Header Ads

တိုးတက်အောင်မြင်ဖို့ အတွက် အောင်မြင်ကျော်ကြားသူတွေ စွန့် လွှတ်ခဲ့တဲ့ အကျင့် ၇ ခု




ကျွန်တော်တို့ တွေ တော်တော်များများ ဖတ်ဖူးကြပါတယ်။ ကျွန်တော်လည်း ရေးဖူးပါတယ်။ ဘ၀ အောင်မြင်ရေးအတွက် ဘာတွေ ကို လုပ်သင့်တယ်။ ဘယ်လို ပြုမူနေထိုင်သင့်တယ်ဆိုတာတွေပေါ့။ ဒီနေ့ ရေးမှာကတော့ အဲဒါတွေရဲ့ ပြောင်းပြန်ပါ။ အောင်မြင်ဖို့ အတွက် ဘယ်လို အကျင့်စရိုက်တွေကို ဆိုယင်တော့ ရှောင်ကြဉ်သင့်တယ်. စွန့် ခွာသင့်တယ် ဆိုတာတွေပေါ့။ (မှတ်ချက်။ အခု ရေးမယ့် အမူအကျင့် ၇ ခု ဟာ မကောင်းတဲ့ အမူအကျင့်လို့ တော့ ပြောလို့ မရပါဘူး။ ဒါပေမယ့် အောင်မြင်မှုအတွက် အတားအဆီး ဖြစ်နိုင်တယ်လို့ တော့ ယူဆလို့ ရပါတယ်။ ပြီးတော့ အဲ့ဒီ အချက်တွေဟာ ကမ္ဘာပေါ်မှာ အောင်မြင်မှု သရဖူဆောင်းနေတဲ့ သူတွေကို အင်တာဗျူး ထားပြီး သူတို့ ပြောပြထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်)။
၁။ အောင်မြင်တဲ့သူတွေဟာ သူတို့ နဲ့ အဆင်ပြေမယ့် သက်သောင့်သက်သာ ရှိမယ့် comfort zone ထဲမှာပဲ မနေပါဘူး။ အပြင်ကို ထွက်ပြီး စွန့် စား တတ်ကြပါတယ်။
comfort zone ဆိုတာ ဘာလဲ။ သင်နဲ့ အဆင်ပြေမယ့် ပတ်ဝန်းကျင်ရှိတဲ့ နေရာလေးတစ်ခုပေါ့။ ဥပမာ အလုပ်ပတ်ဝန်းကျင်လေးတစ်ခုက သင်နဲ့ အဆင်ပြေတဲ့အတွက် အဲ့ဒီအလုပ်မှာပဲ လုပ်နေမယ်။ တိုးတက်မှုလည်း ထပ်မရှာတော့ဘူး။ ဘာလို့ လဲဆိုတော့ လူသစ်၊ ပတ်ဝန်းကျင် သစ်နဲ့ ဆက်ဆံ ရမှာကို ကြောက်လို့ ။ သင်နဲ့ အဆင်ပြေမယ့် သူတွေ ရှိတဲ့ comfort zone လေးထဲမှာပဲ နေနေချင်တယ်ပေါ့။
အောင်မြင်တဲ့သူတွေကတော့ သူတို့ ရဲ့  comfort zone ထဲကနေ ရုန်းထွက်ပြီး ပတ်ဝန်းကျင် အသစ်ကို ရှာမယ်။ အတွေ့ အကြုံ အသစ်တွေကို ရယူမယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ယင်းနဲ့ အတွေ့ အကြုံတွေကို ရယူမယ်။ အဲ့ဒီလို ခံယူမှုတွေနဲ့ ကြိုးစားလေ့ ရှိကြပါတယ်။
၂။ အောင်မြင်တဲ့ သူတွေဟာ သင်ယူမှု မရှိပဲ တစ်စုံတစ်ခုကို လုပ်လေ့ မရှိပါဘူး။ သူတို့ တွေရဲ့  ဘ၀ဟာ သင်ယူမှုတွေ၊ လေ့လာမှုတွေ၊တီထွင်ဖန်တီးမှုတွေနဲ့ ပြည့်နေပါတယ်။ အောင်မြင်မှု တစ်ခု ရပြီးလို့ အဲ့ဒီအောင်မြင်မှုနဲ့ ပဲ မရပ်နေပါဘူး။ ဆက်ပြီး လေ့လာ၊ သင်ယူ၊ တီထွင် ဖန်တီးမှုတွေ ပြုနေပါတယ်။ ဒါကြောင့်လည်း အောင်မြင်မှုတွေ ဆက်တိုက်ရနေတာပေါ့။
