၏။ နေ့လည်ဘက်ဆိုလျှင် ပုံရိုက်ခြင်း၊ အရုပ်ပစ်ခြင်း၊ သရေကွင်းကို ဖိနပ်နှင့်တိုက်ထုတ်ခြင်း၊ ကျောက်ဒိုးပစ်၊ ဂျင်ပေါက်၊ ဆယ်ခုတ်၊ ရုပ်ရှင်ဖွက်တမ်းစတဲ့ အငြိမ်ဆော့ရသည့် ကစားနည်းတွေ ဆော့ကြ၏။ ညနေနဲ့ ညဘက်များမှာတော့ ဘောလုံးကန်၊ ထုပ်စီးထိုး၊ ပြေးတမ်းလိုက်တမ်း၊ ရီထိုးတမ်း၊ တိုင်ဦးတမ်း၊ ကြိုးခုန် လိုမျိုး ချွေးထွက်စမည့် ကစားနည်းမျိုးဆော့ကြ၏။ ခုတော့ မြန်မာကစားနည်းအချို့ ပျောက်ကွယ်သွားကြပေပြီ။ ရပ်ကွက်တစ်လျှောက် ပုဆိုးကွင်းသိုင်းလို့ ခွေလိမ့်ရသည့်အရသာ၊ မိုးရွာထဲ ဘောလုံးကန်ရသည့် အရသာမျိုးတို့ကို ခုခေတ်ကလေးတွေ မသိနိုင်တော့ပြီ။ လသာသာအောက် လူကြီးတွေ ပြောပြသော ရှေးဟောင်းနှောင်းဖြစ်များ၊ ဗဟုသုတရဖွယ်ပုံပြင်များကို မကြားဖူး နားမထောင်ဖူးတော့ပြီ။ နောက်ပိုင်းတီဗီတွေပေါ်လာတော့ ကျွန်တော်တို့ရဲ့ hero တွေလည်း ပေါ်လာခဲ့၏။ ဝူခုံး၊ နီကြား၊ ပါဝါရိန်းဂျားတို့က ကျွန်တော်တို့ အသည်းစွဲတွေ ဖြစ်ခဲ့၏။ မှတ်မိသေး၏။ အဲ့ဒီ့တုန်းက မီးက ရပ်ကွက်အလိုက် အလှည့်နဲ့ပေးသောကာလဖြစ်၏။ ဒီဘက်ရပ်ကွက်ကို မနက်ပိုင်းပေးလျှင် ဟိုဘက်ရပ်ကွက်ကို ညပိုင်းပေး၏။ မနက်နှင့် ည တစ်ရက်ခြားစီတစ်ခါ လာတော့ နီကြားကားက ကြည့်ရတာ ပျက်တစ်လှည့် ငတ်တစ်လှည့်ဖြစ်ရ၏။ ဒါနဲ့ ကျောင်းတွင် သူငယ်ချင်းတွေနဲ့ တိုင်ပင်ကာ သူတို့ရပ်ကွက် မီးလာတဲ့အခါ ကြည့်ခဲ့ပြီး ကိုယ်တွေကိုပြန်ပြောခိုင်းရ၏။ ကိုယ့်ရပ်ကွက် မီးလာတဲ့ အလှည့်မှာ ကိုယ်က ကြည့်ရပြီး သူတို့ကို ဖောက်သည်ပြန်ချရ၏။

            ကျွန်တော်တို့၏ hero များက ရုပ်ရှင်ထဲတွင်ပင် မဟုတ်။ စာအုပ်ထဲမှာလည်း ရှိ၏။ ကျွန်တော် နှစ်တန်း၊ သုံးတန်းအရွယ် စာလုံးပေါင်းပြီး စာ ဖြည်းဖြည်းချင်းဖတ်တတ်တည်းက အမေက စာဖတ်သွက်အောင် ဆိုပြီး စာအုပ်အငှါးဆိုင်က ကာတွန်းစာအုပ်တွေ ငှါးပေး၏။ ရွှေသွေးဂျာနယ်တွေဝယ်ပေး၏။ ဘိုဘို၊ မောင်စူပါ၊ ကိုပူစီ၊ တွတ်ပီ၊ ဦးစိတ်တိုနဲ့ မျောက်ညို၊ သမိန်ပေါသွပ်၊ ပြာကလောင် ပြာကချောင် တို့က ကိုယ်တွေရဲ့ ငယ်ဘဝ အသည်းစွဲတွေဖြစ်ခဲ့၏။ နည်းနည်း အသက်ကြီးတော့ ဒီရဲဂျာတို့၊ စစ်ရန်နိုင်တို့၊ တြိစက္ကတို့လို အကြမ်းအရမ်း အက်ရှင်နဲ့ စုံထောက်ဇာတ်လမ်းမျိုးတွေ ရွေးဖတ်ဖြစ်ခဲ့၏။ နောက်ပိုင်းစိတ်ကူးယဉ်တတ်တဲ့ အရွယ်ရောက်တော့ အချစ်ဝတ္ထုတွေ ဖတ်ဖြစ်၏။ သုတစွယ်စုံ၊ ရောင်ပြန်၊ နက္ခတရောင်ခြည်လို မဂ္ဂဇင်းမျိုးတွေနဲ့ ထိတွေ့ခွင့်ရခဲ့၏။ ဆရာကြီးမင်းသင်္ခတို့၊ ဆရာကြီးဦးအောင်သင်းတို့လို ဆရာကြီးတွေရဲ့ စာတွေနဲ့ ထိတွေ့ခွင့်ရခဲ့၏။ ငယ်ငယ်ထဲက ကျောင်းစာအပြင် အပြင်စာပါဖတ်တဲ့ အကျင့်ဖြစ်အောင် လုပ်ပေးခဲ့လို့ အမေ့ကို ကျေးဇူးတင်မိ၏။ အခုတော့ စာအုပ်အငှါးဆိုင်များလည်း စီးပွားရေးအဆင်မပြေလို့ သိပ်မရှိတော့။ လူငယ်များလည်း စာသိပ်မဖတ်ကြတော့။ စိတ်မကောင်းစရာပင်။

             အဲ့ဒီ့ခေတ်က ကုန်ဈေးနှုန်း အခုလို တအားမမြင့်တက်သေး။ အိမ်မှာ အဖေတစ်ယောက်အလုပ်လုပ်ရုံနှင့် မိသားစုတစ်စု လုံလောက်စွာ စားနိုင်၏။ ကျောင်းမုန့်ဖိုး တစ်ဆယ် နှစ်ဆယ်ဆိုလျှင် မုန့်ကောင်းကောင်းတစ်မျိုးစားနိုင်၏။ ကျွန်တော် သုံးတန်းရောက်တော့ ကျောင်းမုန့်ဖိုး နှစ်ဆယ်ရ၏။ ကျွန်တော်က မုန့်သိပ်မစား။ ရသောပိုက်ဆံလေးတွေ စုထားတတ်၏။ တစ်ရာနှစ်ရာ ပြည့်သည့်အခါ အမေက တစ်ရာတန် နှစ်ရာတန် အသစ်ကြပ်ချွတ်လေးတွေနဲ့ လဲပေး၏။ ကျွန်တော်က ပိုက်ဆံအသစ်လေးတွေရလေ ပို၍ မသုံးရက်လေဖြစ်ပြီး စုပြီးရင်သာ စုတော့၏။ ပိုက်ဆံစုတတ်သောအကျင့်ရအောင် တစ်ဖက်လှည့်နဲ့ လုပ်ပေးသော အမေ့ကို ကျေးဇူးတင်ရမည်။ တစ်ထောင်နှစ်ထောင်ရသည့်အခါ ကျွန်တော်လိုချင်သော ကစားစရာ ဝယ်ပေးတာမျိုး၊ စားစရာ ဝယ်ကျွေးတာမျိုး လုပ်ပေးတတ်၏။ မှတ်မှတ်ရရ ကျွန်တော် သုံးတန်းလောက်ရောက်တော့ လူကြီးတွေလို