Header Ads

ခိုင်မာတဲ့ ချစ်သူဘဝကို ဘယ်လိုတည်ဆောက်မလဲ ?


အေးချမ်းပြီး ကြာရှည်တည်မြဲတဲ့ RS တစ်ခုဆိုတာ ဒီကမ္ဘာပေါ်က အချစ်နဲ့ မကင်းနိုင်တဲ့ လူသားတိုင်း လိုချင်တောင့်တတဲ့ အရာတစ်ခုပါ။ တစ်ယောက်နဲ့ တစ်ယောက် လုံးဝမသိပဲ တွေ့ဆုံကြတယ်။ ချစ်ခင်စုံမက်လို့ တစ်ဦးကို တစ်ဦး ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ပြီးတဲ့အခါ ချစ်သူနှစ်ဦး လက်တွဲလို့ ဘဝတစ်လျှောက် သာယာပျော်ရွှင်ပြီး ခိုင်မြဲတဲ့ RS တစ်ခုကို အတူတကွ တည်ဆောက်ကြရပါတယ်။ အဲ့ဒီလို ခိုင်မာတဲ့ RS တစ်ခု တည်ဆောက်တဲ့ နေရာမှာ အရေးကြီးတဲ့ အချက်လေးတွေကို တင်ပြလိုက်ပါတယ်။

(1)နားလည်မှုရှိပါ။ 

     RS တစ်ခု တည်မြဲဖို့ ၊ သာယာပျှော်ရွှင်ဖို့မှာ အရေးကြီးဆုံးအချက်လို့ ပြောလို့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု မရှိတဲ့ RS တစ်ခုဟာ ခိုင်မြဲမှု ပျော်ရွှင်မှု မရှိနိုင်ပါဘူး။ ယောင်္ကျားလေးတွေ အနေနဲ့ ကိုယ့်ချစ်သူမကြိုက်တတ်တဲ့ ဆေးလိပ်၊ ကွမ်း၊ အရက်တို့ကို အတတ်နိုင်ဆုံး ရှောင်နိုင်ဖို့လိုပါတယ်။ အလုပ်ကိစ္စကလွဲလို့ တခြားမိန်းကလေးတွေနဲ့ တွဲသွားတွဲလာလုပ်တာကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ အလုပ်ကိစ္စနဲ့ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း ကိုယ့်ချစ်သူကို ကြိုတင်ပြောပြထားသင့်ပါတယ်။ ချစ်သူ စိတ်ဆိုးတယ် စိတ်ကောက်တယ်ဆိုတာ သူ့ကို ဂရုစိုက်စေချင်လို့ ဆိုတာမျိုး နားလည်ထားရပါ့မယ်။ မိန်းကလေးတွေ အနေနဲ့လည်း စိတ်ဆိုး စိတ်ကောက်တာ အခြေအနေ အချိန်အခါကို ကြည့်ပြီး ချစ်စရာကောင်းအောင် စိတ်ဆိုးစိတ်ကောက်တတ်ဖို့ လိုပါတယ်။ တစ်ချိန်လုံး စိတ်ကောက်နေတတ်ရင် ယောင်္ကျားလေးဘက်က စိတ်ပျက်သွားနိုင်ပါတယ်။ တခြား အသေးအမွှားကိစ္စလေးတွေကအစ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိရှိ ချစ်သွားကြဖို့ လိုပါတယ်။

(2)သစ္စာရှိပါ။

    RS တစ်ခုမှာ သစ္စာတရားဟာလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း RS တွေမှာ သစ္စာတရားကို facebook account password လေးတစ်ခုလောက်နဲ့ တန်ဖိုးဖြတ်နေကြတာတွေ့နေကြရပါတယ်။ ဒီနေရာမှာ အရေးကြီးတာက ကိစ္စရပ်တိုင်းကိုတော့ သံသယမျက်လုံးနဲ့ တစ်ချိန်လုံး စောင့်ကြည့်နေတာမျိုးကတော့ နှစ်ဦးစလုံး စိတ်ပင်ပန်း လူပင်ပန်းစေပါတယ်။  ယောင်္ကျားလေးရော မိန်းကလေးရော နှစ်ယောက်လုံး သစ္စာရှိရှိ တစ်ဦးကို တစ်ဦးချစ်နေကြဖို့ အရေးကြီးပါတယ်။ LDRS တွေမှာဆို ပိုလို့တောင် အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ချစ်သူဟာ သစ္စာမရှိတဲ့ လူဆိုရင်တော့  အမြန်ဆုံး လမ်းခွဲပစ်ဖို့လိုပါတယ်။ လက်မတွဲတာ အကောင်းဆုံးပါ။