ဥပမာ တစ်ခု စဉ်းစားကြည့်ရအောင်။ ဘီလ်ဂိတ် သာ လေ့လာဖန်တီးမှုတွေ ဆက်မလုပ်ပဲ ရပ်နေခဲ့ယင် ကျွန်တော်တို့ အင်တာနက် ခေတ်ကို မြန်မြန်ဆန်ဆန် ရောက်ရှိလာမှာမဟုတ်ဘူး။
၃။ အောင်မြင်တဲ့သူတွေဟာ အခြားသူ ထံမှ အကြံဥာဏ်တောင်းရမှာကို မကြောက်ပါဘူး။ ကျွန်တော်တို့ လူတော်တော်များများဟာ ကိုယ်မသိတဲ့ ကိစ္စ တစ်ခု၊ အကြောင်းအရာ တစ်ခုကို အခြားသူထံမှာ မေးမြန်းရမှာကို ကြောက်တတ်ကြတယ်။ ရှက်ကြတယ်။ ကိုယ်မသိဘူးဆိုတာကို အခြားသူတွေ သိသွားမှာ ကို မလိုလားတတ်ကြဘူး။
ထင်ရှားတဲ့ entrepreneur တစ်ယောက်ဖြစ်တဲ့ Richard Branson က ပြောထားပါတယ်။ သင့်အနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခု ချဖို့ လို အပ်တဲ့အခါမှာ သင်ချမယ့် ဆုံးဖြတ်ချက်ကို အတွေ့ အကြုံ ရှိပြီးသားသူ တစ်ယောက်နဲ့ တိုင်ပင်ပြီး အကြံဥာဏ်ရယူလိုက်ခြင်းက သင့်ရဲ့ ဆုံးဖြတ်ချက်ကို ထူးခြားစွာ ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။
အခြားသူ ဆီကနေ အကြံဥာဏ်တောင်းခံဖို့ ဆိုတာက လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ တော်တော်များများက အခြားသူတွေလည်း ငါတို့ လို ဆုံးဖြတ်မှာပဲ လို့ ထင်မြင်တတ်ကြတယ်။ တစ်ခါတစ်လေလဲ အခြားသူကို အကူအညီတောင်းခံလိုက်လို့ ထိုသူကို မှီခိုရတယ် ဆိုတဲ့ အတွေးမျိုး ၀င်လာတတ်ကြတယ်။ အဲ့ဒါတွေကြောင့် မမေးဖြစ်တတ်ကြပါဘူး။ ဒါပေမယ့် တစ်ခါတစ်ရံ မိမိ မှာ မရှိတဲ့ အကြံဥာဏ်ကောင်းမျိုး အခြားသူ (အတွေ့ အကြုံ ရှိတဲ့သူ) မှာ ရှိနေတတ်ပါတယ်။
၎။ သူတို့ တွေဟာ သေးငယ်တဲ့၊ သိပ်ပြီး အရေးမကြီးတဲ့ အရာတွေ နဲ့ အချိန် ကုန်မခံပါဘူး။ ဆိုလိုချင်တဲ့ သဘောကတော့ အောင်မြင်တဲ့သူတွေဟာ ကျယ်ကျယ် ပြန့် ပြန့် တွေးခေါ်ပါတယ်။ ကိစ္စ တစ်ခု ကို အများကြီး ဆက်စပ်တွေးခေါ်ပြီး ကျယ်ကျယ် ပြန့် ပြန့် စဉ်းစားပါတယ်။ ပြဿနာ တစ်ခု ပေါ်လာလျှင်လည်း ပြဿနာ နေရာကို သာ ကွက်ပြီး မစဉ်းစားပါ ကြောင်းကျိုး ဆက်စပ် စဉ်းစား ပြီး အဖြေရှာတတ်ကြပါတယ်။
