(အလုပ်ရှင်များအတွက်) ၀န်ထမ်းများ သင့် ကုမ္ပဏီ ကို အမြန်ဆုံးစွန့် ခွါစေသော နည်းလမ်းကောင်း ၁၀ ခု
ကဲ….အလုပ်ရှာမယ့်သူတွေ အတွက်ပဲ တောက်လျှောက်ရေးနေခဲ့တာဆိုတော့ ဒီနေ့ အပြောင်းအလဲလေးဖြစ်သွားအောင် အလုပ်ရှင်တွေအတွက် အကျိုးရှိမယ့် အရာလေး ရေးချင်ပါတယ်။ အဲ့ဒါကတော့ သင့် ကုမ္ပဏီက ၀န်ထမ်းတွေကို ဘယ်လိုနည်းနဲ့ မြန်မြန် မောင်းထုတ်မလဲဆိုတာလေးပါပဲ။ အောက်မှာ အချက် (၁၀)ချက်ရေးထားပါတယ်။ အဲ့ဒီ ၁၀ ချက်အတိုင်း လိုက်လုပ်မယ်ဆိုယင်တော့ သင့်ရဲ့  ကုမ္ပဏီမှာ ၀န်ထမ်းတွေ ထွက်တာဟာ အားရစရာကောင်းလောက်အောင် များပါလိမ့်မယ်။ ကဲ…အဲ့ဒီ အချက် (၁၀) ချက်ကို လေ့ လာကြည့်ရအောင်။
၁။ ၀န်ထမ်းတွေကို ရုံးတက်ရုံးဆင်းမှာ လက်မှတ် ထိုးခိုင်းပါ။
သင်ကိုယ်တိုင် ရုံးတံခါးဝ မှာ ထိုင်စောင့်ပြီး ၀န်ထမ်းတွေ ရုံးသို့ ရောက်ရှိကြောင်း လက်မှတ် ထိုးတာကို ကြပ်မတ်ပြီး စောင့်ကြည့်ပါ။ သင် မစောင့်နိုင်ပါက HR department မှ တာဝန်ရှိသူများကို စောင့်ကြည့် အစီရင်ခံခိုင်းပါ။ နောက်ကျတဲ့ ၀န်ထမ်းများကို စာရင်းပြုစုပြီး ဖြေရှင်းချက်တွေ တောင်းပါ။ ထိရောက်သော အကြောင်း မရှိပဲ နောက်ကျလျင် လစာမှဖြတ်ပါ။
၂။ ၀န်ထမ်းတွေကို လမ်းပေါ်မှာ အချိန်ကုန်ခိုင်းပါ။
ခရီးသွားခြင်းဟာ ကောင်းပါတယ်။ လူတော်တော်များများ နှစ်သက်ပါတယ်။ ဒါပေမယ့် သွားနေကျ ခရီးတစ်ခုကို ထပ်ခါ ထပ်ခါ သွားရတာကတော့ သိပ်အဆင်မပြေလှပါ။ ရုံးပိတ်ရက်များပါ သွားရလျှင်ပိုပြီး အဆင်မပြေပါ။
သင့် ၀န်ထမ်းတွေကို ခရီးသွားခြင်းဖြင့် အချိန်ကုန်ခိုင်းပါ။ ဖြစ်နိုင်လျှင် ပိတ်ရက်များပါ ခရီးတွင် အချိန်ကုန်ပါစေ။ ပိတ်ရက်မှာ အလုပ်လုပ်ရတာကို ပြန်ပြီး အစားမပေးပါနဲ့ ။ တစ်ပတ်ကို ၇ ရက် အလုပ်လုပ်ရပါစေ။ အစား ပြန်မပေးပါနဲ့ ။
၃။ ၀တ်စားဆင်ယင်မှု အတွက် တင်းကျပ်သော စည်းကမ်းချမှတ်ပါ။
ဝတ်စားဆင်ယင်မှုအတွက် စည်းကမ်းများချမှတ်ထားတာကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီ စည်းကမ်းများကို ပိုပြီး တင်းတင်းကျပ်ကျပ်ချမှတ်ပါ။ ဖြစ်နိုင်လျှင် ယူနီဖောင်း ၀တ်ခိုင်းပါ။ ၀တ်စားဆင်ယင်မှုနှင့်ပက်သက်ပြီး အမှားအယွင်း ရှိသော ၀န်ထမ်းကို ပြင်းထန်စွာ သတိပေးပါ။
၎။ နှစ်စဉ် ၀န်ထမ်းတွေရဲ့  စွမ်းဆောင်ရည်ကို အကဲဖြတ်ပါ။
ဝန်ထမ်းတွေရဲ့  စွမ်းဆောင်ရည်ကို နှစ်စဉ်အကဲဖြတ်တာကောင်းပါတယ်။ ဒါပေမယ့် အကဲဖြတ်တဲ့အခါမှာ စွမ်းဆောင်မှုအားနည်းသော ၀န်ထမ်းတွေ ရှိစမြဲပါ။ အဲ့ဒီအခါကျယင် သူတို့ ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါ။ လစာဖြတ်ပါ။ စွမ်းဆောင်ရည်မြင့်သော သူများလက်အောက်မှာလုပ်ဆောင်ရန် တာဝန်ပေးပါ။
၅။ နာရေး နှင့်သက်ဆိုင်သော ခွင့်များကို ကြပ်မတ်ပါ။
ဝန်ထမ်းတစ်ယောက်ယောက်က နာရေးနဲ့ ပက်သက်ပြီး ခွင့်တိုင်ကြားလျှင် ချက်ချင်းမပေးပါနဲ့ ။ တကယ် နာရေး ရှိကြောင်း အထောက်အထားတောင်းယူပါ။ မပြည့်စုံမချင်း ခွင့်မပြုပါနဲ့  ။ အတင်းအကျပ်ခွင့်ယူသွားလျှင် လစာမှ ပြန်ဖျက်ပါ။
