Header Ads

ကိုရီးယားဇာတ်လမ်းတွဲတွေဘာကြောင့်လူကြိုက်များလဲ



၁. မျက်စိ ပဒဿဖြစ်တယ်
အားလုံးသိကြတဲ့အတိုင်းပါပဲ ဇာတ်လမ်းထဲမှာပါတဲ့ဇာတ်ကောင်တိုင်းဟာ အချောအလှတွေ ကြည့်ကောင်းသူ တွေကိုပဲရွေးချယ်သုံးထားတာကိုတွေ့ရမှာပါ။ မှင်စာ တွေ သေမင်းတွေတောင် ကြောက်စရာမကောင်းဘဲ ရင်ခုန်စရာကောင်းတာဟာ k drama ထဲမှာပဲတွေ့နိုင်ပါတယ်။

၂. ယဉ်ကျေးမှုနဲ့ ဒေသန္တရဗဟုသုတ ရတယ်
နန်းတွင်းကာလနောက်ခံဇာတ်လမ်းတွေဟာ ပျင်းစရာမကောင်းဘဲနဲ့ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ နောက်ခံကာလတွေရဲ့ ၀တ်စားဆင်ယင်ကြပုံ လူနေမှုအဆင့်အတန်း တို့ကိုတွေ့နိုင်ပါတယ်။ ဆိုးလ်က ဟန်မြစ် နမ်ဆန်တာဝါ ဂျယ်ဂျူကျွန်း စသဖြင့် ကြည့်ရှုသူတွေအတွက်ဖန်သားပြင်ပေါ်ကနေ ခရီးထွက်လိုက်ရသလိုပါပဲ။

၃. သန့်စင်တယ်
ဇာတ်လမ်းတွဲအများစုဟာ Rated G အဆင့်ရှိတဲ့ဇာတ်လမ်းတွေဖြစ်ပါတယ်။ ဆိုလိုတာကတော့မကြည့်ရှုသင့် တဲ့အသက်အပိုင်းအခြားဆိုပြီး ကန့်သတ်ထားခြင်းမရှိပါဘူး။ အနောက်တိုင်းရုပ်ရှင်တွေထပ်စာရင် ဆဲဆိုခြင်း အကြမ်းဖက်သတ်ဖြတ်ခြင်း နည်းပါတယ်။ အချစ်ခန်းတွေမှာလည်း အလွန်ဆုံး French kiss လောက်သာပါ ပါတယ်။

၎. ပေါ့ပါးတယ်
တစ်ချို့ဇာတ်ဝင်ခန်းလေးတွေက ချစ်စရာကောင်းပြီး တစ်ပြိုင်နက်ထဲမှာ ရယ်စရာလဲကောင်းနေပါတယ်။ ဒီလို sweet scene လေးတွေဟာ k drama fan တွေသဘောကျဆုံးအချက်တစ်ချက်ပါပဲ။

၅. ဘာသာရပ်ဆိုင်ရာ တိုးတတ်လာတယ်
ကြည့်ပါများတော့ တစ်ချို့စကားလုံးတွေကိုနားလည်လာပါတယ်။ annyeong ( hi ) ,salanghae ( I love you ) စတဲ့စကားလုံးတွေနဲ့ရင်းနှီးလာပါတယ် ။ ဇာတ်လမ်းတွဲအသစ်တွေကို English Subtitle နဲ့ကြည့်ရတဲ့အတွက် English စာတိုးတတ်လာပါတယ် ။

၆. ခန့်မှန်းလို့မရနိုင်ဘူး
ဇာတ်လမ်းဇာတ်ကွက်၊ နေရာ ၊ ဇာတ်ကောင်စရိုက် တွေဟာတစ်ကားနဲ့တစ်ကား မထပ်သလောက်ပါပဲ ။ သမရိုးကျနဲ့မတူဘဲ တမူထူးခြားပါတယ် ။

၇. အရမ်းမိုက်တဲ့ Fashion တွေ
ဇာတ်လမ်းထဲက ၀တ်စားဆင်ယင်ပုံတွေက ခေတ်ရေစီးကြောင်းနောက်ကိုက်ညီသလို ခေတ်ရေစီးကြောင်းကလဲ ဇာတ်လမ်းထဲက ၀တ်စားဆင်ယင်ပုံတွေအပေါ်မှာ မူတည်နေပါတယ်။

