အလုပ်နည်းနည်း ပြီးမြောက်မှု များများနဲ့ အောင်မြင်တဲ့သူ ဖြစ်အောင် ဘယ်လိုလုပ်မလဲ ? - Guest Post
တနင်္လာနေ့ ဟာ အလုပ်လုပ်တဲ့ သူတိုင်း ကြောက်တဲ့ နေ့ တစ်နေ့ လည်း ဖြစ်ပါတယ်။ ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေမှာ ဆိုရင်တောင် တနင်္လာနေ့ အကြောင်း စဉ်းစားလိုက်တာနဲ့  တီကောင် ဆားတို့ ခံရသလို တွန့် သွားတက်ကြပါတယ်။ အသိမိတ်ဆွေ တစ်ချို့ ကတော့ Monday ဆိုတဲ့အကြောင်းကို သူတို့ ရှေ့ မှာ လာမပြောပါနဲ့ ဆိုတဲ့အထိ ကြုံဖူးပါတယ်။ ဘာကြောင့် တနင်္လာနေ့ ကို ကြောက်ကြတာလဲ ဆိုတာလည်း ရှင်းပါတယ်။ အလုပ်လုပ်ရတဲ့ တစ်ပတ်တာရဲ့ ပထမရက်ဖြစ်ပြီး အလုပ်ရက်ရှည်ကြီးကို ပထမဆုံး ကြုံတွေ့ ရမဲ့ နေ့ ဖြစ်နေလို့ ပါပဲ။ ဝန်ထမ်းများတင်မဟုတ်ပါဘူး အလုပ်ရှင်များ ကုမ္ပဏီ အကြီးအကဲများမှာလည်း ဒီလို ခံစားချက် ရှိပါတယ်။ သူတို့ မှာလည်း ဝန်ထမ်းတွေနဲ့ တွေ့ ရမှာ ကြောက်တဲ့ ရောဂါ ရှိသလို အလုပ် မီတင်တွေ ပရောဂျက်အသစ်တွေ အတွက် ခေါင်းစားရမဲ့ အချိန်စတင်တဲ့ နေ့ ရက်ဖြစ်လို့ ပါပဲ။
ဒါပေမဲ့ လူဆိုတာကလည်း အလုပ်လုပ်ပြီးမှ မိမိဘဝကို တည်ဆောက်ယူရတာ ဖြစ်ပါတယ်။ ဒါကလည်းအလုပ်လုပ်ပြီး ဘဝဝမ်းကျောင်းနေသူတိုင်း ရှောင်လွဲလို့ မရပါဘူး ။ အလုပ်ကနေ သင်ယူရင်း ရင့်ကျက်မှုတွေ၊ နားလည်မှုတွေ ၊ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေနဲ့ သင်ယူရင်း လေ့လာရင်း ရှင်သန်ကြရပါတယ်။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ လူတိုင်း အလုပ်လုပ်ရင်း အချိန်တွေ ကုန်ဆုံးလာပေမဲ့ မိမိတို့  ကုန်ဆုံးလာခဲ့တဲ့ အချိန်တွေကို ဘယ်လို အသုံးချခဲ့တယ် ဘယ်လိုနေရာမှာ ထိထိဖြစ်အောင် ကုန်ဆုံးခဲ့တယ် ဆိုတာကိုလည်း သတိမထားမိဖို့ လိုပါတယ်။
အောင်မြင်နေတဲ့ သူ တော်တော်များများဟာ အချိန်စီမံခန့် ခွဲမှု အပိုင်းကိုလည်း ကျွမ်းကျင်ကြပါတယ်။
သူတို့ ဟာ သူတို့ သွားနေတဲ့ လမ်းကြောင်းကို သိသလို ထိုနေရာရောက်ဖို့ အချိန် နဲ့ လုပ်အားတွေ ကို ဘယ်လိုထိထိမိမိ အသုံးချရမယ် ဆိုတာကိုလည်း တွက်ချက်တက်ကြပါတယ်။ ထို့ အတူ လုပ်ပြီဟေ့ ဆိုရင်လည်း တိတိကျကျ နဲ့ ရေကုန်ရေခမ်း ကြိုးစားကြပါတယ်။ ဒါဟာ လက်ရှိနယ်ပယ် တော်တော်များများမှာ အောင်မြင်နေကြတဲ့ သူတွေရဲ့ အချိန်ကို အသုံးချမှုစွမ်းရည်ပါ။
အောင်မြင်တဲ့ သူတိုင်း အချိန်ကို အကျိုးရှိရှိ အသုံးချပြီး အလုပ်များများပြီးမြောက်အောင် ဘယ်လိုလုပ်ကြသလဲ?
