Header Ads

မီလျံနာတွေကို ချမ်းသာသထက် ချမ်းသာလာစေတဲ့ ငွေကြေးစီမံခန့် ခွဲမှု နည်းလမ်းများ

မီလျံနာ လို့ ပြောလိုက်လို့ ငါတို့ နဲ မဆိုင်ဘူးလို့ မတွေးလိုက်ပါနဲ့ ။ တကယ်တော့ ဒီမှာရေးပြမယ့် နည်းလမ်းများဟာ ကျွန်တော်တို့ တွေအားလုံးလိုက်နာ ကျင့်သုံးနိုင်တဲ့ နည်းလမ်းတွေပါ။ ဒီလိုကျင့်သုံးခြင်းအားဖြင့် သင့်ရဲ့ ငွေကြေးစီမံခန့် ခွဲမှုတွေ ပိုမိုကောင်းမွန်လာပါလိမ့်မယ်။

စစချင်းလိုက်နာကျင့်သုံးဖို့ ရာတော်တော်ခက်ပါတယ်။ ဒါပေမယ့် အကျင့်တစ်ခုအနေနဲ့ လုပ်ပေးလျှင် နောက်ပိုင်းမှာ အဆင်ပြေလာပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း အချို့ နည်းလမ်းတွေကို လိုက်လုပ်ရာမှာ အကျင့်တစ်ခု လိုပင်ဖြစ်နေပါပြီ။ ဥပမာ အားဖြင့် ပစ္စည်းတစ်ခုခုဝယ်တော့မယ်၊ပိုက်ဆံ သုံးတော့မယ်ဆိုလျှင် ဘယ်လောက် နည်းတဲ့ ပမာဏ ပင်ဖြစ်ပါစေ စီးပွားရေး ကျကျ စဉ်းစားတတ်လာတဲ့ အကျင့်ဖြစ်ပေါ်လာခဲ့ပါတယ်။ (တစ်နည်းအားဖြင့်ပြောရလျှင်တော့ စိစစ်လာတယ်။ ကပ်စီးနဲ့ လာတယ်ပေါ့)။ ကဲ…ဘယ်လိုနည်းလမ်းလေးတွေ ရှိတယ်ဆိုတာ ဆက်ပြီး ဖတ်ကြည့်ရအောင်။


၁။ ၀ယ်ချင်လာအောင် နှိုးဆွတတ်တဲ့ စိတ်မရှိခြင်း (သို့ ) ထိန်းချုပ်နိုင်ခြင်း

လူ့ သဘောအရ ပိုက်ဆံကို သုံးရတာကြိုက်ပါတယ်။ လက်ထဲ ပိုက်ဆံ ရှိနေလျှင် ပျော်နေတတ်တယ်။ အသစ်အဆန်းတွေ့ လျှင် ၀ယ်ချင်တယ်။
သင့်အနေနဲ့ shopping centre တစ်ခုခု၊ ဒါမှမဟုတ်လည်း အွန်လိုင်းစတိုး တစ်ခုခုကို ၀င်ကြည့်လိုက်တဲ့အခါမှာ စိတ်ကြိုက်ပစ္စည်းတစ်ခုတွေ့ လိုက်လျှင် ၀ယ်ချင်စိတ်က ချက်ချင်းပေါ်လာပါလိမ့်မယ်။ အဲ့ဒီဝယ်ချင်စိတ်ဖြစ်အောင် နှိုးဆွ တတ်တဲ့ စိတ်ကို ထိန်းချုပ်ဖို့ လိုပါတယ်။ မဟုတ်လျှင်တော့ မျက်စိကျတာ တစ်ခုတွေ့ တိုင်း ၀ယ်ဖြစ်နေ မှာပါပဲ။

