အောင်မြင်သူများအကြောင်း တစေ့တစောင်း
ဒီကမ္ဘာလောကမှာ အောင်မြင်သူ အမြောက်အများရှိတယ်ဆိုတာအားလုံးသိပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အောင်မြင်မှုရရှိဖို့အတွက် ဘယ်လိုအရာတွေကို လုပ်ဆောင်ခဲ့ရလည်း၊ ဘယ်လိုစွမ်းရည်တွေ ရှိဖို့လိုလည်း ဆိုတာကို သေသေချာချာ ပြန်မသုံးသပ်မိကြပါဘူး။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၊ ကမ္ဘာ့အချမ်းသာဆုံး Bill Gates ၊ Apple ရဲ့ CEO Steve Jobs ၊ Ford ကားထုတ်လုပ်သူ Henry Ford ၊ သိပ္ပံပညာရှင် Edison၊ အမေရိကန်သမ္မတတစ်ဦးဖြစ်တဲ့ Abraham Lincoln စသည့် အောင်မြင်နေတဲ့၊ အောင်မြင်ခဲ့တဲ့ လူတွေ ထဲကမှ အချို့ကိုပြန်သုံးသပ် ကြည့်မယ်ဆိုရင် အောင်မြင်သူတစ်ယောက်မှာ ရှိတဲ့စွမ်းရည်တွေကို သင်မြင်သာသွားမှာပါ။
၁။ စိတ်ဓာတ်ခိုင်မာခြင်း
အောင်မြင်သော လူအများစုကိုကြည့်မယ်ဆိုရင် သူတို့မှာစိတ်ဓာတ်ခိုင်မာမှုရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သူတို့ဖြစ်ချင်တဲ့ အရာ၊ လုပ်ချင်တဲ့ အရာကို ဘယ်လိုအခက်အခဲတွေရှိပါစေ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိသူတွေဖြစ်ပါတယ်။ လွယ်လွယ်နဲ့လက်မလျော့တတ်သလို အောင်မြင်မှုမရသရွေ့ စိတ်ဓာတ်မကျပဲ အားတင်း ရှေ့ဆက်တက်သူတွေဖြစ်ပါတယ်။ သင်လည်းအောင်မြင်ချင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ သင့်ရဲ့အောင်မြင်မှုထံကို အရောက်သွားနိုင်ဖို့ လိုပါ တယ်။
၂။ ဆိုင်ရာနယ်ပယ်အတွက် မပြတ်လေ့လာခြင်း
အောင်မြင်သူတွေကိုကြည့်မယ်ဆိုရင် သူတို့အောင်မြင်ချင်တဲ့နယ်ပယ် အတွက် သက်ဆိုင်ရာအကြောင်းအရာများကို လေ့လာမှုရှိနေတယ် ဆိုတာအသေအချာပါပဲ။ ဘယ်လိုအောင်မြင်သူပဲဖြစ်ဖြစ် လက်ရှိအောင်မြင်နေတာတောင်မှ နောင်ရေရှည်အောင်မြင်ဖို့အတွက် သက်ဆိုင်ရာ အသိပညာကိုမပြတ် လေ့လာနေ ပါတယ်။ ထိုလေ့လာမှုကြောင့်ပဲ သူတို့ဟာ တစ်နေ့မှာအောင်မြင်သူတွေဖြစ်ရမယ်ဆိုတဲ့ သူတို့ရဲ့ ယုံကြည်ချက်ကို အသက်သွင်း နိုင်တာဖြစ်ပါတယ်။ သင့်ရဲ့အောင်မြင်ချင်တဲ့ ယုံကြည်ချက်ကို အသက်သွင်းဖို့ဆိုရင် သင်အောင်မြင်ချင်တဲ့ နယ်ပယ်အတွက် လေ့လာနေမှသာ အောင်မြင်စွာ အသက်သွင်းနိုင်မှာဖြစ်ပါတယ်။
၃။ ရွေးချယ်မှု