သူတို့ ရဲ့ လုပ်ဆောင်ချက် (၁၀) ခုလောက်ကို ဘုံတူညီချက် အနေနဲ့ ထုတ်ထားပါတယ်။
(၁) သူတို့ ဟာ ချိတ်ဆက်မှုတွေကို ခဏရပ်တန့် နိုင်စွမ်းရှိတယ်။
ချိတ်ဆက်မှုတွေကို ခဏရပ်တန့် ထားတာက ပိတ်ရက်မှာ အရေးကြီးတဲ့ ဗျူဟာ တစ်ခုလည်း ဖြစ်ပါတယ်။ ပြောချင်တာက အလုပ်လုပ်တဲ့ တစ်ပတ်တာလုံး မမောမပန်း လုပ်နိုင်ရင်တောင် သောကြောညနေ့ က စပြီး တနင်္လာမနက်အထိ အလုပ်ကိစ္စထဲ ရောက်နေအုံးမယ် ဆိုရင် မိတ်ဆွေဟာ အလုပ်ကို ကိုယ်ပိုင်အချိန်မှာတောင် အလုပ်ကိစ္စကို စီမံခန့် ခွဲမှု ညံ့သူ တစ်ယောက်လို့ မြင်နိုင်ပါတယ်။ မိမိကိုယ်ကိုယ် ၂၄ နာရီ ၇ရက်လုံး အလုပ်လုပ် နိုင်တဲ့ အထိ ခံနိုင်ရည် ရှိတယ် ဆိုရင်တောင် စိတ်ဖိဆီးမှု ဒဏ်ကိုတော့ ခံနိုင်လိမ့်မယ် မထင်ပါဘူး ။ ဘာလို့ လဲဆိုတော့ မိမိ အလုပ်ကို နားချိန်မှာ နားပြီးအလုပ်မှာ ပြန်လည် အာရုံစိုက်နိုင်ဖို့  ပြန်လည် အားဖြည့်ဖို့ ဆိုတာတွေ လိုအပ်ပါတယ်။ အသစ်အသစ်တွေ တွေးနိုင်ဖို့  ခဏနားချိန်လေးတော့ လိုအပ်ပါတယ်။
(၂) သူတို့ ဟာ အိမ်မှု ကိစ္စတွေကို ချုံ့ နိုင်တယ်။
ပိတ်ရက်မှာ အိမ်မှု ကိစ္စတွေ လုပ်တာဟာ တကယ်တော့ ရယ်စရာကောင်းတဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။ ဘာလို့ လဲ ဆိုတော့ ဒီ အိမ်မှု ကိစ္စ အားလုံးကို လိုက်လုပ်နေမယ် ဆိုရင် မိမိ နားဖို့ နဲ့ မိမိကိုယ်ကိုယ် သုံးသပ်ဖို့ အချိန်တွေ ဆုံးရှုံးရမှာ ဖြစ်လို့ ပါပဲ။ ပိုဆိုးတာက အိမ်မှုကိစ္စကလည်း မိမိ အလုပ်ကြီးအကိုင်ကြီး တစ်ခုလို ခံစားနေရတာပါပဲ ။ လုပ်နေရတာ မပြီးနိုင်တော့ပါဘူး ။ ဒီလို အပတ်တိုင်း လုပ်နေမယ် ဆိုရင်တော့ တစ်ပတ်ကို ၇ရက် အလုပ်လုပ်နေတာနဲ့ ဘာမှ မထူးတော့ပါဘူး ။ဒါကို ကောင်းကောင်းပြောင်းလဲဖို့ နည်းလမ်း ကတော့ အိမ်မှု ကိစ္စလုပ်မဲ့ အချိန်တွေကို အချိန်ဇယားလုပ်ပြီး ဘယ်အချိန်ကနေ ဘယ်အချိန် ၊ စနေနေ့ မှာတော့ ဘာလုပ်မယ်။ တနင်္ဂနွေနေ့ မှာတော့ ဘာလုပ်ဆိုပြီး တိတိကျကျ အချိန်သတ်မှတ်ထားဖို့ လိုပါတယ်။ အကယ်လို့ ကိုယ်ပေးထားတဲ့ အချိန်မှာ မပြီးဆီးနိုင်ဘူး ဆိုရင် လည်း တခြားပိတ်ရက်တွေမှာ ပဲ ထပ်လုပ်ဖို့  အကြံပြုလိုပါတယ်။
