Header Ads

အစ်ကိုကြီး၊ အစ်မကြီး (အသက် ၃၀ အရွယ်) တွေက ညီငယ်၊ညီမငယ် (အသက် ၂၀) ၀န်းကျင်အရွယ်တွေကို လက်ဆင့်ကမ်းချင်တဲ့ ရှောင်ကြဉ်သင့်တဲ့ ပိုက်ဆံနဲ့ ပက်သက်တဲ့ အမှားများ


အသက် သုံးဆယ်ဆိုတာ ဘ၀ရဲ့ တစ်ဝက်ခရီးလို့ ပြောလို့ ရပါတယ်။ ဒီအသက်အရွယ်မှာ ဘ၀မှာ အတွေ့ အကြုံတွေလည်း တော်တော်များများ ရခဲ့သလို ဘ၀တစ်ခုတည်ငြိမ်ဖို့ လည်း ကြိုးစားနေရပါပြီ။ အချို့ ကလည်း တည်ငြိမ်စပြုနေပါပြီ။
ဒီလိုအတွေ့ အကြုံတွေရခဲ့တဲ့ နေရာမှာ တော်တော်များများကြုံတွေ့ ရမယ့် အတွေ့ အကြုံတွေကတော့ ပိုက်ဆံနဲ့ ပက်သက်တဲ့ အတွေ့ အကြုံတွေပါပဲ။ ဒီဆောင်းပါးမှာရေးထားတာတွေကတော့ အကိုကြီးတွေ၊ အစ်မကြီးတွေက ညီငယ်၊ညီမငယ်တွေကို လက်ဆင့်ကမ်းချင်တဲ့ ရှောင်ကြဉ်ရမယ့် ပိုက်ဆံနဲ့ ပက်သက်တဲ့ အမှားတွေပဲဖြစ်ပါတယ်။

(၁) လိုအပ်သောအခါ အသုံးပြုရန် မစုဆောင်းမိခြင်း။

ပိုက်ဆံ စုတယ်ဆိုတာက ဘ၀အတွက်အရေးကြီးပါတယ်။ ဒါပေမယ့် အသက် ၂၀ ၀န်းကျင်မှာ တွေးမိတာကတော့ ပိုက်ဆံစုဖို့ မလိုသေးဘူး။ ဘာလို့ လည်းဆိုတော့ အသက် (၂၀) အရွယ်မှာ ကျန်းမာရေးအတွက်ဆိုလည်း မိဘကတာဝန်ယူမယ်၊ စားရေးသောက်ရေးကလည်း မိဘကျွေးတာစားရုံပဲ၊ နောက်ဆုံး ပိုက်ဆံလိုလျှင်တောင် မိဘဆီလက်ဖြန့် တောင်းလို့ ရတယ်။ အနည်းနဲ့ အများတော့ ရကြတာကြီးပဲ။ အဲ့ဒီလို အခြေအနေတွေကြောင့် အသက် (၂၀) ၀န်းကျင်မှာ ပိုက်ဆံ စုဖို့ မလိုဘူး။စုလည်း ဘာမှမထူးဘူး လို့ တွေးတတ်ကြပါတယ်။ မှန်သင့်သလောက်မှန်ပါတယ်။ ဘာလို့ လည်းဆိုတော့ အဲ့ဒီအချိန်မှာ အရာရာဟာတောင့်တလိုက်တာနဲ့ အလွယ်တကူရနေနိုင်လို့ ပါ။ သို့ ပေမယ့် အလွယ်တကူမရနိုင်တဲ့ အရာ၊ တကယ်လည်း လိုအပ်တဲ့အရာအတွက် စုဆောင်းမယ်ဆိုလျှင်တော့ ပိုက်ဆံစုတာဟာ အသုံးဝင်လာမှာပါ။
ဥပမာ အနေနဲ့  ကိုယ့်ချစ်သူကို လက်ဆောင်ပေးဖို့ လိုအပ်လာတယ် (သို့ ) သူငယ်ချင်းရဲ့ ဖုန်းကို ယူကစားမိပြီး ပျက်သွားတယ် ဆိုပါစို့ ။ မိဘဆီကလည်း မတောင်းရဲဘူး။ အဲ့ဒီအချိန်မှာတော့ ပိုက်ဆံ စုဆောင်းထားတာ ရှိလျှင် အဆင်ပြေနိုင်ပါတယ်။ (ဒါက နားလည်လွယ်တဲ့ ဥပမာကို ပေးလိုက်တာပါ)