ကျွန်တော်တို့ရဲ့ ဘ၀လမ်းမှာ ပညာရေး၊ အလုပ်အကိုင်၊ အနေအထိုင်၊ အ၀တ်အစား စသည့်ရွေးချယ်မှု များကိုနေ့စဉ်နှင့် အမျှ ပြုလုပ်နေရပါတယ်။ ထို့အတူအောင်မြင်သူတွေရဲ့ဘ၀လမ်းမှာလည်း ရွေးချယ်မှုမြောက်များစွာ ကြုံတွေ့ရမှာဖြစ်ပြီး မှန်ကန်စွာရွေးချယ်နိုင်ဖို့ဆိုသည်မှာ မရှိမဖြစ်လိုအပ်တဲ့စွမ်းရည်တစ်ခုဖြစ်ပါတယ်။ အကယ်၍ ရွေးချယ်မှု မှားယွင်းခဲ့လျှင် မိမိလိုချင်တဲ့ အောင်မြင်မှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင်အောင်မြင်ချင်တဲ့ နယ်ပယ်အတွက် မှန်ကန်စွာရွေးချယ်မှု ပြုလုပ်တက်ဖို့ လိုပါတယ်။
၎။ နှစ်မြှုပ်လုပ်ကိုင်တတ်ခြင်း
အောင်မြင်သောသူတွေဆိုတာ သူတို့ရဲ့အလုပ်ကို တစ်စိုက်မတ်မတ် နှစ်မြှုပ်လုပ်ကိုင်တတ်သူတွေဖြစ်ပါတယ်။ အောင်မြင်ဖို့အတွက် ဆိုရင် အပတ်တကုတ် အားထုတ်ကြိုးစားပြီး သူတို့ရဲ့ လုပ်ငန်းနယ်ပယ်မှာ အချိန်တိုင်းကိုဖြတ်သန်းနေသူတွေဖြစ်ပါတယ်။ အောင်မြင်သူများဟာ နှစ်မြှုပ်လုပ်ကိုင်ခြင်းကို အလေ့အကျင့်သဖွယ် ဖြစ်အောင် ပျိုးထောင်ထားပြီး ဘ၀ကိုမိမိအောင်မြင်ချင်သော လုပ်ငန်းနယ်ပယ်မှာ ပုံအောထားသူများဖြစ်ပါသည်။ သင့်အနေနဲ့လည်း သင့်ရဲ့လုပ်ငန်းနယ်ပယ်မှာ နှစ်မြှုပ်လုပ်ကိုင်ပြီး အောင်မြင်မှုကို ဆွတ်ခူးရယူဖို့လိုပါတယ်။
၅။ အနစ်နာခံခြင်း နှင့် စွန့်စားခြင်း
အောင်မြင်သူတွေရဲ့ သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အောင်မြင်ဖို့အတွက် သူတို့ရဲ့ အနစ်နာခံမှု နဲ့ စွန့်စားမှုတွေကို လေးစားဖွယ်တွေ့ရှိရမှာပါ။ လူတွေက “သူအရမ်းအောင်မြင်တာပဲနော် အေးအေး ဆေးဆေး နေလို့ရတာပေါ့” စသဖြင့် အောင်မြင်သူတွေကို အားကျစွာပြောဆိုကြပါတယ်။ အောင်မြင်မှု အရရှိခင် အနစ်နာခံ ပြီး ကြိုးစားထားရတာတွေ၊ အများကြီးစွန့်စားမှုလုပ်ထားရတာတွေကိုတော့ မပြောကြပါဘူး။ အောင်မြင်သူတွေက သူများအပြောခံ၊ အောက်ကျခံပညာရှာ၊ ငွေကြေးတွေကို စွန့်စား ရင်းနှီး စသဖြင့် လုပ်ကိုင်ခဲ့ရပါတယ်။ အကယ်၍ သင့်ဘ၀မှာ တစ်နေ့အောင်မြင် ဖို့ဆိုရင် အနစ်နာခံမှု၊ စွန့်စားမှုတွေကြုံလာချိန်မှာ ရဲ့ရင့်ဖို့အသင့်ပြင်ထားရမှာဖြစ်ပါတယ်။
၆။ သင်ခန်းစာယူတတ်ခြင်း
အောင်မြင်သူများဟာ သူတိုရဲ့ အမှားတွေ တစ်ပါးသူတွေရဲ့အမှားတွေကို သင်ခန်းစာယူပြီး သူတို့ လျှောက်မယ့်လမ်းမှာ အကောင်းဆုံးပြန်အသုံးချကြပါတယ်။ သိပံ္ပပညာရှင် Edison အနေနဲ့ မီးလုံးတစ်လုံး အောင်မြင်ဖို့ကို အမှားပေါင်း ရာချီ၊ ထောင်ချီ ထဲမှသင်ခန်းစာယူပြီး တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။ ထို့အတူ Apple Company ရဲ့ CEO ဖြစ်တဲ့ Steve Jobs ဆိုရင်လည်း သူတည်ထောင်ထားတဲ့ Company မှာ တစ်ကြော့ပြန် CEO ဖြစ်ဖို့ အမှားတွေ ထဲကနေ သင်ခန်းစာယူပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားအားထုတ်ခဲ့ရပါတယ်။ သင့်ရဲ့ဘ၀မှာ အောင်မြင်မှုကို အသေအချာ ပိုင်ဆိုင်ချင်တယ်ဆိုရင် အမှားတွေကို သင်ခန်းစာယူတက်ပြီး သင်လျှောက်မဲ့လမ်းမှာ ပြန်လည်ပြီး တံတား သဖွယ်ခင်းပြီး အောင်မြင်မှု ပန်းတိုင်ကို သွားရမှာဖြစ်ပါတယ်။
