လူငယ်တွေ အောင်မြင်ဖို့ရာ နည်းဗျူဟာ
လူငယ်တွေ အောင်မြင်ဖို့အတွက် 80/20 Rule အကြောင်းကို Guest Writer နောင်နောင်မှ ရှင်းလင်းရေးသား ပေးထားပါတယ်.။ (7 Mins Read)
1895 ခုနှစ်က အီတလီ နိုင်ငံသား စီးပွားရေး ပညာရှင် Vilfredo Pareto က အယူအဆ အသစ် တစ်ခုကို ချပြခဲ့ ပါတယ်။ သူ့ရဲ့ အယူအဆဟာ စီးပွားရေး လောကကြီးကို အကြီးအကျယ် အကျိုး သက်ရောက်မှု ရှိခဲ့ ပါတယ်။
သူ့ရဲ့ အယူအဆက ဘာလဲဆိုတော့ 20% သော လူနည်းစု တွေဟာ ရှိရှိသမျှ စည်းစိမ် ချမ်းသာမှု တွေရဲ့ 80% ကို ပိုင်ဆိုင် ကြပြီး၊ လူများစု ဖြစ်တဲ့ 80% က ကျန်တဲ့ စည်းစိမ် ချမ်းသာမှုတွေရဲ့ 20% ကိုသာ ပိုင်ဆိုင် ကြတယ် ဆိုတာ ပါပဲ။ ပြောချင် တာက ကမ္ဘာကြီးရဲ့ လက်တစ်ဆုပ်စာ လောက်ကပဲ ကြီးကြီးတက် ချမ်းသာပြီး၊ လူအများစု ကတော့ သာမန် လောက်သာ ရှိကြ ပါတယ်တဲ့။ ထားပါတော့ လူနည်းစုက ချမ်းသာပြီး၊ လူများစုက ဆင်းရဲ နေတယ် ဆိုပါတော့။ အဲဒီ အယူအဆကိုပဲ Pareto Principle လို့ ခေါ်ပါတယ်။ 80/20 Rule လို့လဲ ခေါ်ပါတယ်။
Pareto ရဲ့ 80/20 Rule ဟာ စီးပွားရေးကို ပုံဖော် လုပ်ဆောင်တဲ့ နေရာမှာ ထိရောက်မှု ရှိရုံတင် မကပဲ လူတွေရဲ့ ဘဝပေါင်း များစွာကိုပါ တိုးတက် ပြောင်းလဲ နိုင်စွမ်းရှိလို့ တစ်ကမ္ဘာလုံးက ယနေ့ထက် ထိကို လက်ခံ ယုံကြည် ကျင့်သုံး နေတဲ့ စီးပွားရေး အယူ အဆ တစ်ခုပဲ ဖြစ်ပါတယ်။ Pareto ရဲ့ 80/20 Rule ဟာ တစ်ဦး တစ်ယောက်ချင်းဆီ တိုးတက် အောင်မြင်ဖို့ တင်မကပဲ နိုင်ငံနဲ့ အဝှမ်း စီးပွားရေး တိုးတက် ဖွင့်ဖြိုးဖို့ရာ အတွက်ပါ အများကြီး အထောက် အကူ ပြုခဲ့ ပါတယ်။
ဒီနည်းကို အသုံးပြုပြီး ချမ်းသာ ကြွယ်ဝ သွားတဲ့ သူတွေ အများကြီး ရှိသလို၊ တိုးတက် အောင်မြင် ကျော်ကြား သွားတဲ့ သူတွေလည်း အများကြီး ပေါ်ပေါက် ခဲ့ပါတယ်။ အဲဒီတော့ အောင်မြင်တဲ့ လူငယ် စီးပွားရေး စွမ်းဆောင်ရှင်တွေ အများကြီး ပေါ်ထွက် လာဖို့ အတွက် အောင်မြင်သွားတဲ့ သူတွေ အသုံးပြုတဲ့ နည်းတွေကို လေ့လာ မှတ်သားပြီး လုပ်ဆောင် သွားမယ်ဆိုရင် သူတို့တွေ လိုပဲ အောင်မြင် နိုင်မှာပဲ ဖြစ်ပါတယ်။
ကဲ ဒါဆို Pareto ရဲ့ 80/20 Rule ကို လေ့လာ ကြည့်ရ အောင်လား။
20% သော လုပ်ဆောင်မှု တွေက 80% သော ရလဒ်ကောင်း တွေကို ထွက်ပေါ် လာစေ ပါတယ်လို့ Pareto ရဲ့ 80/20 Rule က ဆိုပါ တယ်။ ဒါက ဘာကို ပြောတာလဲ ဆိုတော့ အရေးကြီးတဲ့ အဓိက လုပ်ငန်းစဉ် 20% ကိုသာ ထိထိ ရောက်ရောက် လုပ်ကိုင် နိုင်မယ် ဆိုရင် 80% လောက်ထိ ရလဒ် ကောင်းတွေ ရရှိ နိုင်ပါ တယ်တဲ့။ ဒါဆို 20 ဖိုးလောက်ပဲ လုပ်ပြီး 80 ဖိုးလောက် ပြန်ရ နေသလို ဖြစ်နေ ပါတယ်။ 80 ဖိုးလောက် လုပ်မှ 80 ဖိုးလောက် ရမယ်လို့ ထင်နေတဲ့ ကျွန်တော်တို့ရဲ့ အယူအဆ တွေနဲ့တော့ တခြားစီပဲ ဖြစ်နေ ပါတယ်။
