Header Ads

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစတင်ဖို့ မရှိမဖြစ်လိုအပ်သည့် အချက် (၅) ချက်


ကျွန်တော်သည် စီးပွားရေးပညာရှင်မဟုတ်ပါ။ စီးပွားရေးပညာရပ်နှင့်ပက်သက်သော ဘွဲ့ များ လည်းမရှိပါ။ ဒါကြောင့် ဒီဆောင်းပါးထဲမှာ ဥပမာပေးထားသောအချက်များသည် စာတွေ့ ထက် ကျွန်တော် ကြုံတွေ့ ဖြတ်ကျော်ခဲ့သော လက်တွေ့ များပေါ်တွင်သာ မူတည်ရေးထားပါသည်။

ကိုယ်ပိုင်စီးပွားရေးတစ်ခုစတင်ဖို့ ဆိုတာ အရမ်းကြီးတော့ မခက်လှပါဘူး။ သို့ ပေမယ့် လွယ်လားဆိုတော့ လည်း မလွယ်ပါဘူး။ လုပ်ငန်းတစ်ခု အောင်အောင်မြင်မြင် လည်ပိတ်ဖို့ ကို အနှောက်အယှက်ဖြစ်စေနိုင်သည့် မမြင်ရသည့် အခက်အခဲများ၊ ပြိုင်ဆိုင်မှုများ၊ အဟန့် အတားမျာကို သိထားဖို့ လိုအပ်ပါတယ်။ အချို့ အဟန့် အတားများသည် လုပ်ငန်းစတင်တဲ့ အချိန်မှာ သိသာတာမျိုးမဟုတ်ပဲ လုပ်ငန်း အရှိန်ရလာတဲ့ အခါမှ ထွက်ပေါ်လာတာမျိုးတွေလည်းရှိတတ်ပါတယ်။ အဲ့ဒီ အဟန့် အတားတွေကြုံတွေရတဲ့ အခါမှာရင်ဆိုင်ဖြတ်ကျော်နိုင်ဖို့ အောက်မှာပြောမယ့်အချက် (၅) ချက်ဟာ အရမ်းအရေးပါလှပါတယ်။

(၁) စိတ်အားထက်သန်မှု

ကိုယ်ပိုင်စီးပွားရေးလုပ်တာပဲ။ စိတ်အားထက်သန်မှုက ရှိတာပေါ့လို့ လွယ်လွယ်ပြောလို့ မရပါ။
တကယ့်ကို စိတ်အားထက်သန်မှု ရှိဖို့ လိုအပ်ပါတယ်။
ဘာကြောင့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ဖို့လိုတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့ လိုပါတယ်။ ဘာလို့ လည်းဆိုတော့ အဲ့ဒီလိုအကြံထွက်ပေါ်လာအောင် တွန်းအားပေးတဲ့ အားချင်း မတူလို့ ပါပဲ။ တွန်းအားနဲနဲ နဲ့ ထွက်ပေါ်လာတဲ့ အကြံဥာဏ်ဟာ လွယ်လွယ်နဲ့ ပျောက်သွားနိုင်ပါတယ်။
သင့်ကိုယ်သင်ပြန်မေးကြည့်ပါ။
စီးပွားရေး လုပ်ချင်တာဟာ အခုလက်ရှိအလုပ်က သူဌေးနဲ့ အဆင်မပြေလို့ လား။ ဒါဆို နောက်အလုပ်အသစ်မှာ အဆင်ပြေသွားနိုင်ပါတယ်။ စီးပွားရေးထွက်လုပ်စရာမလိုပါ။
တကယ့်ကို စွန့် ဦးတီထွင်သူတစ်ယောက်ဖြစ်ချင်တာလား။ ဒါမှမဟုတ် ၀ါသနာပါရာလေးကို ထလုပ်တာလား။
အဲ့ဒီအချက်တွေပေါ်မူတည်ပြီး စိတ်အားထက်သန်မှု ကွားခြားသွားနိုင်ပါတယ်။

(၂) ပိုက်ဆံအလုံအလောက်ရှိခြင်း။
လူတိုင်းသိကြပါတယ်။ ပိုက်ဆံရှာဖို့ အတွက် ပိုက်ဆံကို သုံးရမယ်ဆိုတာကို နားလည်ကြပြီးသားပါ။ ဒါပေမယ့် ဘယ်လောက်သုံးရမယ်ဆိုတာကို နားလည်တဲ့ လူကတော့ အရမ်းနည်းလွန်းပါတယ်။
ကိုယ်ပိုင်စီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုလျှင် ဘယ်လို အသုံးစားရိတ်တွေ နဲ့ ရင်ဆိုင်ရမလဲ။ နေရာ၊ဆိုင်ခန်း၊ ကြော်ငြာခ၊ သင်တန်း၊ ၀န်ထမ်းလစာ၊ ရှေ့ နေ၊ စာရင်းကိုင်ငှားခ၊ အစရှိတာတွေ ရှိပါတယ်။ ဒါတွေက လူတော်တော်များများ တွက်ချက်ကြပါတယ်။
ဒါပေမယ့် တော်တော်များများမေ့တဲ့ အချက်ကတော့ နေ့ စဉ်အသေးသုံးလေးတွေပါ။ Clients တွေနဲ့ နေ့ လည်စာတူတူစားတာတို့ ၊ ဟိုနားဒီနား Taxi ငှားစီးတာတို့ ၊ ပုံမှန်ဝင်ငွေမရှိချိန်မှာ ရုတ်တရက်ပေါ်လာတဲ့ မမျှော်မှန်းထားတဲ့ ပိုက်ဆံကုန်ပေါက်တွေပါ။
အဲ့ဒါတွေကို ကြိုတင်တွက်ချက်ထားဖို့ လိုအပ်ပါတယ်။ မဟုတ်လျှင် အဲ့ဒီအချိန်မှာ ထွက်ပေါ်လာမယ့် စိတ်ဖိစီးမှုတွေဟာ သင့်စီးပွားရေးလုပ်ငန်းကို အကြီးအကျယ်ထိခိုင်နိုင်ပါတယ်။

