အောင်မြင်တဲ့သူတွေ အနေနဲ့ အလုပ်ပိတ်ရက်တွေကို ဘယ်လို အကောင်းဆုံး အသုံးချသလဲ။
ကျွန်တော်တို့ တော်တော်များများ ခံယူထားကြပါတယ်။ တင်္နလာနေ့ ကနေ သောကြာနေ့  ထိ အလုပ်လုပ်မယ်။ စနေနဲ့ တနင်္ဂနွေကိုတော့ ကိုယ်ပိုင်အချိန်အနေနဲ့ ကြိုက်သလို သုံးလိုက်မယ် ဆိုတာပါပဲ။ ကြိုက်သလို သုံးလို့ ရပါတယ်။ ဒါပေမယ့် အဲ့ဒီ ကြိုက်သလို ဆိုတာ တစ်နေကုန် ဇာတ်လမ်းတွဲတွေ ထိုင်ကြည့်ပြီး ပိတ်ရက် နှစ်ရက်ကုန်ဆုံးသွားမလား။ ဒါမှမဟုတ် သောကြာနေ့ နဲ့ စနေနေ့ ည အမူးလွန်တာကြောင့် စနေနဲ့ တနင်္ဂနွေ နေ့ ပိုင်းတွေ အိပ်ယင်းနဲ့ ကုန်ဆုံးသွားမလား။ ကြိုက်သလို ကုန်ဆုံးနိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်းဆိုလျှင်တော့ အဲ့ဒီထက်ကောင်းတဲ့ ကုန်ဆုံးမှုလေးတွေနဲ့ ကုန်ဆုံးကြည့်ရအောင်လား။ (စနေ၊ တနင်္ဂနွေမှာအလုပ်လုပ်ဖို့ ပြောတာမဟုတ်ပါဘူး၊ ဘာတွေ လုပ်သင့်လဲဆိုတာကို အောက်မှာ ဆက်ဖတ်ကြည့်ကြရအောင်)။
၁။ ဘယ်လို ကုန်ဆုံးရမယ်ဆိုတာကို အစီအစဉ်လုပ်ပါ။
အောင်မြင်တဲ့သူတွေဟာ ဘယ်တော့မှ အလုပ်အားရက်တွေကို ဖြစ်သလို မကုန်ဆုံးစေပါဘူး။ သူတို့ ဟာ ပိတ်ရက်တွေ မှာလည်း လုပ်စရာရှိတာတွေကို အစီအစဉ်ချမှတ်ကြပါတယ်။ ဒါပေမယ့် အခြားရက်တွေလိုတော့ တင်းကျပ်တဲ့ အစီအစဉ်တွေ မဟုတ်ပဲ ပြောင်းလဲ လွယ်တဲ့ အစီအစဉ်တွေပဲ ဖြစ်ပါတယ်။ သူတို့ တွေဟာ အလုပ်အားရက်တွေမှာ ရှိတဲ့ တန်ဖိုးကြီးလှတဲ့အချိန်တွေကို အကောင်းဆုံး အသုံးချနိုင်ဖို့ ရာ အစီအစဉ်တွေလိုအပ်တယ်ဆိုတာကို လက်ခံထားကြပါတယ်။
အစီအစဉ်မရှိခဲ့လျှင်တော့ ဇာတ်လမ်းတွဲ တစ်ပုဒ်ကို ထိုင်ကြည့်နေယင်းနဲ့ ပဲ တနင်္ဂနွေ ညနေ ၄ နာရီကို ရောက်သွားမှာ ဖြစ်ပါတယ်။
၂။ ပိတ်ရက်မှာ စောစောထကြပါတယ်။
ပိတ်ရက်မှာ အိပ်ရေးဝအောင် အိပ်ရတာကောင်းပါတယ်။ ဒါပေမယ့် အိပ်ယာထက် မအိပ်ပဲ နှပ်နေတာထက် စာယင်တော့ စောစောထပြီး တစ်ခုခု လုပ်လိုက်တာ ပိုကောင်းပါတယ်။ ပိတ်ရက်မှာ စောစောထပြီး Gym သွားတာတို့ ၊ ဖတ်စရာရှိတဲ့ စာအုပ်တစ်အုပ်ကို ဖတ်တာတို့ ၊ ကိုယ်စားချင်တဲ့ မနက်စာကို သွားစားတာ၊ လုပ်စားတာတို့ လုပ်သင့်ပါတယ်။ အဲ့ဒါတွေဟာ အိပ်ယာထဲမှာ လှဲပြီး မျက်နှာကျက်ကို ငေးကြည့်နေတာထက် စာယင်တော့ ပိုကောင်းမှာပါ။
