အကြောက်တရားကို ဘယ်လိုရင်ဆိုင်ရမလဲ
အကြောက်တရားကို အကောင်းဆုံး ရင်ဆိုင်နည်းကတော့ ထိပ်တိုက်တွေ့ခြင်းပါပဲ။
ကျွန်တော်ငယ်ငယ်က စကားထစ်တတ်တယ်။ စကားထစ်တတ်သူများဟာ သူများနဲ့ စကားပြောတဲ့နေရာမှာ အားငယ်စိတ်ရှိတတ်ပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလဲ ပျောက်ဆုံးနေတတ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်စကားထစ်တာ သူများကို အနှောင့်အယှက်များ ဖြစ်နေမလား၊ သူများက ကိုယ့်ကိုလှောင်မလား စတဲ့ အတွေးမျိုးဝင်နေတတ်လို့ပါ။
အခုတော့ ငယ်ငယ်ကလို အရမ်းထစ်နေတာမျိုး မရှိတော့ပါဘူး။ ကျွန်တော့နည်းလမ်းကတော့ အကြောက်တရားကို ထိပ်တိုက်တွေ့လိုက်တာပဲ။ ပွဲတွေမှာ စင်ပေါ်တက်ပြီး ကျွန်တော် စကားထွက်ပြောတယ်။ Foreigner နဲ့ တွေ့ရင် စကားထစ်တာကို မေ့ထားပြီး မရအရ ပြောတယ်။ စာသင်တယ်။ လူရှေ့မှာ စကားပြောရတဲ့ အလုပ်တွေကိုပဲ ရွေးပြီး လုပ်ခဲ့ပါတယ်။
အကြောက်တရားဟာ အပြင်လောကက လာတာထက်၊ ကိုယ့်စိတ်အတွင်းပိုင်း လာတတ်တာ ပိုများပါတယ်။ တစ်ခုခုကို လုပ်ရမှာကြောက်တယ်ဆိုရင် လုပ်လိုက်ပါ။ နည်းပညာအသစ်တစ်ခုကို ကြောက်တယ်ဆိုရင် အဲဒီနည်းပညာကို လေ့လာလိုက်ပါ။ အလုပ်ထွက်ရမှာ ကြောက်တယ်ဆိုရင် ထွက်ဖြစ်အောင် ထွက်လိုက်ပါ။
The Dark Knight Rises ရုပ်ရှင်ကား ကြည့်ဖူးမလားမသိဘူး။ ဒီကားထဲမှာ Bruce Wayne ကို ရန်သူတော် Bane က တွင်းထဲမှာရှိတဲ့ အကျဉ်းထောင်ထဲမှာ ခါးချိုးပြီး ပိတ်လှောင်ထားခဲ့ပါတယ်။ တစ်ခုတည်းသော လွတ်လမ်းကတော့ တွင်းပေါ်ကို တက်ဖို့ပါပဲ။ တက်တဲ့လမ်းအလည်မှာ ဒီဘက်အထစ်ကနေ ဟိုဘက်အထစ်ကို ခုန်ကူးရတဲ့နေရာရှိပါတယ်။ Bruce Wayne ဟာ ခါးမှာ ကြိုးချည်ပြီး အကြိမ်ကြိမ်ခုန်ကူးပေမယ့် ကူးလို့မရခဲ့ဘူး။
နောက်ဆုံးအကြိမ်မှာတော့ ကြိုးမပါဘဲ ခုန်ကူးတော့မှ ဟိုဘက်ကို ရောက်ခဲ့ပါတယ်။ ဒါဟာ အကြောက်တရား ရဲ့ အကူအညီကို ယူလိုက်တာပါပဲ။
အကြောက်တရားဟာ အသုံးချတတ်ရင် တွန်းအားဖြစ်စေပါတယ်။ ဆင်းရဲမှာ ကြောက်တဲ့စိတ်ကြောင့် အမြဲချမ်းသာစေနိုင်ပါတယ်။ မအောင်မြင်မှာ ကြောက်တဲ့စိတ်ကြောင့် အောင်မြင်စေနိုင်စွမ်းပါတယ်။
အကြောက်တရားကို ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် အခက်အခဲကို ကျော်လွှားနိုင်ကြပါစေ။
အောင်မွန်ချမ်း
www.myanmarleaders.com
Post a Comment