(3)ဘဝအတွက် ကြိုတင်ပြင်ဆင်ထားပါ။ 

    သမီးရည်းစားဘဝမှာ ချစ်စိတ်တွေမွှန်ပြီး တူနှစ်ကိုယ် တဲအိုပျက်မှာနေလို့ ထမင်းရေပဲ အတူတူလျက်ရ လျက်ရ နေနိုင်လိမ့်မယ်လို့ ထင်ကြပေမယ့် တကယ့်လက်တွေ့ ဘဝမှာတော့ ဒါဟာ မဖြစ်နိုင်ပါဘူး။ ဒီတော့ သမီးရည်းစားဘဝမှာတည်းက နှစ်ဦးစလုံး လိုအပ်တဲ့ ပုံမှန်ဝင်ငွေရှိတဲ့ လုပ်ငန်းတစ်ခု၊ အိုးပိုင် အိမ်ပိုင်၊ အိမ်ထောင်မှု တာဝန် ထမ်းဆောင်နိုင်မှု အရည်အချင်းစတဲ့ အရာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာမှအဆင်သင့်မဖြစ်သေးပဲ အိမ်ထောင်ပြုမိကြတဲ့ RS တချို့ကို ကြည့်ရင် အိမ်ထောင်မှု မနိုင်နင်းမှုကြောင့် ကတောက်ကစဖြစ်ကြရပြီး စိတ်ပင်ပန်းလူဆင်းရဲကာ လက်ထပ်ပြီး ဘယ်လောက်မှမကြာ ကွဲကြ ကွာကြရတဲ့ အဖြစ်တွေ ရှိပါတယ်။ ဒီတော့ ပျော်ရွှင်တည်မြဲတဲ့ RS တစ်ခုအဖြစ် ဘဝကို ဖြတ်သန်းဖို့ ကြိုတင်ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ထားသင့်ပါတယ်။

(4)လက်ထပ်ခင် အတူနေသင့်မနေသင့်

    အိမ်ထောင်မှုတစ်ခုမှာ Sex ကိစ္စဟာလည်း အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အကောင်းဆုံးကတော့ လက်ထပ်ပြီးတဲ့အထိ နှစ်ဦးစလုံးစောင့်ထိန်းထားနိုင်ကြရင်ကောင်းပါတယ်။ မရှောင်နိုင်လို့ အတူနေဖြစ်ကြမယ်ဆိုရင်တော့ မလိုလားအပ်ပဲ ကိုယ်ဝန်ရှိတာ၊ ဘဝအတွက် အဆင့်အသင့်မဖြစ်ကြသေးပဲ အိမ်ထောင်ပြုလိုက်ရတာမျိုးတွေ မဖြစ်အောင် အကာအကွယ် ပစ္စည်း၊ တားဆေး၊ အရေးပေါ်တားဆေး စတာတွေကိုလည်း သုံးသင့်ပါတယ်။ တားဆေးတွေဟာ side effect ရှိလို့ သိပ်မသူံးစေချင်ပါ။ ကိုယ်က သန့်စင်တဲ့ ချစ်သူမျိုး အလိုရှိရင်တော့ ကိုယ်ကိုတိုင်ကလည်း သန့်စင်အောင် နေနိုင်ဖို့ လိုအပ်ပါတယ်။ အသက်ကြီးသွားတဲ့အချိန် sex ကိစ္စနဲ့ပက်သက်ပြီး စိတ်ကုန်ခန်းသွားတဲ့အချိန်မှာလည်း သန့်ရှင်းတဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်သွားကြဖို့လိုပါတယ်။

အပျော်တွဲမဟုတ် ဘဝအတွက် တကယ်ရည်ရွယ်တဲ့ RS တွေအတွက် ဒီအချက်လေးတွေနဲ့ အညီ ရေရှည်ကိုကြည့်လို့ ဆထက်တပိုး အချစ်တိုးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း.....

Writer By > Lwin Moe

No comments