၃။ ဈေးကွက်
ပြိုင်ဖက်မရှိတဲ့ ဈေးကွက်ထဲကို ၀င်ရောက်လုပ်ကိုင်နိုင်ခြင်းကတော့ အကောင်းဆုံးဖြစ်ပါတယ်။ Blue Ocean idea မျိုးပေါ့။ အဲ့ဒါရဲ့ ဆန့် ကျင်ဖက်ကတော့ ပြိုင်ဆိုင်မှုတွေနဲ့ ပြည့်နေတဲ့ Red Ocean ပေါ့။
ဒါပေမယ့် တစ်ခါတစ်လေမှာ အဆင်ပြေမယ့် Blue Ocean ကို စောင့်နေတာထက် Blue Ocean ကို ကိုယ်တိုင် ဖန်တီးဖို့ လိုအပ်ပါလိမ့်မယ်။ တစ်နည်းအားဖြင့်တော့ ကိုယ့်ဈေးကွက်ကို ကိုယ်တိုင်ဖန်တီးတာပါပဲ။ တော်တော်များများကတော့ Steve Job နဲ့ ဥပမာပေးပါတယ်။ Steve Job ဟာ apple products အပေါ် သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖန်တီးခဲ့တာပါ။

၎။ ကိုယ်ရည်ကိုယ်သွေး
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်မှာဘယ်လို ကိုယ်ရည်ကိုယ်သွေးရှိသင့်သလဲ။
ခေါင်းဆောင်မှုစွမ်းရည်လား၊ တီထွင်ကြံဆနိုင်မှုလား၊ ပေါင်းသင်းဆက်ဆံရေးလား၊ ဒါတွေက အကုန်လုံးသိထားပြီးသား လိုကိုလိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေပါ။
ဒါပေမယ့် သိပ်ပြီး မသိသာပေးမယ့် အရေးကြီးတဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိပါသေးတယ်။
ဥပမာ မရေရာမသေချာမှုများ၊ ရှုပ်ထွေးမှု များနဲ့ အကျွမ်းတ၀င်ရှိမှု၊ လက်ခံနိုင်မှုဟာလည်း အရေးကြီးတဲ့ အရည်အချင်းဖြစ်လာပါတယ်။ ဘာလို့ လည်းဆိုတော့ စီးပွားရေးလုပ်တဲ့အခါမှာ လျှောက်ရမယ့်လမ်းဟာ အမြဲမဖြောင့်ဖြူးနိုင်ပါဘူး။ တစ်ခါတစ်လေေ၀၀ါးမှုတွေ၊မသေချာမှုတွေ ရှိနိုင်ပါတယ်။ အဲ့ဒါတွေကို ရင်ဆိုင်နိုင်ပြီး ဖြေရှင်းကျော်ဖြတ်နိုင်တဲ့ အရည်အချင်းလိုအပ်ပါတယ်။
စူးစမ်းလေ့လာမှုကလည်း အရေးကြီးပါတယ်။ အဲ့ဒီစူးစမ်းမှုကနေတဆင့် အကြံဥာဏ်အသစ်များ ထွက်ပေါ်လာနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ သည်းခံနိုင်မှုပါ။ မအောင်မြင်မခြင်း သည်းခံနိုင်မှုဟာလည်း အရေးကြီးတဲ့ အရည်အချင်းတစ်ခုပါပဲ။

(၅) သင့်လုပ်ငန်းအပေါ်ကို မဆုတ်မနစ်ယုံကြည်မှု
ကိုယ်လုပ်နေတဲ့အလုပ်၊ကိုယ်လျှောက်နေတဲ့လမ်းကြောင်းကိုမှ မယုံကြည်လျှင် အောင်မြင်မှုနဲ့ ဝေးမှာပါ။ ကိုယ်မှ မယုံကြည်မှတော့ ကိုယ့်ဝန်ထမ်းတွေကိုလည်း ယုံကြည်လာအောင် မလုပ်နိုင်တော့ပါ။
ဒါတွေကတော့ စီးပွားရေး လုပ်ငန်းတစ်ခုစတင်ဖို့ အတွက်မရှိမဖြစ်လိုအပ်တဲ့ အချက် (၅) ချက်ပါပဲ။ ဒီထက်များတဲ့ အချက်တွေလည်းရှိဦးမှာပါ။ ထပ်ဖြည့်လို့ ရပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။


ကိုဟိန်း (Prospect Myanmar)

No comments