၃။ စက်တွေကို ပိတ်ထားပါ။
Email တို့ ၊ ဖုန်းတို့ ၊ ကွန်ပြူတာတို့ ကို ဆိုလိုပါတယ်။ ကျွန်တော်တို့ လူတော်တော်များများဟာ အလုပ်တွေကို အလုပ်ခွင်မှာ မထားခဲ့တတ်ကြပါဘူး။ ဘာလို့ လည်းဆိုတော့ အခုခေတ်မှာ ဖုန်းတွေမှာလည်း အလုပ် email တွေ ထည့်ပြီး စစ်တတ်ကြပါတယ်။ အဲ့ဒီအခါမှာ အိမ်ရောက်လျှင်လည်း အလုပ် email တွေကတော့ ၀င်စမြဲပါပဲ။
ဒါကြောင့်မို့ လို့ ပိတ်ရက်တွေမှာ ဒီ စက်ကိရိယာတွေကို ပိတ်ထားပြီး အဲ့ဒါတွေနဲ့ မဆိုင်တဲ့ အခြားသော လုပ်ဆောင်မှုတွေကို လုပ်သင့်ပါတယ်။ ဥပမာ မိသားစုနဲ့ အတူ လျှောက်လည်တာမျိုး၊ စာကြည့်တိုက်သွားတာမျိုး၊ သူငယ်ချင်းတွေနဲ့ မုန့် တူတူထွက်စားတာမျိုး လုပ်သင့်ပါတယ်။ အဲ့ဒီအချိန်မှာ ဖုန်းတွေ ပိတ်ထားလိုက်ပါ။
၎။ အားကစားလုပ်ပါ။
သင့်အနေနဲ့  gym ကို အနည်းဆုံး တစ်ပတ်မှာ ၂ ရက်လောက်သွားမယ်လို့ စဉ်းစားထားတတ်ပါတယ်။ ဒါပေမယ့် ကြားရက်တွေမှာ ကလေးကျောင်းကြိုရ၊ အစည်းအဝေး တတ်ရနဲ့  မသွားဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒီအတွက် အလုပ်ပိတ်ရက်တွေမှာ gym ကို သွားဖို့ ရာ အတွက် အကောင်းဆုံး အခွင့်အရေးတွေ ပေးပါတယ်။ စောစောထပြီး စောစောသွားခြင်းဟာ သင့်ကို တစ်နေ့ လုံးလန်းဆန်းစေမှာ အမှန်ပါ။
၅။ လူမှုဆက်ဆံရေးများလုပ်ပါ။
ကြားရက်တွေမှာ သင်ဟာ သင့်မိသားစု နဲ့ အပြင်သွားဖို့ အချိန်ရချင်မှရမှာပါ။ သင့်ရဲ့ မိဘတွေဆီကို သွားလည်ဖို့ အချိန်ရချင်မှ ရမှာပါ။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့  chit chat လုပ်ဖို့ ၊ ကိုယ့်ချစ်သူနဲ့ ညစာတူတူစားဖို့ အချိန်ရချင်မှ ရမှာပါ။ ဒါကြောင့် ပိတ်ရက်မှာတော့ ဒီလို လုပ်ဆောင်မှုတွေနဲ့ အချိန်ကုန်ဆုံးသင့်ပါတယ်။