၂။ လိုချင်တာနဲ့ လိုအပ်တာကို ခွဲခြား သိမြင်တတ်ခြင်း။

အပေါ်က အကြောင်းအရာနဲ့ လည်း ဆက်စပ်နေပါတယ်။ ကိုယ်လိုချင်တာနဲ့ လိုအပ်တာကို ခွဲခြားတတ်ဖို့ လိုပါတယ်။ လူဆိုတာ အသစ်အဆန်းတွေလျှင် လိုချင်စမြဲပါ။ ဖုန်းဟန်းဆက်အသစ်လေးထွက်လာလျှင်လိုချင်တယ်။ ဖက်ရှင်ဒီဇိုင်းအသစ်လေးတွေ့ လျှင် လိုချင်တယ်။ ဒါပေမယ့် ဒီပစ္စည်းက တကယ်လိုအပ်တာလား၊ စိတ်ကလိုချင်တာလားဆိုတာကို ခွဲခြား တတ်ဖို့ လိုပါတယ်။
တကယ်လိုအပ်တာဆိုလျှင် ၀ယ်ရမှာပါ။ တကယ်လိုအပ်တာမဟုတ်ပဲ လိုချင်ယုံသတ်သတ်ဆိုလျှင်တော့ ၀ယ်ယူချင်တဲ့ စိတ်ကို ထိန်းချုပ်ဖို့ လိုပါတယ်။
ကျွန်တော်ဆိုလျှင် Electronic gadgets တွေ အရမ်းကြိုက်ပါတယ်။ ကျွန်တော့် အမျိုးသမီးဆိုလျှင် အမြဲပြောပါတယ်။ shopping center တစ်ခုခုသွားလို့ electronic gadgets တွေနားရောက်သွားလျှင်ကို ကျွန်တော့်မျက်လုံးတွေက အရောင်တောက်လာပြီး ခြေလှမ်းတွေက အလိုလို အဲ့ဒီဖက်ကို ယိမ်းသွားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကျွန်တော် မ၀ယ်ဖြစ်အောင် ထိန်းချုပ်ပါတယ်။ ပစ္စည်းလေးတွေကိုင်ကြည့်တယ်၊ စမ်းကြည့်တယ်။ ဒါပေမယ့် ၀ယ်ဖို့ အဆင့်ကို မတတ်အောင် ထိန်းချုပ်တယ်။ ဘယ်လို ထိန်းချုပ်လည်းဆိုတော့ ဒီလအတွက် ဘာအသုံးစရိတ်တွေလိုမလဲ၊ ဘာအတွက် အရေးတကြီးသုံးဖို့ လိုမလဲဆိုတာကို စဉ်းစားလိုက်တယ်။ အဲ့လို စဉ်းစားမိလိုက်လျှင် ဒီပစ္စည်းကို လိုချင်တဲ့ စိတ်ပျောက်သွားပါတယ်။ နောက်တစ်မျိုးကတော့ ဒီပစ္စည်း နဲ့ အလားတူ ပစ္စည်း ငါ့မှာ ရှိလားဆိုတာကို စဉ်းစားလိုက်ပါတယ်။ အဲ့ဒီအလားတူ ပစ္စည်းရှိတယ်ဆိုလျှင် လိုချင်တဲ့ စိတ်က တဖြည်းဖြည်းပျောက်သွားပါတယ်။

၃။ ရေရှည်အတွက် ဦးစားပေးခြင်း။

ရေရှည်လို့ ပြောလိုက်လျှင် အနည်းဆုံး ၅ နှစ်လောက်စဥ်းစားဖို့ လိုပါတယ်။ ဒီ ၅ နှစ်အတွင်းမှာ ဘာတွေလုပ်ဖို့ ရှိလဲဆိုတာကို စဉ်းစားပြီး စီမံကိန်း ချထားရမယ်။
အဲဒီလို စီမံကိန်း ရှိခဲ့လို့ ရှိလျှင် မလိုအပ်တာတွေ အပေါ် ပိုက်ဆံသုံးတာနည်းသွားပြီး ကိုယ့်ရဲ့ ရေရှည်အတွက်ကို ဦးစားပေးတတ်သွားပါလိမ့်မယ်။

၎။ ၀င်ငွေရလမ်း အများအပြားရှိခြင်း။

စိတ်ချရတဲ့ ဝင်ငွေရလမ်း တစ်ခုရှိပြီးဆိုတာနဲ့ မီလျံနာတွေဟာ အခြား ၀င်ငွေရမယ့် နည်းလမ်းတွေကို လိုက်ရှာပါတော့တယ်။ ဘာလို့ လည်းဆိုတော့ ၀င်ငွေရလမ်းတစ်ခုတည်းပေါ်မှီခိုနေလျှင် အဲ့ဒီ ၀င်ငွေ ရပ်သွားပါက ဘ၀ပျက်သွားနိုင်လို့ ပါပဲ။
ဒါကြောင့် သင်ဟာ ၀န်ထမ်းတစ်ယောက်ဖြစ်ပြီး လစာရနေတယ်ဆိုလျှင်လည်း အခြားသမ္မာအာဇီဝ ရှိတဲ့ ဝင်ငွေရလမ်း ကို ဖန်တီးထားသင့်ပါတယ်။