အဲဒီတော့ အောင်မြင်ချင်တဲ့ လူငယ်တွေ အနေနဲ့ အရင်ဆုံး မိမိတို့ရဲ့ တစ်နေ့တာကို ဘယ်လို ကုန်ဆုံး နေပါ သလဲ၊ မိမိရဲ့ တစ်နေ့တာ လုပ်ဆောင် နေတဲ့ အရာတွေက ဘာတွေ ပါလဲ၊ အဲဒီ နေ့စဉ် လုပ်ဆောင် နေတဲ့ အရာတွေ ထဲကမှ မိမိကို အကျိုးပြု စေတဲ့ အရာက ဘယ်နှစ်ခုလောက် ပါပါသလဲ၊ ဒါမှ မဟုတ်ပဲ မိမိ အတွက်လည်း အကျိုးမရှိ တစ်ပါးသူ အတွက်လည်း အကျိုး မဖြစ်ထွန်း စေတဲ့ အရာတွေ ကကော ဘယ်နှစ်ခု လောက်ထိ ပါနေ ပါသလဲ ဆိုပြီး အကဲဖြတ် လေ့လာသင့် ပါတယ်။ အံ့သြဖို့ ကောင်းလောက် အောင်ကို အရေးမကြီးတဲ့ အရာတွေနဲ့ အချိန်တွေ ကုန်ဆုံး နေတတ် တာကို တွေ့ရ မှာပါ။
ဥပမာ ကျောင်းသား တစ်ယောက် စာမေးပွဲ အောင်မြင်ဖို့ရာ အတွက်က ဘယ်အရာ တွေက အဓိက အရေးကြီးဆုံး ဖြစ်ပါ သလဲ။ ကျောင်းမှန်မှန် တတ်ခြင်းလား၊ စာပုံမှန် ကျက်ခြင်းလား၊ ကွန်ပျူတာ ဂိမ်းပဲ တစ်နေကုန် ထိုင်ဆော့ နေခြင်းလား၊ အချိန် တော်တော် များများကို TV ကြည့်ပြီး ကုန်ဆုံးနေ ခြင်းလား၊ အပျော်အပါးကိုပဲ တအား မက်နေ ခြင်းလား၊ ဒါကို တိတိ ကျကျ ခွဲခြား သိမြင်ဖို့ လိုအပ် ပါတယ်။ ပြီးမှ စာမေးပွဲ အောင်မြင်ဖို့ အတွက် အရေးကြီးဆုံး 20% ကို သေချာ လေ့လာ ခွဲခြမ်း စိတ်ဖြာပြီး အရေး အကြီးဆုံး နဲ့ ဦးစားပေး လုပ်ဆောင် သွားမယ်ဆိုရင် 80% သော အောင်မြင်မှု တွေ ရရှိလာမှာပဲ ဖြစ်ပါတယ်။
မိမိက စီးပွားရေး လုပ်ကိုင်နေလို့ မိမိရဲ့ လုပ်ငန်းကို ယခုထက် ပိုမို အောင်မြင် တိုးတက် ချင်တယ် ဆိုရင် အောင်မြင်ဖို့ရာ အဓိက ဦးစားပေး လုပ်ဆောင်ရမယ့် 20% ကို စာရင်း အရင် ပြုစုဖို့ လိုပါတယ်။ အဲဒီ စာရင်းကိုမှ ထပ်ပြီး ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး အဖြစ် ထပ်ခွဲလိုက်ပါ။ ပြီးမှ ပထမ ဦးစားပေး ကနေမှ အစဉ်လိုက် စနစ်တကျ ပြီးစီးအောင် လုပ်ဆောင် သွားမယ် ဆိုရင် 80% သော တိုးတက် အောင်မြင်မှု တွေကို ရရှိမှာ ဖြစ်ပါတယ်။