ဥပမာ အားဖြင့် Steve Job သာ အခြား phone company တွေလိုပဲ ခလုတ်နှိပ်ရတဲ့ ဖုန်းတွေကို ပဲ ကောင်းသထက်ကောင်းအောင် တီထွင် ဖန်တီးနေမယ်ဆိုယင် touch screen ဖုန်းတွေ ပါလာအကြောင်း မရှိပါဘူး (သူ့ လို နောက်လူတစ်ယောက်က စဉ်းစားပြီး ဖန်တီးနိုင်မယ်ဆိုလျှင်တော့ ပေါ်လာမှာပေါ့)။ ဒါပေမယ့် သူ့ အနေနဲ့ ခလုတ်ဖုန်းတွေကို ပဲ အာရုံ စိုက်မနေပဲ ကျယ်ကျယ်ပြန့် ပြန့် စဉ်းစားခဲ့တဲ့ အတွက် Touch screen idea ပေါ်လာခြင်းဖြစ်ပါတယ်။
၅။ သူတို့ တွေဟာ multitask (အလုပ် အများကြီးကို တပြိုင်နက်လုပ်ခြင်း) ကို ရှောင်ကြဉ်ကြပါတယ်။ ဒါကတော့ ထူးဆန်းတယ်လို့ ပြောလို့ ရပါတယ်။ ဘာလို့ လည်းဆိုတော့ ကျွန်တော်တို့ အလုပ်ခေါ်စာ တော်တော်များများ ကို ကြည့်လိုက်ယင် “Ability to do multitask” အလုပ် အများကြီးကို တပြိုင်နက် လုပ်ဆောင်နိုင်ရမည် ဆိုတာမျိုး ရေးသားထားတတ်ကြပါတယ်။ အဲ့လို multitask လုပ်နိုင်တာကို က အရည်းအချင်း တစ်မျိုး အဖြစ်ခံယူတတ်ကြပါတယ်။ အောင်မြင်တဲ့သူတွေ ခံယူထားတာကတော့ multitask လုပ်ခြင်းအားဖြင့် ရရှိလာနိုင်တဲ့ ရလဒ်တွေရဲ့ အရည်အသွေးကျသွားနိုင်ပါတယ်။ ဒါကြောင့် သူတို့ တွေဟာ အရည်အသွေးကို အဓိကထားတဲ့အတွက် multitask ကို တတ်နိုင်သမျှ ရှောင်ကြဉ်ပြီး တစ်ကြိမ်မှာ task တစ်ခုကို ပဲ အာရုံစိုက်ပြီးလုပ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ task ကတော့ အကောင်းဆုံး ရလဒ် ထွက်လာမှာပါ။
Emma Watson က ဟာသနှောပြီး ပြောထားတာရှိပါတယ်။ သူ multitask လုပ်လွန်းလို့ သူ့ ရဲ့  Iphone က စားနေတဲ့ စွပ်ပြုတ် ပန်းကန်ထဲ ကို ပြုတ်ကျသွားဖူးပါတယ်တဲ့။ ဆိုလိုချင်တာကတော့ သူက အစာ စားနေတုန်း ဖုန်းသုံးနေတာကို ဆိုလိုချင်တာပါ။
၆။ အောင်မြင်တဲ့သူတွေဟာ ကိုယ့်ကို ကိုယ် မလိမ်ကြပါဘူး။ ကျွန်တော်တို့ တွေမှာ အကျင့်ရှိပါတယ်။ ကိုယ့်ကို ကိုယ် ပြန်လိမ်တာပါ။ ကိုယ့်ဖာသာကို စိတ်ချမ်းသာအောင် တစ်ခုခု ကို အဆင်ပြေပါတယ်ဆိုပြီး လိမ်တတ်တယ်။ အရမ်းအရေးကြီးတဲ့ ကိစ္စကို အရေးမကြီးသယောင် ကိုယ့်ကိုကိုယ် အားပေးတတ်ကြတယ်။
အောင်မြင်တဲ့ သူတွေကတော့ ကိုယ့် အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်တတ်ကြတယ်။ အရှိကို အရှိအတိုင်းလက်ခံတယ်။ ကိုယ့်ကို ကိုယ် လိမ်လိုက်လို့ စိတ်ချမ်းသာတာထက် အမှန်ကို လက်ခံပြီး ကောင်းအောင် ကြိုးစားလိုက်လို့ အောင်မြင်သွားတဲ့ စိတ်ချမ်းသာမှုကို ပိုပြီး သဘောကြတယ်။ နောက်တစ်ချက်ကတော့ ကိုယ့်ကိုကိုယ် လိမ်ခြင်းအားဖြင့် ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို လည်း ထိခိုက်နိုင်ပါတယ်တဲ့။