၅။ ဘတ်ဂျက် ထားရှိပြီး ဘတ်ဂျက်အတိုင်းလိုက်နာခြင်း။

တစ်လစာအတွက် ဘယ်လောက်ဝင်မယ်၊ ဘယ်လောက်သုံးမယ်ဆိုတာကို လုပ်ထားသင့်တယ်။ ပြီးလျှင် အတတ်နိုင်ဆုံး အဲ့ဒီ ဘတ်ဂျက်အတိုင်းသုံးသင့်တယ်။
ကိုယ့်ဝင်ငွေ ဘယ်လောက်နည်းနည်း ဘတ်ဂျက်လေး ထာရှိလို့ ရပါတယ်။ ပြီးယင် တစ်လ စာဘယ်လောက်သုံးမယ်၊ ဘယ်လောက်ဝင်မယ်၊ ဘယ်လောက်စုမယ် အစရှိသဖြင့် ဘတ်ဂျက်လေးလုပ်ထားလို့ ရပါတယ်။

၆။ အရေးပေါ်ကိစ္စများအတွက်ပြင်ဆင်ထားခြင်း။

မီလျံနာများတွင်လည်း အရေးပေါ်ကိစ္စများရှိလာနိုင်ပါတယ်။ ဥပမာ စီးပွားရေးအဆင်မပြေတာတို့ ၊ မိသားစုဝင်တစ်ဦးဦး ကျန်းမာရေးဆိုးရွားလာတာတွေ ရှိတတ်ပါတယ်။ အဲ့ဒီအတွက်ကိုလည်း ကြိုတင်ပြင်ဆင်ထားလေ့ရှိပါတယ်။ တကယ်ကြုံလာရတဲ့အခါမှာ သူတစ်ပါးဆီက လိုက်လံချေးငှားစရာမလိုပဲ ကိုယ့်ပိုက်ဆံနဲ့ ကို သုံးစွဲပါတယ်။
ဒီသဘောတရားအတိုင်းပဲ ကျွန်တော်တို့ တွေလည်း emergency money လေး ထားသင့်ပါတယ်။ လက်ထဲမှာ in hand ပိုက်ဆံလေးတော့ ရှိနေသင့်တယ်။ တစ်ခုခု အရေးကြုံလာလျှင် သုံးစွဲနိုင်အောင်ပါ။

၇။ နားလည်တတ်ကျွမ်းတဲ့ အရာ၊စီးပွားရေး တွင်သာ ရင်းနှီးမြုပ်နှံခြင်း။

Warren Buffet နဲ့ နာမည်ကြီး စတော့ ရင်းနှီးမြုပ်နှံသူ Peter Lynch တို့ က ဆိုထားပါတယ်။ သင်နားလည် ကျွမ်းကျင်တဲ့ စီးပွားရေး လုပ်ငန်းတွင်သာ ရင်းနှီးမြုပ်နှံမှု ပြုသင့်ပါတယ်။ ဒါမှလည်း အခြေအနေအရပ်ရပ်အားလုံးကို အမြဲသိနေနိုင်မှာဖြစ်ပါတယ်။

၈။ အသုံးစရိတ်များကို အမြဲ စစ်ဆေးပါ။

အသုံးစရိတ်ကို စာရင်းလုပ်တဲ့ အကျင့် သင့်မှာရှိပါသလား။ မရှိဘူးဆိုပါက ဒီနေ့ က စပြီး စလုပ်ကြည့်လိုက်ပါ။ တစ်နေ့ စာဘယ်လောက်သုံးတယ်။ ဘာတွေ သုံးတယ်။ တစ်ပတ်၊ တစ်လ ဘယ်လောက်ကုန်တယ်။ စသဖြင့် လုပ်ကြည့်ပါ။
လကုန်လို့ ပြန် ကြည့်လျှင် ဘာတွေမှာ အသုံးများနေတယ်။ ဘာအတွက်တော့ သုံးတာနည်းနေတယ်ဆိုတာကို သိလာမှာပါ။