လက်ဖက်ရည်ဆိုင်ထိုင်ပြီး သီးချင်းနားထောင်ချင်၏။ ဒါနဲ့ စုထားတဲ့ ပိုက်ဆံတစ်ရာနှင့် နွားနို့တစ်ခွက်မှာပြီး ခပ်တည်တည်နှင့် လက်ဖက်ရည်ဆိုင်ထိုင်ဖူးခဲ့၏။ အဲ့ဒီ့ခေတ်က လက်ဖက်ရည်ဆိုင်များက TV မထားသေး။ တိပ်ခွေထည့်ကတ်ဆတ်နှင့် ဘောက်တွဲပြီး သီချင်းဖွင့်တတ်၏။ သီချင်းအသစ်အမြဲတမ်း update ဖြစ်သည့် ဆိုင်ကိုမှ ထိုင်ချင်ကြသည်။ ဗဒင်၊ ရင်ဂို၊ ဇော်ဝင်းထွဋ်၊ ဦးငှက်၊ စိုင်းထီးဆိုင်၊ အက်ဆစ် စတဲ့ အဆိုတော်များက ကိုယ်တွေ အသဲစွဲဖြစ်ခဲ့၏။ ကျွန်တော်တို့လို လူပျိုပေါက်အရွယ်ကာလသားတို့အတွက် အရမ်းဆိုကောင်းခဲ့သော feel ကောင်းခဲ့သော သီချင်းများပေ။ ကာလသားတို့၏ စုရပ်က လက်ဖက်ရည်ဆိုင်၊ လမ်းထိပ်အုတ်ခုံ တို့ ဖြစ်၏။ ထိုတုန်းက ငုံ့ကြည့်စရာ ဖုန်းမပေါ်သေးသဖြင့် ဘယ်လမ်းထဲက ကောင်မလေး ဘယ်လောက်လှတဲ့ အကြောင်း၊ ဘယ်ကောင်မလေးကတော့ ဘယ်သူနဲ့ အဆင်ပြေသွားပြီဆိုတဲ့ အကြောင်း စသဖြင့် ရောက်တတ်ရာရာထွေရာလေးပါး ဟာသတွေလည်း ပြောဖြစ်ကြ၏။ အခုတော့ လက်ဖက်ရည်ဆိုင်ထိုင်လည်း ဖုန်းတွေနဲ့ ခေါင်းကြီးတွေ ငုံ့၍ စကားပြောရသောအရသာကို မသိကြတော့ပြီ။ လမ်းပေါင်းစုံက အလှပဂေးလေးတွေအစား အကောင့်ပေါင်းစုံက အလှပဂေးတွေနဲ့ အသံတိတ်စာပို့ခြင်းအမှုသာ ပြုကြတော့၏။

             အလှပဂေးတွေ အကြောင်းပြောတော့ ကျွန်တော်တို့ လူပျိုပေါက်အရွယ် ကိုးတန်း၊ ဆယ်တန်းနှစ်တုန်းက အကြောင်းလေးတွေ သတိရမိ၏။ ထိုခေတ်က ဖုန်းမပေါ်သေး။ mp4 ခေတ်ဖြစ်၏။ mp4 တစ်လုံးပိုင်ဆိုင်ထားသော ကျောင်းသားကား ကျောင်းတွင် အကောင်၏။ လူချစ်လူခင်လည်း ပေါများလှ၏။ သို့သော်အခုဖုန်းတွေလို  ပေါ်တင်ယူခွင့်မရ။ ခိုး၍ ယူလာကြရ၏။ ဆရာမသိလျှင်တော့ သိမ်းခံထိမည်သာ။ အတန်းထဲတိုးကြိတ်ကာ 18 ယောက်စု၍ခိုးကြည့်ခဲ့ရသော ဆင်းရဲသားကားများကို သတိရမိ၏။ မိန်းမအကြောင်း စိတ်ဝင်စားသော စူးစမ်းလိုသော အရွယ်ဆိုတော့....