(၃) သူတို့ ဟာ မိမိကိုယ်ကိုယ် ပြန်လည် သုံးသပ်ကြတယ်။
အပတ်စဉ် ပြန်လည် သုံးသပ်ခြင်းဟာ မိမိကိုယ်ကိုယ် တိုးတက်စေဖို့ အကောင်းဆုံး နည်းလမ်း တစ်ခုပါပဲ။ ပိတ်ရက် ကို ကောင်းကောင်း အသုံးချပြီး မိမိကိုယ်ကိုယ် သုံးသပ်ခြင်း အလုပ်ကို ကြီးကြီးမားမား အားစိုက်လုပ်သင့်ပါတယ်။ မိမိရဲ့ လုပ်ဆောင်ချက် တွေ ထုတ်ကုန်တွေကို ပိုကောင်းအောင် ပြန်လည် သုံးသပ်တာတွေ ၊ မိမိ အဖွဲ့ အစည်းအတွက် ၊ မိမိ အလုပ်အတွက် အချိန်ပေးပြီး လုပ်ခဲ့သမျှကို သုံးသပ်ဖို့ လိုပါတယ်။ ဒီ သုံးသပ်ချက်တွေကို အရင်းပြုပြီး နောက်လာမဲ့ အပတ်စဉ်တွေ ဘယ်လိုပိုကောင်းအောင် လုပ်မယ်။ ဘယ်လို တိုးတက်အောင်လုပ်မယ်။ အချိန်တိုတိုနဲ့ ထိထိရောက်ရောက် ဖြစ်အောင် လုပ်မယ် ဆိုတာကို သိလာမှာ ဖြစ်ပါတယ်။
(၄) သူတို့ ဟာ ကျန်းမာရေး လိုက်စားတယ်။
အပတ်တိုင်းမှာ လေ့ကျင့်ခန်း လုပ်ဖို့  အတွက် အချိန်မရှိဘူး လို့  ထင်ပါသလား။ ပိတ်ရက်ပေါင်း ၄၈ နာရီမှာ ဒါကိုလုပ်လို့ ရပါတယ်။ ၁၀ မိနစ်စာလောက် လေ့ကျင့်ခန်း တစ်ခု လုပ်တာဟာ စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပေးခြင်းဟာ အကြံဥာဏ်အသစ်တွေကိုပါ ထွက်ပေါ်လာစေပါတယ်။ တီထွင် ဖန်တီးသူများ နဲ့ အခြားသော အောင်မြင်သူများဟာ ပြင်ပလှုပ်ရှားမှုတွေကနေ ဖန်တီးမှု စွမ်းအင်ကို ရရှိနိုင်တယ် ဆိုတာကို ကောင်းကောင်းသိကြပါတယ်။ လူတစ်ချို့ နဲ့ တစ်ချို့ ကလည်း အကြံဥာဏ်ကောင်းတွေ ထွက်ပေါ်တာခြင်း မတူညီကြပါဘူး ။ တစ်ချို့ က ခရီးသွားရင်း အကြံဥာဏ်များ ရရှိတက်သလို ။ တစ်ချို့ က ပင်လယ်ပြင်မှာ ရေလှိုင်းစီးရင်း ၊ တောင်တက် စက်ဘီးစီးရင်း ၊ ဥယျာဉ်မှာ အပင်စိုက်ရင်း စသဖြင့် မတူညီတဲ့ လှုပ်ရှားမှုတွေကနေ ရရှိတက်ကြပါတယ်။ ဒီလိုအချိန်ပေးဖို့ အတွက်ကလည်း ပိတ်ရက်ဟာ အရေးကြီးတယ်လို့  ဆိုရမှာ ဖြစ်ပါတယ်။