Pareto ရဲ့ 80/20 Rule ဟာ ယနေ့ခေတ် တစ်ချို့ လူငယ်တွေ အလုပ်တွေ ကြိုးစား လုပ်ကိုင် နေပါရဲ့နဲ့ ဘာလို့ ခုချိန်ထိ မျှော်မှန်းထား သလောက် အောင်မြင်မှု ရရှိမလာ တာလဲ ဆိုတဲ့ အချက်ကို မီးမောင်း ထိုးပြလိုက် တာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အောင်မြင်မှု ကြီးကြီးမားမား သိပ်မရရှိ သေးတဲ့ လူငယ်တွေ နဲ့ အောင်မြင်မှု ဆိုတာနဲ့ တော်တော်ကို အလှမ်းဝေးနေ သေးတဲ့ လူငယ် တွေရဲ့ နေ့စဉ် လုပ်ဆောင်မှု တွေကို သေချာ ဆန်းစစ် လေ့လာ ကြည့်မယ် ဆိုရင် သူတို့တွေဟာ အရေးမပါတဲ့ အရာ တွေမှာ အချိန်ကုန် လူအပင် အပန်းခံ လုပ်ဆောင် နေတတ် ကြတာကို တွေ့ရပြီး၊ တကယ့် အဓိက အရေးကြီးတဲ့ မဖြစ်မနေ လုပ်ဆောင် ရမယ့် အရာတွေကို ကြတော့ ပျက်ကွက် နေတတ် ကြတာ ပါပဲ။
တကယ်တမ်း ကြတော့ လူငယ် တွေဟာ နေ့စဉ် ဘယ်အရာ တွေကို အဓိက ဦးစားပေးပြီး လုပ်ဆောင် ရမယ် ဆိုတာကို ကွဲကွဲ ပြားပြား မသိကြသေး ဖြစ်နေကြ လို့ပါ။ တကယ်လို့သာ အဓိက နဲ့ သာမည ကို ကောင်းကောင်းကြီး ခွဲခြား လုပ်ဆောင် တတ်သွားမယ် ဆိုရင် ရလဒ်ကောင်းတွေ ရရှိလာအောင် စွမ်းဆောင် နိုင်မှာပဲ ဖြစ်ပါတယ်။
အောင်မြင်တဲ့ သူတွေကို လေ့လာ ကြည့်မယ် ဆိုရင် Pareto ရဲ့ 80/20 Rule ကို ကောင်းကောင်းကြီး လက်တွေ့ အသုံးချ နိုင်တဲ့ သူတွေ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Pareto ရဲ့ 80/20 Rule ကနေ အောင်မြင်သူ တွေဟာ 20% သော သူတို့ရဲ့ လုပ်ဆောင်မှု တွေကနေ 80% သော ရလဒ်တွေ ထွက်ပေါ် လာအောင် လုပ်ဆောင် နိုင်ခဲ့ ကြလို့ပါပဲ။
အောင်မြင်တဲ့ သူတွေဟာ 20% သော ဖောက်သည် တွေက 80% သော ဝယ်ယူမှုတွေကို ပြုလုပ်နေတယ် ဆိုတာကို သိနေတော့ 20% သော ဖောက်သည် တွေကို ဘယ်လို Specialized Treatment လုပ်ပေးရမယ် ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက် နားလည်တဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် 20% သော Product တွေက 80% သော Sale Volume ကို ဖြစ်စေတယ် ဆိုတာ ကိုလည်း သဘောပေါက် နားလည်တော့ အရေးကြီးတဲ့ 20% သော Product ကို ဘယ်လို သေချာ ပြင်ဆင်ပြီး Creative ထပ်လုပ် ထားရမယ် ဆိုတာ ကိုလည်း နားလည်တဲ့ သူတွေပဲ ဖြစ်ပါတယ်။ 20% သော တစ်ချို့ လုပ်ဆောင်မှု တွေက 80% သော Company ကုန်ကျ စရိတ်ကို ဖြစ်ပေါ် စေတာကိုလည်း သဘောပေါက် နားလည်တော့ မိမိရဲ့ အချိန်နဲ့ ငွေကို မလို အပ်တဲ့ နေရာမှာ မသုံးစွဲ မိအောင် ချင့်ချိန် တတ်ကြတဲ့ သူတွေလည်း ဖြစ်နေ ပြန်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အတော် ကြာကြာက အာမခံ လုပ်ငန်းကြီး တစ်ခုက တစ်နိုင်ငံလုံးမှာ ရှိတဲ့ သူတို့ရဲ့ အာမခံ အရောင်း ကိုယ်စားလှယ် တွေရဲ့ အာမခံ ရောင်းချမှု စုစုပေါင်း နဲ့ ဝင်ငွေ အရပ်ရပ်ကို စစ်တမ်းကောက် လေ့လာကြည့်တော့ 20% သော အာမခံ အရောင်း ကိုယ်စားလှယ် တွေကသာ 80% သော အာမခံ ရောင်းချ မှုတွေ နဲ့ 80% သော ကော်မရှင် အမြတ်ငွေတွေ ရရှိ နေတာ တွေ့ရတော့ Pareto ရဲ့ 80/20 Rule နဲ့ ချိန်ကိုက်သား ကျရက် ဖြစ်နေတာကို တွေ့ရပါတယ်။