၇။ အောင်မြင်တဲ့သူတွေဟာ သူတို့ အပေါ် ဝေဖန်မှုပြုမှာကို မကြောက်ဘူး။ မှန်ကန်တဲ့ ဝေဖန်မှုကို ကြည်ကြည်ဖြူဖြူ လက်ခံလေ့ရှိတယ်။ ကျွန်တော်တို့ လူတွေဟာ ကိုယ့်ကို အခြားသူက ဝေဖန်မှာ အကြောက်ဆုံးပါပဲ။ ကျွန်တော်ဆိုလည်း တော်တော်ကြောက်ခဲ့မိပါတယ်။ အဲ့ဒီအတွက် သိသာလာတာကတော့ ဝေဖန်ခံရမှာကြောက်ပြီး ဘာမှ မလုပ်ရဲတော့ဘူး။ အထူးသဖြင့် တီထွင်ကြံဆမှုတွေ ပျောက်လာခဲ့တယ်။ လမ်းဟောင်းကို ပဲ လိုက်ခဲ့မိတယ်။ ကိုယ့်ကိုကိုယ်လည်း တစ်ယောက်ယောက်က ဝေဖန်ယင် လက်မခံတတ်ဘဲ ပြန်လည်ကာကွယ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့် ဆရာ တစ်ယောက်က ကျွန်တော့် ကို တဖြည်းဖြည်းနားလည်လာအောင် လမ်းပြခဲ့တယ်။ အဲ့ဒီနောက်ပိုင်းတော့ ကျွန်တော့် အပေါ် အပြုသဘော ဝေဖန်မှုတွေကို လက်ခံလာနိုင်တယ်။ (အပြုသဘော ဝေဖန်မှုလို့ သုံးထားပါတယ်။ အပြုသဘော မဆောင်တဲ့ အနှုတ်လက္ခဏာ ဆောင်တဲ့ ဝေဖန်မှုမျိုးဆိုယင်တော့ ဥာဏ်နဲ့ ယှဉ်ပြီး တု့ံပြန်ပါတယ်)။ ကျွန်တော် ဒီလို ကိုယ့်အကြောင်း ပြောပြလို့ ကိုယ့်ကို ကိုယ်အောင်မြင်နေတဲ့သူလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အမူအကျင့်တစ်ခုကို ကြိုးစားပြီး ပြုပြင်လို့ ရတယ်ဆိုတာကို ပြောပြချင်တာပါ။
Elon Musk ဆိုတဲ့ entrepreneur တစ်ယောက်ကဆိုထားပါတယ်။ မိမိ အကြောင်းကို တစ်ခါတစ်လေမှာ အခြားသူတွေဆီကနေ နားထောင်ကြည့်လိုက်ပါ။ ကိုယ့်မှာ ဘာတွေလိုအပ်သလဲ ဆိုတာ ပေါ်လာပါလိမ့်မယ်။
အထက်မှာ ရေးခဲ့တဲ့ အကြောင်းအရာတွေကို တော့ အောင်မြင်ကျော်ကြားတဲ့ သူတွေအနေနဲ့ သူတို့ ဘ၀မှာ အောင်မြင်မှု ရရှိဖို့ အတွက် စွန့် လွှတ်ခဲ့တဲ့ အမူအကျင့်တွေ အကြောင်းပါပဲ။ တစ်ယောက်တည်း ဆီက ပြောတဲ့ အကြောင်းအရာတွေတော့ မဟုတ်ပါဘူး။ အောင်မြင်နေတဲ့သူ တော်တော်များများ ဆီက ရခဲ့တဲ့ အကြောင်းအရာတွေကို စုပြီး ရေးသားထားခြင်းပဲ ဖြစ်ပါတယ်။ Lifehack.org က 7 Habits Successful People Give Up to Increase Their Productivity ကို သင့်တော်အောင် ဘာသာ ပြန်ဆိုထားပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)

No comments