(၅) သူတို့  လုပ်ခြင်စိတ် ပြင်းပြတဲ့ အနောက်ကို လိုက်လေ့ရှိတယ်။
ကိုယ်စိတ်ပါတဲ့ အရာကို ပိတ်ရက်လိုနေ့ မျိုးမှာ လုပ်ကိုင်ရတဲ့ အခါ မိမိကိုယ်ကိုယ် အံ့သြရတဲ့ အထိ ပျော်ရွင်မှု ရရှိတာကို တွေ့ ရမှာပါ။ ကိုယ် စိတ်ပါဝင်စားတဲ့ အရာ တစ်ခုဟာ ကိုယ့်အတွက် အကောင်းဆုံး စိတ်ထွက်ပေါက်လည်း ဖြစ်ပါတယ်။ ဥပမာ ပြောရရင် သီချင်းဆိုတာ ၊ ဂီတာ တီးတာ ၊ စာဖတ်တာ ၊ စာရေးတာ ၊ ပန်းချီဆွဲတာ စတာတွေဟာ ကိုယ်စိတ်ပါဝင်စားတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တာမို့ လို့ အတွေးအမြင်တွေကိုပါ ကောင်းမွန်စေပြီး လာမဲ့ ရုံးတက်ရက်တွေမှာ ပျော်ရွင်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
(၆) သူတို့ ဟာ မိသားစုကို အချိန်ပေးတယ်။
မိမိတို့ ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို မိသားစုနဲ့ ပိတ်ရက်တွေမှာ ကုန်ဆုံးရတာကလည်း မိမိကိုယ်ကိုယ် ပင်ပန်းမှု ပြေပျောက်စေပြီး စိတ်ရော လူပါ အားအင်တိုးစေပါတယ်တဲ့။ အဲ့ဒီပိတ်ရက် အချိန်လေးမှာ မိသားစုနဲ့ အတူတူချက်ပြုတ်စားသောက်တာ ၊ စားသောက်ဆိုင်တို့  ရှော့ပင်းမောတို့ အတူတူ သွားတာ စသဖြင့် မိသားစုနဲ့ အချိန်ပေးပြီး ကုန်ဆုံးစေခြင်းဟာ မိမိကိုယ်ကိုယ် အထီးကျန်ခြင်းလည်း ကင်းဝေးစေပြီး စိတ်ချမ်းသာမှုကို ရရှိစေပါတယ်။ ဒါဟာ အကောင်းဆုံး လုပ်ဆောင်ချက် တစ်ခုလို့ လည်း အကြံပြုထားပါတယ်။
(၇) သူတို့ ဟာ လှုပ်ရှားမှု အသေးစားလေးတွေ အတွက်တောင် အချိန်ဇယားလုပ်လေ့ရှိတယ်။