၇။ အာရုံစိုက်ခြင်း
တစ်ခါက ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး နှစ်ယောက်ဖြစ်တဲ့ Bill Gates ရယ် Warren Buffett တို့ညစာစားပွဲတစ်ခုမှာ တွေ့ကြပါတယ်။ ထိုညစာစားပွဲမှာ Bill Gates ရဲ့အမေက စားသောက်နေသူအားလုံးကို ရုတ်တရက် မွေးခွန်းတစ်ခုမေးခဲ့ပါတယ်။ မေးခွန်းကတော့ ‘ ဘ၀မှာအောင်မြင်ဖို့အတွက် ဘယ်အချက်က အရေးကြီးဆုံးလဲ’ တဲ့။ အဲဒီအချိန်မှာ Bill Gates နဲ့ Warren Buffett တို့ ပြိုင်တူပြောလိုက်တဲ့စကားကတော့ “အာရုံစူးစိုက်မှု (Focus)” ပါ။ ဒါ့ကြောင့် သင်လည်းတစ်နေ့အောင်မြင်ချင်တယ်ဆိုရင် သင်သွားနေတဲ့လမ်းကို အပြည့်အ၀ အာရုံစိုက်ဖို့လိုပါတယ်။
၈။ ပညာမျက်စိရှိခြင်း
ပညာမျက်စိ ဆိုတာကတော့ ဒီလိုလုပ်သင့်မလုပ်သင့်၊ ဒီလိုပြောသင့်မပြောသင့်၊ ဒီလိုကြံသင့်မကြံသင့်ပါ။ အောင်မြင်သူတွေအများစုကိုကြည့်မယ်ဆိုရင် သူတို့ဟာဘယ်အချိန်မှာ ဘာလုပ်သင့်တယ်၊ ဘာတော့ပြောသင့်တယ် ဆိုတာကို သိရှိပြီး အံဝင်ခွင်ကျအသုံးချတက်သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သူတို့ ကျွမ်းကျင်ရာနယ်ပယ်တွေမှာ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်နေ့ သင်လည်းအောင်မြင်တဲ့ ဘ၀ကို ရရှိဖို့ဆိုရင် ပညာမျက်စိရှိပြီး အံဝင်ခွင်ကျ အသုံးချတက်ဖို့ပြင်ဆင်ထားရမှာဖြစ်ပါတယ်။
၉။ အပျော်အပါး မလိုက်စားခြင်း
အပျော်အပါး မလိုက်စားနဲ့ဆိုတော့ ဘ၀ကြီးကဘယ်မှာလာ အဓိပ္ပါယ်ရှိမှာလည်း ပျော်ရွှင်မှု တွေလည်းပျောက်ဆုံးကုန်မှာလို့ သင် ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ပျော်ရွှင်မှု နဲ့ အပျော်အပါး ဆိုတာ လုံးဝကို ကွဲပြားခြားနားပါတယ်။ ပျော်ရွှင်မှုအတွက် သင်နှစ်သက်တဲ့ ၀ါသနာပါရာ အားကစား၊ ဂီတ၊ စာပေ၊ ခရီးသွားခြင်း စသည့်အရာ တွေကနေရရှိတာဖြစ်ပါတယ်။ အပျော်အပါး ဆိုတာကတော့ သူငယ်ချင်းတွေနဲ့ (သို့) တစ်ယောက်ထဲ ဘီယာဆိုင်ထိုင်လိုက်၊ ပိုက်ဆံလေးလက်ထဲရှိ နေလျှင် မာဆက် သွားလိုက်၊ လောင်းကစားလုပ်လိုက်၊ ဂိမ်းဆော့လိုက် စသည့်အရာတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။ အောင်မြင်သူအများစုဟာ အပန်းဖြေခရီးထွက်တာ၊ ၀ါသနာပါတာ တစ်ခုခုကိုလုပ်တာတွေနဲ့ သူတို့ရဲ့ အောင်မြင်မှုသို့သွားရာလမ်းမှာ အားဖြည့်ကြပါတယ်။ မအောင်မြင်သူတွေကတော့ အလုပ်ကပြန်လာတာနဲ့ အပျော် အပါးအတွက် အချိန်ဖြုန်းရင်းနဲ့ သူတို့ရဲ့ အောင်မြင်မှုတွေကို ဖျက်ဆီးကြပါတယ်။ ဒါ့ကြောင့် မိတ်ဆွေ အပျော်အပါး လုပ်တော့မယ်ဆိုရင် ဆင်ခြင်ပါ ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ အောင်မြင်ချင်သူတစ်ယောက်ဖြစ်လို့ပါပဲ။
၁၀။ ယုံကြည်မှုရှိခြင်း
အောင်မြင်သူတွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်အ၀ရှိကြပါတယ်။ ယုံကြည်မှုလွန်ကဲပြီး အရာရာ ငါလုပ်ရင်ဖြစ်တယ်ဆိုတာမျိုး မဟုတ်ပဲ ဘယ်အလုပ်၊ ဘယ်ကိစ္စကိုတော့ ဘယ်လိုမဖြစ်ဖြစ်အောင်လုပ်လို့ရတယ် ဆိုတဲ့ယုံကြည်မှုမျိုးပါ။ သင်လည်းတစ်နေ့မှာ အောင်မြင်သူတစ်ယောက်ဖြစ်ချင်တယ် ဆိုရင် သင့်ကိုယ်သင်ယုံကြည်မှု ရှိရဲ့လားလို့မေးကြည့်ဖို့လိုပါတယ်။ ကျွန်တော့် မိတ်ဆွေတစ်ဦးဆိုလျှင် ခင်ဗျား ဒီအလုပ်ကိုလျှောက်ကြည့်ပါလား ခင်ဗျား အရည်အချင်းနဲ့ ဖြစ်နိုင်တယ် ဆိုပြီးကျွန်တော် အကြံညဏ်ပေးကြည့်တယ်။ ဒါပေမယ့် သူပြန်ပြောတာက ငါကအဲဒီလောက် မတော်ပါဘူးကွာအလုပ်ရမှာ မဟုတ်ပါဘူးတဲ့။ အဲဒီတော့ သူ့ကိုယ်သူတောင် ယုံကြည်မှုမရှိရင် ဘေးကအကြံညဏ်ပေးတဲ့သူ အနေနဲ့ ဘာမှမတက် နိုင်ပါဘူး။ ဒါ့ကြောင့် အောင်မြင်ချင်သူတစ်ယောက်အတွက် ယုံကြည်မှုဆိုတာ မရှိမဖြစ်လိုအပ်တဲ့အရာ တစ်ခုဖြစ်ပါတယ်။
အောင်မြင်ခြင်းဆိုတာ မွေးရာပါ တံဆိပ်ကပ်ပါလာသော ဆုလဒ်တစ်ခု မဟုတ်ပါဘူး။ အထက်ပါအချက်တွေနဲ့ ဇွဲ၊လုံ့လ၊ ၀ီရိယ တို့ကိုပေါင်းစပ်ပြီး ယုံကြည်ရာတစ်ခုကို အားသွန်ခွန်စိုက် ကြိုးစားခြင်းကြောင့်သာ အောင်မြင်မှုကို ရရှိခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အောင်မြင်ချင်သူ အများအပြားရှိသော်လည်း တစ်ကယ်ဖြစ်မြောက်အောင်မြင်သွားသူတော့ အရမ်းမများပါဘူး။ အောင်မြင်မှု ဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဆိုင်ရာနယ်ပယ်မှာ မပြတ်လေ့လာပြီး နှစ်မြှုပ်လုပ်ကိုင်တဲ့ သူတွေ၊ ကိုယ်အောင်မြင်ချင်တဲ့နယ်ပယ်မှာ အာရုံစိုက်မှုရှိပြီး အမှားတွေကနေ သင်ခန်းစာယူရင်း ပညာမျက်စိနဲ့ ချိန်ထိုးစဉ်းစားတဲ့ သူတွေ၊ ရွေးချယ်မှု မှန်ကန်စွာနဲ့ အပျော်အပါး မလိုက်စားပဲ အနစ်နာခံ စွန့်စားပြီးလုပ်ကိုင်သူတွေ အတွက်သာ ဖြစ်တည်တဲ့ အရာဖြစ်ပါတယ်။
(ဖြိုးမင်းသူ - BGL)
Post a Comment