၉။ ရှိသင့်တာထက် နိမ့်ကျပြီးနေပါတယ်။

ကျွန်တော်တို့ တွေဟာ ရှိတာ ထက်ပိုပြီး သုံးချင်၊ ကြွားချင်ကြပါတယ်။ မီလျံနာတွေကတော့ ရှိတာထက် နိမ့်ကျပြီး နေတတ်ကြတယ်။ ကိုယ်ပိုင် လေယာဉ်လိုင်းရှိတဲ့ Buffet ဟာ ခရီးသွားလျှင် ဘယ်တော့မှ စင်းလုံးငှားလေယာဉ်မစီးပါဘူး။ အများသူငါ စီးတဲ့ လေယာဉ်ကိုသာစီးလေ့ ရှိပါတယ်။

၁၀။ မိမိ လိုအင်ဆန္ဒကို စတေးခြင်း။

အပေါ်မှာ ပြောခဲ့သလိုပါပဲ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လိုချင်တက်မက်ဖွယ်တွေနဲ့ ပြည့်နေပါတယ်။ ဒါပေမယ့် အဲ့ဒီလိုအင်ဆန္ဒကို စတေးတတ်ဖို့ လိုပါတယ်။ ဒီလို စတေးမှုတွေဟာ အခိုက်အတန့် ပဲဖြစ်မှာပါ။
ဥပမာ သင့် အခုအချိန်မှာ နောက်ဆုံးပေါ်ကားကို မ၀ယ်ပဲ ဈေးသက်သာတဲ့ ကားပဲ ၀ယ်စီးလိုက်လို့ ငွေထွက်လာပြီး စီးပွားရေးမှာ ရင်းနှီးလိုက်နိုင်တယ်။ နောက် ၂ နှစ် ၃ နှစ်ကြာတဲ့အခါမှာ အဲ့ဒီစီးပွားရေးကနေ သင့်ကို နောက်ဆုံးပေါ် ကား ၂ စီးဝယ်နိုင်တဲ့ အမြတ်ပေးနိုင်ယင် ပေးနိုင်လာမှာပါ။ ဒါကြောင့် အခိုက်အတန့်  စတေးတတ်ဖို့ လိုပါတယ်။
ကျွန်တော် ဆေးကျောင်းတတ်တဲ့ တောက်လျှောက်မှာ ကိုယ်ပိုင်ကားမရှိခဲ့ပါဘူး။ ကျွန်တော့်မိဘမှာ ကားရှိပေမယ့် သူတို့ လုပ်ငန်းနဲ့ သူတို့ ဖြစ်တဲ့အတွက် ကိုယ်လည်း ယူမောင်းလို့ မရခဲ့ပါဘူး။ လုပ်ငန်းခွင်ဝင်ပြီးနောက်ပိုင်း အချိန်တော်တော်လည်း ကိုယ်ပိုင်ကားမစီးနိုင်ခဲ့သေးပါဘူး။ ဒါပေမယ့် ကားကောင်းကောင်းလေးစီးနိုင်ဖို့ ဟာ ကျွန်တော့်ရဲ့ ငယ်ငယ်ကတည်းက အိပ်မက်ပါ။ အခုနောက်ပိုင်း ၀င်ငွေလည်းရှိလာ၊ အဆင်ပြေလာ၊ ကားဈေးတွေလည်းကျလာတော့ ကားလေး တစ်စီးဝယ်နိုင်ဖို့ ပိုက်ဆံရှိလာပါတယ်။ ကျွန်တော်စီးချင်တာကတော့ CRV တို့ RAV တို့ လို ကားတွေပါ။ ဒါပေမယ့် ပြန်တွေးကြည့်လိုက်တော့ လက်ရှိအချိန်မှာ အဲ့ဒီလိုတွေစီးလို့ လည်း ကိုယ့်အတွက် က ကြွားရရုံကလွဲပြီး ဘာမှ ထူးမှာမဟုတ်ပါဘူး။ ကိုယ်တကယ်လိုအပ်တာက တစ်နေရာကနေ တစ်နေရာကို သွားနိုင်ဖို့ အတွက် ခြေထောက်လေးတပ်ရုံပဲ (ဒါပေမယ့် အန္တရာယ်ကင်းပြီး ပြင်ဆင်ရလွယ်ဖို့ တော့ အရေးကြီးတာပေါ့)။ အဲ့ဒီအတွက် နောက်ဆုံး ၀ယ်ဖြစ်လိုက်တာက ခုနက လိုချင်တဲ့ ကားတွေရဲ့  တစ်ဝက်ဈေးသာရှိတဲ့ ကားလေးပါ။ ဒါပေမယ့် ပိုနေ တဲ့ ငွေကိုတော့ စီးပွားရေးအတွက် မြုပ်နှံလိုက်နိုင်တယ်။ အဲ့ဒီကနေ မထင်မှတ်ပဲ အောင်မြင်လာတာကြောင့်အခုအချိန်မှာ ကျွန်တော် ၀န်ထမ်း ဘ၀ကို စွန့် လွှတ်နိုင်လာတာပါပဲ။