Socialize လုပ်ခိုင်းတာ အပြင်မှာ လုပ်ခိုင်းတာပါ။ facebook ပေါ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် facebook ပေါ်မှာ လုပ်ချင်သပဆိုလျှင်တော့ facebook ပေါ်မှာပဲ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ မိသားစုနဲ့ ဆက်သွယ်တာ၊ ဖုန်းပြောတာတွေ လုပ်သင့်ပါတယ်။
၆။ သင့်ရဲ့ ဝါသနာပါရာတွေအတွက် အချိန်ပေးပါ။
Warren Buffet ဟာ ပိတ်ရက်မှာ Ukelele တီးခတ်ပါတယ်။ George W. Bush က ပန်းချီဆွဲတယ်။ Jay Leno က ကားလျှောက်မောင်းတယ်။ အောင်မြင်တဲ့သူတိုင်းက သူတို့ ရဲ့ တန်ဖိုး ရှိလှတဲ့ အားလပ်ချိန်တွေကို သူတို့ ချစ်တဲ့အရာတွေ၊ သူတို့ ဝါသနာပါရာတွေ လုပ်ယင်းနဲ့ အသုံးချပါတယ်။ သင်ဝါသနာပါတဲ့အရာဟာ အားသွန်ခွန်စိုက် ပင်ပန်းကြီးစွာလုပ်ရပေမယ့်လည်း သင်တကယ့် ပျော်လျှင် သင့်အတွက်တော့ သက်သောင့်သက်သာရှိမှာပါ။ သင့်ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို ဖွဘွတ် စာမျက်နှာတွေကို scrolling လုပ်နေယင်းနဲ့ ပဲ မကုန်ဆုံးပါစေနဲ့ ။ ဒါ့အပြင် ကိုယ် ၀ါသနာပါတဲ့အရာတွေကိုလည်း သင်ယူနိုင်ပါသေးတယ်။
၇။ သင့်ရဲ့ ကျတဲ့ အချိန် (အပုပ်ချိန်) ကို သုံးသပ်နိုင်ပါတယ်။
လူတိုင်းမှာ ၂၄ နာရီအတွင်းမှာ ကျတဲ့အချိန်ဆိုတာ ရှိပါတယ်။ ဘယ်သူမှ ၂၄ နာရီစလုံးအကောင်းဆုံးမလုပ်နိုင်ပါဘူး။ အနည်းငယ်တော့ ကျချိန် (အပုပ်ချိန်) ရှိတာပါပဲ။ အဲ့ဒီအပုပ်ချိန်မှာတော့ သင့်ကိုယ်သင် တိတ်တဆိတ်ဖြတ်ကျော်ကြည့်ပါ။ တရားထိုင်လို့ ရပါတယ်။ တစ်ယောက်တည်းနေပြီး ကိုယ့်ကိုကိုယ် ပြန်လည် သုံးသပ်လို့ ရပါတယ်။
၈။ နောက်တစ်ပတ်အတွက် ပြင်ဆင်ပါ။
အချို့ လူတွေ ဟာ တင်္နလာနေ့ မနက်ရောက်လျှင်ဖြင့် ၀ရုန်းသုန်းကား ဖြစ်တတ်ကြတယ်။ တင်္နလာနေ့ မနက် မှာရှိတဲ့ အရေးကြီးအလုပ်တွေကို စနေ၊တနင်္ဂနွေမှာ မေ့ထားပြီး တင်္နလာနေ့ ရောက်မှ ဒုက္ခတွေ့ တတ်ကြတယ်။ ဒါကြောင့် ပိတ်ရက်မှာ အနည်းဆုံးတော့ အလုပ်ပြန်စလျှင် လုပ်ရမယ့် အရေးကြီး လိုအပ်ချက်တွေကို ကြိုတင်စဉ်းစား ပြင်ဆင်ထားသင့်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
Post a Comment