လက်မှတ်ဝယ်ပြီး ရှိုးပွဲကို သွားကြည့်မလား ၊ အပြင်ထွက်ပြီး ကစားကွင်းသွားမလား ၊မြို့ ထဲက အခုမှ ဖွင့်တဲ့ ဆိုင်တစ်ခုခု ဟိုတည်တစ်ခုခုကို သွားပြီး လေ့လာမလား ။ တောင်တက်ဖို့ အတွက် အစီအစဉ်ဆွဲမလား ။ ဒါမှမဟုတ် တစ်ခါမှ မလုပ်ဖူးတဲ့ အရာတစ်ခု ၊ မလုပ်တာ ကြာပြီ ဖြစ်တဲ့ အရာတစ်ခုကို ပြန်လုပ်ကြည့်မလား ။ လေ့လာချက်များ အရ ဒီလို အထင်ကရ ဘဝအစိတ်အပိုင်းတွေကနေ ကောင်းတဲ့ အရာတွေ ထွက်ပေါ်လာတက်တယ်လို့  ဆိုထားပါတယ်။ ကိုယ် လုပ်ချင်တာတစ်ခုခုကို သေသေချာချာ ပလန်ချပြီး ပိတ်ရက်မှာ အချိန်ပေးမယ်ဆိုရင် မိတ်ဆွေရဲ့ ခံစားမှု စိတ်ကူး စိတ်သန်တွေ ကောင်းလာစေပြီး အလုပ်ခွင်မှာ တိုးတက်စေဖို့ အသေအချာပါပဲ။
(၈) သူတို့ ဟာ နေ့ တိုင်း အချိန်အတိအကျ အိပ်ရာထလေ့ရှိတယ်။
နေ့ စဉ်ပုံမှန် အချိန်ကိုက် အိပ်ရာ ထခြင်းဟာ ခန္ဒာကိုယ်ထဲမှာ ရှိတဲ့ သွေးလည်ပတ်မှုကို ကောင်းစေပြီး ဦးနှောက်ကို ကြည်လင်စေကာ လူကိုလည်း လန်းဆန်းစေပါတယ်။ နံနက်ခင်း ပုံမှန် အချိန်ကိုက် အိပ်ရာထခြင်းဟာ မိတ်ဆွေကို စိတ်မရွင်မလန်းဖြစ်ခြင်း နဲ့  ပင်ပန်းခြင်းကို ကင်းဝေးစေပါတယ်။ အကယ်လို့  ပုံမှန်အချိန် နဲ့ ထတဲ့အကျင့်မရှိဘူး ဆိုရင် တစ်နေ့ တာ နေ့ ရက်တွေမှာ လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာစေပြီး ဦးနှောက်လုပ်နိုင်စွမ်းလည်း လျော့ပါးစေပါတယ်။ ဒီတော့ အချိန်ကိုက် ထနိုင်အောင် ညကိုလည်း အိပ်ရာကို အချိန်နဲ့ ကွတ်တိ ဝင်ပြီး နံနက်ကိုလည်း အချိန်နဲ့ ကွက်တိ ထပေးတာမျိုး လုပ်ပေးရပါမယ်။
(၉) သူတို့ ဟာ လာမဲ့ အပတ်အတွက် ပြင်ဆင်မှု ရှိတယ်။
ပိတ်ရက်မှာ နားခြင်းဟာ အလုပ်လုပ်ရတဲ့ ရက်သတ္တပတ်ကို အကောင်းဆုံး အစီအစဉ်ချခြင်းပဲ ဖြစ်ပါတယ်။ မိနစ် သုံးဆယ်ခန့်  ပလန်ချခြင်းဟာ မိတ်ဆွေကို လုပ်ဆောင်ချက် အားကောင်းစေပြီး စိတ်ဖိစီးမှုလည်း လျော့ချပေးနိုင်ပါတယ်။ အလုပ်လုပ်ရက်တွေကို သေချာစွာ စီမံခန့် ခွဲနိုင်ပြီး သေချာစွာ အာရုံစူးစိုက်နိုင်မှာ ဖြစ်ပါတယ်။ ဘာလို့ လဲ ဆိုတော့ မိတ်ဆွေဟာ မိမိ တစ်ပတ်တာအချိန်ကို ကောင်းမွန်စွာ အသုံးချနိုင်လို့ ပဲ ဖြစ်ပါတယ်။
Writer - Freddy
Post a Comment