၆။ မိမိကို တင်ပြသမျှအားလုံးကို ဘာမှ မစဉ်းစားပဲ ခွင့်ပြုပေးလိုက်ပါ။
အစ ပထမမှာတော့ ၀န်ထမ်းတော်တော်များများ အတွက် အဆင်ပြေပါလိမ့်မယ်။ ပျော်ကြပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းကြာလာယင် ပြဿနာများကြုံလာပါလိမ့်မယ်။ ကိုယ့်အထက်လူကြီး က ဘာမှ မစဉ်းစားပဲ ခွင့်ပြုထားတဲ့ အကြောင်းများက သူတို့ ကို ဒုက္ခ ပေးစရာများ ဖြစ်လာပါလိမ့်မယ်။
၇။ တင်းကျပ်သော စည်းကမ်းများချမှတ်ပါ။
တင်းကျပ်သော စည်းကမ်းများ သတ်မှတ်ပါ။ ဥပမာ print မထုတ်ခင် စာရင်းအရင်ဖြည့်ရတာမျိုး၊ ရုံးက ကွန်ပြူတာနဲ့  ဖေ့ဘွတ် အသုံးပြုခွင့် မရှိတာမျိုး၊ ဖုန်းကနေ wifi သုံးခွင့်မရတာမျိုး၊ ရုံးချိန်အတွင်း ဖုန်းပြောခွင့်မရတာမျိုး ….. အစရှိသည့် စည်းကမ်းများချမှတ်ပါ။
၈။ သတ်မှတ်ထားသော တာဝန်များထက် ပိုပြီး ခိုင်းပါ။
ဥပမာ၊ ငွေကြေးစာရင်းကိုင် တစ်ယောက်ကို စာရင်းကိုင် အပြင် စာစီစာရိုက်ပါလုပ်ခိုင်းတာမျိုး၊ reception မှာ ထိုင်ခိုင်းတားမျိုး လုပ်ပါ။
ဒါမှ မဟုတ်လဲ ၀န်ထမ်း၏ ကျွမ်းကျင်မှုနှင့် လုံးဝ မသက်ဆိုင်သော တာဝန်များပေးပါ။ ဥပမာ Engineer တာဝန်ယူထားတဲ့သူကို marketing ထွက်ပြီး အရောင်းမြှင့်တင်ခိုင်းတာမျိုးပေါ့။
၉။ လစာ သတ်မှတ်ချက်ကို မလိုက်နာပါနဲ့ ။
မိမိ ကုမ္ပဏီမှာ လစာသတ်မှတ်ချက် ရှိကောင်းရှိပါလိမ့်မယ်။ မန်နေဂျာ လစာ က ဘယ်လောက်ကနေ ဘယ်လောက်၊ စာရင်းကိုင် လစာက ဘယ်လောက်ကနေ ဘယ်လောက် ဆိုပြီး သတ်မှတ်ထားတာ ရှိပါလိမ့်မယ်။ အဲ့ဒီ လစာ သတ်မှတ်ချက်ကို မလိုက်နာပဲ ပေးချင်သလို ပေးပါ။ မန်နေဂျာတစ်ယောက်ကို ၅၀၀ ပေးနေတဲ့အချိန်မှာ နောက်တစ်ယောက် (ရာထူးတူ၊ တာဝန်တူ၊) ကို ၁၀၀၀ ပေးယင် ပေးလိုက်ပါ။ စာရင်းကိုင် နှစ်ယောက်ကို လစာ မတူအောင် ပေးပါ။
၁၀။ နှစ်စဉ် စွမ်းဆောင်ရည် အကဲဖြတ်ခြင်းကို ဆောင်ရွက်ပါ။
အကဲဖြတ်ထားတာတွေကို အမှတ် အနေနဲ့ ဖော်ပြခိုင်းပါ။ ပြီးယင် ၀န်ထမ်းတွေကို အမှတ်အလိုက် စီပါ။ ရာထူးတူတဲ့သူအချင်းချင်း ဘယ်သူတော်တယ် ဘယ်သူညံ့တယ်ကို ယှဉ်ခိုင်းပါ။
အမှတ်ကောင်းတဲ့သူတွေကို ချီးကျူး ပါ။ bonus ပေးပါ။ အမှတ်နည်းတဲ့သူတွေကို ဘာကြောင့်အမှတ်နည်းရလဲဆိုပြီး ဆူပူကြိမ်းမောင်းပါ။
ကဲ….ဒီ ၁၀ ချက်ကို လိုက်နာမယ်ဆိုယင်တော့ သင့် ရဲ့  ကုမ္ပဏီ က ၀န်ထမ်းတွေ အလုပ်ထွက်နှုန်းဟာ စံချိန်တင် မှာပါ။ ကုမ္ပဏီရဲ့  HR ဌာနလည်း အလုပ်တော်တော် ရပါမယ်။
ဒါဆို အဲ့ဒီအချက်တွေကို သတိထား ရှောင်ကြဉ်မယ်ဆိုယင်တော့ သင့်ရဲ့  ကုမ္ပဏီမှာ အရည်အချင်းရှိတဲ့ ၀န်ထမ်းတွေကို အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ ၀န်ထမ်းတွေရဲ့  စွမ်းဆောင်ရည်တွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
Post a Comment