၈. သွားရည်ကျစရာ အစားအသောက်တွေ
ဂင်မ်ချီ၊ ပဲခေါက်ဆွဲ၊ ခေါက်ဆွဲပြုတ်၊ ကြက်ဥလိပ်၊ ရေညှိဟင်းချို၊ ဂဏန်းငံပြာရည်၊ တော့ပိုကီ ဒါတွေကတော့ k drama fan တွေကိုအဆွဲဆောင်နိုင်ဆုံးဟင်းအမည်တွေပါပဲ။ ထမင်းစားခန်းမပါတဲ့ ကိုရီးယားဇာတ်လမ်းတွဲ မရှိပါဘူး။

၉. နောက်ခံတေးဂီတ
ဇာတ်ဝင်ခန်းနောက်ခံတီးလုံးတွေဟာ မလိုအပ်ပဲဆူညံခြင်းမရှိပါဘူး။ နောက်ခံသီချင်းတွေဟာလည်း ဇာတ်ဝင်ခန်းနဲ့ လိုက်ဖက်စွာဆွဲဆောင်နိုင်ကြပါတယ်။ k drama fan တွေအတွက်ကတော့ ဇာတ်လမ်းကိုမလွတ် တမ်းကြည့်ဖို့အရေးကြီးသလို ဇာတ်ဝင်သီချင်းတွေကို အစအဆုံးနားထောင်ရဖို့ကလဲအရေးကြီးပါတယ်။

၁၀. ဇာတ်လမ်းအမျိုးအစားစုံတယ်
သမိုင်းနောက်ခံ၊ ဟာသဇာတ်မြူး ၊ ဒရမ်မာ ၊ အက်ရှင်၊ စိတ်ကူးယဉ်စသဖြင့် ဇာတ်လမ်းအမျိုးအစားစုံလင်တဲ့ အတွက် ပရိသတ်အရွယ်စုံကိုဆွဲဆောင်ထားနိုင်ပါတယ်။

၁၁. အလွယ်တကူကြည့်လို့ရတယ်
ကိုရီးယားရုပ်ရှင်လောကဟာ ကမ္ဘာတစ်ဝန်းကျယ်ပြန့်တာကြောင့် အချိန်နေရာမရွေး ကြည့်ရှုနိုင်ပါတယ်။ အခုဆို ကိုရီးယားအခြေစိုက်ရုပ်သံဌာနမှတင်မဟုတ်ဘဲ တိုက်ရိုက်လွှင့်ပေးနိုင်တဲ့ စနစ်များရှိတဲ့အတွက်ကြောင့် အသစ်ထွက်တိုင်း နောက်ကျရမှာမစိုးရိမ်ရတော့ပါဘူး။

၁၂. အစီအစဉ်ကျတယ်
နာမည်ကြီးဇာတ်လမ်းတွဲတွေဟာ များသောဖြင့် ၁၆ ပိုင်းမှ အပိုင်း ၂၀ ထိသာရှည်ကြပါတယ်။ ဒါကြောင့်မို့လို့ မလိုအပ်ပဲဇာတ်လမ်းကိုဆွဲဆန့်ထားတာမျိုးမရှိပါဘူး။ ကြည့်ရှုသူကိုမငြီးငွေ့စေပါဘူး။

၁၃. မကြည့်ရမနေနိုင်အောင် စွဲလမ်းစေတယ်
ဇာတ်လမ်းအစပျိုးချိန်မှ ဇာတ်ရှိန်တတ်ချိန် ထိုမှတစ်ဆင့် ဇာတ်သိမ်းချိန်အထိ ကြည့်ရှုသူပါ ဇာတ်ဆောင်နေရာက ကိုယ်တိုင်ခံစား တွေ့ကြုံနေရသလို ဆွဲဆောင်နိုင်တာကြောင့် မကြည့်ရမနေနိုင်အောင် စွဲလမ်းကြပါတယ်။


နှင်းပွင့်

No comments