(၂) နောက်မျိုးဆက်များအတွက် အာရုံထားလွန်းခြင်း

ကိုယ်မှာ ရှိလာမယ့်နောက်မျိုးဆက်အတွက် စဉ်းစားတာကောင်းပါတယ်။ အဲ့ဒီလိုပဲ မိဘတွေအတွက်လည်း စဉ်းစားသင့်တယ်။
နောက်ထပ် အရေးကြီးတာကတော့ ကိုယ်ပင်စင်ယူတဲ့ အခါ၊ အလုပ်မလုပ်နိုင်တော့တဲ့ အခါအတွက် စဉ်းစားဖို့ မေ့နေတာပါပဲ။
မြန်မာနိုင်ငံက လက်ရှိပင်စင်ထောက်ပံ့စရိတ်က ဘ၀ရပ်တည်နိုင်ဖို့ ရာခက်ခဲလှပါတယ်။ အဲ့ဒီအတွက် ငယ်ရွယ်စဉ်ကတည်းက ပင်စင်ယူတဲ့အခါ၊ အလုပ်ကနေ အနားယူတဲ့အခါမှ ရှင်သန်ရပ်တည်နိုင်ဖို့ အတွက် စဉ်းစားထားသင့်ပါတယ်။

(၃) အာမခံ မထားရှိခဲ့ခြင်း။

မြန်မာနိုင်ငံမှာလည်း နောက်ပိုင်းမှာတော့ အာမံခတွေ အခုထက်ပိုပြီး တိုးတက်လာမယ်၊ အရေးပါလာမယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာမှာတော့ အာမခံထားရှိခြင်းဟာ အရမ်းကို အရေးပါပါတယ်။ ကျန်းမာရေးအာမခံ၊ အသက်အာမခံ၊ ကားအာမခံ၊ အိမ်အာမခံ အစုံပါပဲ။
ဘ၀မှာ အမြဲတစေ သင်ထင်ထားသလို မဖြစ်လာပါဘူး။ ထင်ထားတဲံ လမ်းကြောင်းကနေ လွဲသွေသွားတာကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ဖို့ အာမခံထားရှိခြင်းဟာ အရေးပါလှပါတယ်။

(၄) လက်ထပ်ဖို့ စဉ်းစားရာတွင် ငွေရေးကြေးရေးကို ထည့်သွင်းမစဉ်းစားမိခြင်း။

အချစ်က ပထမဦးစားပေးဆိုတာ မှန်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါကိုပဲ ဇွတ်စဉ်းစားပြီး ငွေရေးကြေးရေးကို ထည့်သွင်းမစဉ်းစားမိပါက နောက်ပိုင်းမှာ သာယာတဲ့ အိမ်ထောင်တစ်ခု အဖြစ် ရပ်တည်နိုင်ဖို့ ရာ ခက်ခဲပါတယ်။
ဒီလိုပြောလို့ ပိုက်ဆံချမ်းသာတဲ့သူကိုပဲယူရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အိမ်ထောင်ပြုတော့မယ်ဆိုလျှင် ကိုယ့်ဘ၀လက်တွဲဖော်နဲ့ ငွေရေးကြေးရေးကိစ္စကို တူတူတိုင်ပင်ပြီး ပြင်ဆင်ဖို့ ပြောတာပါ။

(၅) စရိတ်စကကြီးမားသော လက်ထပ်ပွဲ ကျင်းပမိခြင်း။

လက်ထပ်တယ်ဆိုတာ ဘ၀တစ်သက်စာအတွက် အရေးကြီးလှပါတယ်။ ဒါကြောင့်လူတိုင်းက ကိုယ့်လက်ထပ်ပွဲကို အကောင်းဆုံးဖြစ်ချင်ကြတာကြီးပါပဲ။ သို့ ပေမယ့် အကန့် အသတ်ရှိဖို့ တော့လိုပါတယ်။ မလိုအပ်တဲ့ သုံးစွဲမှုတွေ မရှိဖို့ လိုအပ်ပါတယ်။