အဲဒီတော့ ဒီ Pareto ရဲ့ 80/20 Rule ကို လေ့လာ ကြည့်ရင် အောင်မြင်သူ တွေဟာ 80/20 Rule ကို ကောင်းကောင်းကြီး သဘောပေါက် နားလည်ပြီး အမှန်တကယ်လည်း လက်တွေ့ ကျင့်သုံး လုပ်ဆောင်နေ ကြတဲ့ သူတွေ ဖြစ်တယ် ဆိုတာကို တွေ့ရ ပါတယ်။ အဲဒီတော့ ကျွန်တော်တို့တွေဟာ အောင်မြင်တဲ့ လူငယ် စီးပွားရေး သမားတွေ ဖြစ်ဖို့၊ ထိပ်တန်း စီးပွားရေး စွမ်းဆောင်ရှင် 20% ထဲကို ပါဝင် နိုင်ဖို့ ဆိုရင် အောင်မြင် သူတွေ လုပ်ဆောင်တဲ့ 80/20 Rule အတိုင်း တစ်သွေ မတိမ်း လိုက်လံ လုပ်ဆောင် နိုင်ဖို့ လိုပါတယ်။
လူငယ်တွေ အနေနဲ့ လုပ်ငန်း မစတင်မှီ နေ့စဉ် လုပ်ဆောင် ရမယ့် လုပ်ငန်းစဉ်တွေ အားလုံးကို အရင်ဆုံး စာရင်း ပြုစုသင့် ပါတယ်။ စာရင်း ပြုစု ပြီးပါမှ 80/20 Rule အရ လုပ်ငန်းစဉ်တွေ အားလုံးကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး နဲ့ တတိယ ဦးစားပေး အဖြစ် ခွဲခြမ်း စိတ်ဖြာ သင့်ပါတယ်။ ပြီးမှ ပထမ ဦးစားပေး တွေကို အရင်ဆုံး ပြီးစီးအောင် လုပ်ဆောင် သင့်ပါတယ်။ ပြီးမဒုတိယ ဦးစားပေး၊ နောက်ဆုံး တတိယ ဦးစားပေး တွေကို အစဉ်လိုက် လုပ်ဆောင် သွားသင့်ပါတယ်။
အဓိက ဦးစားပေး လုပ်ဆောင် ရမယ့် အရာတွေကို မလုပ်ဆောင်ပဲ ပျက်ကွက် နေခြင်းဟာ မအောင်မြင် ရခြင်းရဲ့ အဓိက အခြေခံ အကြောင်းတရားပဲ ဖြစ်ပါတယ်။ အရေးမကြီးတဲ့ အလုပ်တွေကိုပဲ ကြိုးစားပမ်းစား လုပ်ကိုင်ပြီး မိမိလုပ်ဆောင်ရမယ့် အဓိက အရေးကြီးတဲ့ အရာတွေကို လုပ်ဆောင်ဖို့ ပျက်ကွက် နေမယ် ဆိုရင် တော့ အောင်မြင်ဖို့ရာ ခက်ခဲ နေမှာပဲ ဖြစ်ပါတယ်။
သာမန်ရိုးကျ အောက်ခြေ 80% ကမှ ထိပ်တန်း 20% ထဲထိ ရောက်ရှိနိုင်ဖို့ အတွက် ကျွန်တော်တို့ လူငယ်တွေရဲ့ ဗီဇ ပါရမီ နဲ့ လုပ်နိုင်စွမ်း ပေါ်မှာ မူတည်ပြီး နေ့ရက်ပေါင်း များစွာ ဒါမှမဟုတ် ရက်သတ္တပါတ်ပေါင်း များစွာ ဒါမှမဟုတ် နှစ်ပေါင်းများစွာ ထိတောင် ကြာညောင်းချင် ကြာညောင်း နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သာ 80/20 Rule အတိုင်း လုပ်ဆောင် တတ်တဲ့ အလေ့အကျင့် လေးကို မွေးမြူ လုပ်ဆောင် သွားမယ် ဆိုရင် ကျွန်တော်တို့ လူငယ် စီးပွားရေး သမားတွေလည်း တစ်နေ့ ထိပ်တန်း စီးပွားရေး စွမ်းဆောင်ရှင်တွေ ဖြစ်လာ မှာပဲ ဖြစ်ပါတယ်။
နောင်နောင်
www.myanmarleaders.com
Post a Comment