သို့သော် ကျွန်တော်တို့၏ ရင်ခုန်သံတွေကား ဖြူစင်ပေသေး၏။ ကိုယ်ရင်ခုန်ရသောကောင်မလေးကို မုန့်စားဆင်းလျှင်နောက်ကတကောက်ကောက်လိုက်ခြင်း၊ သူ့အတန်းရှေ့သွား၍ ပြုံးပြနှုတ်ဆက်လှည့်ပြန်ခြင်းသည်ကား ကျွန်တော်တို့၏ အချစ်ကပေးသော တာဝန်ကြီးပင်ဖြစ်၏။ အတန်းရှေ့ဖြတ်လျှောက်တုန်း ကောင်မလေးက ကိုယ့်ကို ပြန်ကြည့်လျှင်၊ ဘေးက သူ့သူငယ်ချင်းများက စလို့ ရှက်ပြုံးလေးနဲ့ ခေါင်းငုံ့သွားလျှင်တော့ ထိုနေ့ညကတော့ မျက်လုံးထဲတွင် ရုပ်ရှင်ပြသလို ထိုမြင်ကွင်းကို အထပ်ထပ်မြင်ယောင်ရင်း ရင်ခုန်လွန်း၍ အိပ်ရေးပျက်သောညများပေ။ အတင့်ရဲသောသူများကတော့ စာပေးကြ၏။ ဆရာမက စာမိလျှင်တော့ မလွယ်ချေ။ ခုလို facebook ပြူးပြဲပလူပလဲနေသည့် ပုံတွေတင်ပြီး ပေါ်တင်ရည်းစားမထားရဲကြသေး။  ဆရာမတွေကလည်း ကျပ်လှပေသည်။ တစ်ခုတော့ကောင်းပေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ရည်းစားပူမမိခြင်း၊ စာကိုအာရုံစိုက်နိုင်ခြင်း၊ ရည်မှန်းချက်လေးတွေ လွတ်လွတ်လပ်လပ် အကောင်အထည်ဖော်နိုင်ခြင်း စတဲ့ အကျိုးလေးတွေတော့ ရှိပေ၏။ ကောင်မလေးရှိသော အိမ်ရှေ့ ဒါမှမဟုတ် လမ်းထိပ်အုတ်ခုံမှာ စု၍ ဂီတာတီးခဲ့ရသော ညများကို လွမ်းဆွတ်မိချေသေး၏။ ကိုယ်ကြိုက်သော ကောင်မလေးအိမ်ရှေ့ စက်ဘီးတွေနှင့် သူငယ်ချင်းတစ်သိုက် ကောင်မလေး မျက်နှာမမြင်ရမချင်း ရပ်ကွက်ပတ်၍ ခြေအေးဝမ်းယောင်ပြုခဲ့သော အချိန်များကို သတိရမိ၏။

            ထိုခေတ်က အကြောင်းများကို စမြုံပြန်ရလျှင်တော့ စာတစ်စောင်၊ ပေတစ်မူ ထွက်လာပေလိမ့်မည်။ ဖုန်းနှင့် အခြားသော ဖျော်ဖြေရေးပစ္စည်းများ၏ ဝါးမြိုခြင်းကို မခံရသေးသောကာလ၊ နည်းပညာလွှမ်းမိုးမှု မရှိသေးသောကာလက နေရထိုင်ရ ပျော်စရာကောင်းသော ကာလများပင်ဖြစ်ပေသည်။ ဖြစ်နိုင်လျှင် ဖုန်းကင်းမဲ့ဇုန်တွင် တစ်ခါလောက် အပူအပင်ကင်းသော ငယ်ဘဝကို ပြန်ရချင်မိချေသေးတော့၏.......

LwinMoe
#LwinMoe #TechKhit #NinetyKid

No comments