(၆) ပထမဦးဆုံးကလေးမှာ ငွေအမြောက်အမြားသုံးစွဲမိခြင်း။

သားဦး၊သမီးဦးရတဲ့ အခါမှာ သည်းသည်းလှုပ်ပြီး အကောင်းဆုံးဆိုတာတွေ ၀ယ်ပေး၊ ဆင်ပေးတတ်ပါတယ်။ ဒါပေမယ့် စဉ်းစားဖို့ က အဲ့ဒီအကောင်းဆုံးဆိုတာတွေဟာ တကယ်လိုအပ်တဲ့ ဟာတွေလားဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ မလိုအပ်တာတွေကို ၀ယ်ပေးနေမိလျှင်တော့ ကလေးအတွက်လည်း အသုံးမ၀င်၊ ပိုက်ဆံကုန်တာပဲ အဖတ်တင်မှာပါ။

(၇) ကား အတွက် ပိုက်ဆံ အမြောက်အများသုံးမိခြင်း

ကျွန်တော် ကိုယ်တိုင်လည်း ကား ကြိုက်ပါတယ်။ လူတိုင်း လည်း ကားကောင်းကောင်းကြိုက်ပါတယ်။ သို့ ပေမယ့် အကောင်းကြိုက်တိုင်း အကောင်းဝယ်စီးလို့ မဖြစ်ပါဘူး။ ကိုယ်နဲ့ သင့်တော်မယ့်၊ ကိုယ့်ငွေကြေးနဲ့ ကိုက်ညီမယ့်ကားမျိုး ဖြစ်ဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ ကောင်းလွန်းတဲ့ ကားများအတွက် ပြင်ဆင်စားရိတ်၊ ဆီဖိုးဆိုတာတွေကလည်း များလွန်းတာ အကုန်အသိပါပဲ။

(၈) ၀ါသနာမပါပဲ သင်တန်းများ တတ်ခြင်း

လူငယ်တွေမှာ ဖြစ်တတ်ပါတယ်။ ကိုယ်တကယ် မတတ်ချင်ပါပဲနှင့် မိဘတတ်ခိုင်းလို့ ဖြစ်စေ၊ သူငယ်ချင်းတွေ တတ်လို့ ဖြစ်စေ မဆုံးနိုင်တဲ့ သင်တန်းတွေလိုက်တတ်နေတာပါ။ သင်တန်းမှာသင်ကြားတတ်မြောက်လာတာတွေနဲ့ ပြန်ပြီး အသက်မွေးဝမ်းကြောင်းပြုမလားဆိုပြန်တော့လည်း မပြုပြန်ဘူး။ ၀ါသနာလည်းမပါဘူး ဖြစ်ပြန်ရော။ အဲ့ဒီအစားကိုယ်တကယ် ၀ါသနာပါတဲ့ သင်တန်းတွေကိုသာ တတ်သင့်ပါတယ်။

(၉) ငွေအတွက်တစ်ခုတည်းအတွက် အလုပ်လုပ်ကိုင်ခြင်း။

ငယ်ရွယ်စဉ်မှာ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ငွေတစ်ခုတည်းကို မကြည့်ရပါဘူး။ အတွေ့ အကြုံ ရဖို့ ၊ ပညာရဖို့ က လည်း အရေးကြီးပါတယ်။ ငွေတစ်ခုတည်းပဲကြည့်ပြီး ပညာမရ ၊ အတွေ့ အကြုံမရတဲ့ အလုပ်တွေ ကို လုပ်ခဲ့မိလျှင် ကြီးလာတဲ့အခါမှာ ဒုက္ခများပါလိမ့်မယ်။
ဒါတွေကတော့ ဘ၀မှာ သင်ခန်းစာအတော်အသင့်ရခဲ့တဲ့ သူတွေက လူငယ်တွေကို ပေးသိစေချင်တဲ့ ဘ၀သင်ခန်းစာတွေပါပဲ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ကိုဟိန်း (Prospect Myanmar)

No comments