Header Ads

အောင်မြင်မှုအတွက် ဆုံးဖြတ်ချက်


ဝန်ထမ်းလုပ်နေသူဟာ လက်ရှိအလုပ်က ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ချင်နေတယ်။ ဘာလုပ်ငန်း လုပ်ရမလဲဆိုတာ စိတ်ကူးမှာ ရှိထားပြီးသားပါ။ ဒါပေမယ့် စိတ်ကူးကို အကောင်အထည်ဖေါ်ဖို့ လက်ရှိအလုပ်က မထွက်ရဲဘူး။ ဘာကြောင့်လဲ။ အကြောင်းပြချက်တွေက အရင်းအနှီး မရှိဘူး။ လက်ရှိအလုပ်က ထွက်လိုက်ရင် မိသားစု စားဝတ်နေရေး ဒုက္ခရောက်သွားမယ်။ အောင်မှ အောင်မြင်ပါ့မလား။ ဘဝအတွက် အင်မတန် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရမှာမို့ သူ့စိတ်ကူးကို အကောင်ထည်ဖေါ်ရကောင်းမလား မကောင်းဘူးလားနဲ့ စိတ်ထဲမှာ ချီတုံချတုံ ဖြစ်နေတယ်။

ဒါပေမယ့် စိတ်ကူးထားတဲ့ အိပ်မက်ကို အကောင်အထည်ဖေါ်ဖို့ ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင်ချလိုက်ပြီး ဘီလျံနာသူဋ္ဌေး ဖြစ်သွားသူတစ်ယောက် ရှိပါတယ်။ သူ့နာမည်က ဂျက်မား။ ကမ္ဘာကျာ်အင်တာနက်ကုမ္ပဏီကြီးဖြစ်တဲ့ အလီဘာဘာကုမ္ပဏီကို ထူထောင်ခဲ့သူပါ။

ဂျက်မားက ခုလို ဆုံးဖြတ်ချက်ချဖို့ အခြေအနေမျိုး သူလည်း ကြုံခဲ့ဖူးပါတယ်လို့ ခုလို ပြောပြပါတယ်။
၁၉၉၅ ခုနှစ်တုန်းက အမေရိကန်နိုင်ငံကို ပထမဆုံးရောက်သွားတော့မှ အင်တာနက်ဆိုတာ ဘာလဲဆိုတာကို ကျနော် သိလိုက်ရတယ်။ အဲဒီကနေ တရုတ်ပြည်ကို ပြန်ရောက်တော့ ကျနော့်သူငယ်ချင်း ၂၄ ယောက်ကို အိမ်ကို ဖိတ်ခေါ်လိုက်တယ်။ ကျနော် လက်ရှိလုပ်နေတဲ့ တက္ကသိုလ်ဆရာအလုပ်က ထွက်ပြီး အင်တာနက်လုပ်ငန်း လုပ်မယ်လို့ ပြောလိုက်တယ်။ သူတိုကို အင်တာနက်ဆိုတာ ဘာလဲဆိုတာနဲ့ ကျနော်လုပ်မယ့် အစီအစဉ်တွေကို ၂ နာရီကြာအောင် ရှင်းပြတယ်။ သူတို့ကို ကျနော်နဲ့ ပူးပေါင်းလုပ်ကြမလားလို့ မေးလိုက်တယ်။

တစ်ယောက်ကလွဲလို့ အားလုံးက ကျနော့်အကြံကို ကန့်ကွက်ကြတယ်။ အင်တာနက်လုပ်ငန်းဟာ မအောင်မြင်နိုင်ဘူးလို့လည်း ပြောကြတယ်။ သူတို့ ပြောတာ မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်ဟာ အင်တာနက်ကို ခဏမြင်ဖူးရုံကလွဲလို့ အင်တာနက်အကြောင်းကို ဘာမှနားမလည်ပါဘူး။ နောက်ပြီး အဲဒီအချိန်က တရုတ်ပြည်မှာ အင်တာနက်တောင် မပေါ်သေးဘူး။ လက်ထဲမှာ ရင်းနှီးစရာ ပိုက်ဆံလည်း မရှိဘူး။ မိန်းမယူထားတာလည်း မကြာသေးဘူး။ အဲဒီညမှာ ကျနော် တညလုံး အိပ်မပျော်နိုင်ဘဲ စဉ်းစားတယ်။ အောင်မြင်ဖို့ chance က အလွန့်အလွန်ကို နည်းလွန်းနေတယ်။

မနက်မိုးလင်းခါနီးမှာ စိတ်ကို ဒုံးဒုံးချ ဆုံးဖြတ်လိုက်တယ်။ ငါ့ အိပ်မက်ကို အကောင်အထည်ဖေါ်မယ်လို့။ နောက်တနေ့မှာ တက္ကသိုလ်ဆရာအလုပ်က နူတ်ထွက်စာ တင်လိုက်တယ်။

အိပ်မက်ကို အကောင်အထည်ဖေါ်ဖို့ ပထမဆုံးလိုအပ်ချက်က လုပ်ကိုလုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချလိုက်ခြင်းပါဘဲ။

ဗန်းမော်သိန်းဖေ
၁၄-၀၉-၂၀၁၆

No comments