၁၁။ အကြွေးမယူပါနဲ့ ။

တကယ့် မီလျံနာတွေဟာ ဘယ်တော့ မှ အကြွေးတောထဲမှာမနေပါဘူး။ ရင်းနှီးမြုပ်နှံမှုပြုဖို့ ၊ စီးပွားရေးလုပ်ငန်းအသစ်တည်ထောင်ဖို့ ငွေချေးတာကလွဲပြီး တခြားကိစ္စတွေမှာ အကြွေးမယူသင့်ပါဘူး။ အကြွေးယူပြီး ကားသစ်ကြီးဝယ်တာတို့ ၊ အိမ်သစ်ကြီးဝယ်တာတို့ တွေက သင့်ကို ဒုက္ခများစေမှာပါ။

၁၂။ ငွေကြေးနဲ့ ပက်သက်ပြီး အကြံဥာဏ်ရယူပါတယ်။

မီလျံနာတွေဟာသူတို့ ရဲ့ အားသာချက်၊ အားနည်းချက်တွေကိုသိတယ်။ အဲ့ဒီအတွက် သူတို့ မကျွမ်းကျင်တဲ့ အပိုင်းတွေကို တတ်ကျွမ်းတဲ့သူတွေ ဆီက အကြံဥာဏ် ရယူမှုတွေပြုပါတယ်။

၁၃။ ဆုံးဖြတ်ချက်မချခင် ဂဏန်းများကို တွက်ချက်ပါ။

တစ်ခုခုဝယ်တော့မယ်၊ လုပ်တော့မယ်ဆိုလျှင် ကုန်ကျငွေ၊ပေးချေရမယ့်ငွေကို သေချာတွက်ပါ။ ကိုယ်တကယ်အသုံးဝင်မလားဆိုတာလေ့လာပါ။
ဂဏန်းတွေကိုကြည့်ပြီး သင့်ရဲ့ ဆုံးဖြတ်ချက်တွေ ပိုမို မှန်ကန်လာပါလိမ့်မယ်။

၁၄။ အရည်အသွေးရှိတဲ့ ဝန်ဆောင်မှု၊ ပစ္စည်းတွေကို သာသုံးဆွဲပါ။

အပေါ်မှာပြောခဲ့တာက တစ်ခုခု မ၀ယ်ခင် သေချာစဉ်းစားပါ။ တကယ်လိုအပ်တာလားဆိုတာ။ တကယ်လိုအပ်ပြီးဆိုလျှင်တော့ အရည်အသွေးရှိတဲ့ ပစ္စည်းကို သာ ၀ယ်ယူပါ။ အရည်အသွေး ရှိတဲ့အတွက် ကြာရှည်ခံပါတယ်၊ သုံးရတာ စိတ်ကျေနပ်မှု ရှိပါတယ်။
ကဲ…ဒီနည်းလမ်းလေးတွေထဲက လုပ်နိုင်တာလေးတွေကို ဒီနေ့ ကစပြီး လုပ်ကြည့်ရအောင်လား။

အားလုံးကို ကျေးဇူးတင်ပါတယ်။


ကိုဟိန်း (Prospect Myanmar)

No comments