ပြီးပြည့်စုံတဲ့ Cover Letter တစ်စောင်ကို ဘယ်လို ရေးမလဲ။
Cover Letter ကို ဘယ်လို ရေးရမလဲ ဆိုတာ ကို မသွားခင် Cover letter ရဲ့  အရေးကြီး ပုံကို အယင် ပြောပြချင်ပါတယ်…. အလုပ်လျှောက်တဲ့သူ တော်တော်များများက Cover Letter ကို အလုပ်လျှောက်လွှာမှာ ပါရမယ့် အင်္ဂါရပ် တစ်ခုလို့ သာ သတ်မှတ်ထားကြတယ်… Curriculum Vitae ကို သာ ကောင်းမွန်အောင် ဦးစားပေးရေးပြီး Cover Letter ကို ဖြစ်သလို ပဲ ရေးပြီးတင်တတ်ကြတယ်… Cover Letter ပါရမယ်လို့ ပြောထားတဲ့အတွက် ပြည့်စုံအောင် ထည့်ပေးလိုက်တဲ့သဘော နဲ့ ပဲ ရေးလိုက်ကြတာများပါတယ်…. ကျွန်တော်လည်း အယင်က အဲ့ဒီလို ပဲ သဘော ထားပြီး ရေးခဲ့ဘူးတယ်..လျှောက်လွှာတွေတင်ခဲ့ဘူးပါတယ်… နောက်ပိုင်းကျမှ Cover Letter ရဲ့  အရေးကြီးပုံကို နားလည်လာမိတယ်…
International HR professional တော်တော်များများနဲ့ တွဲလုပ်မိတဲ့အခါ သူတို့ တွေ Cover Letter ကို ဘယ်လို သေချာဖတ်တယ်ဆိုတာ သိလာရတယ်… တစ်ခါတစ်လေ CV ကိုတောင် မကြည့်တော့ဘူး…. Cover Letter နဲ့ တင် စကာတင် ရွေးတာတွေကို တွေ့ လာရတယ်… သူတို့  Cover Letter ကိုပဲ ကြည့်ပြီး ရွေးလိုက်တဲ့ သူတွေက တကယ်လည်း အရည်အချင်း ရှိတဲ့သူတွေ ဖြစ်နေတာကိုတွေ့ ရတယ်… ၀မ်းနည်းဖို့ ကောင်းတာကတော့ တကယ် အရည်အချင်း ရှိရဲ့ နဲ့  Cover Letter ကို ဖြစ်သလို ရေးထားတဲ့ သူတွေရဲ့  CV ကတော့ စကာတင် စာရင်းထဲ မပါလာတောပါ့ဘူး…
အဲ့ဒါနဲ့ တစ်ခါက HR specialist တစ်ယောက်နဲ့ အငြင်းအခုန် လုပ်ယင်းက သူက ပြောတယ်…. “Cover letter လေးမှ ထိထိရောက်ရောက် ပြည့်စုံအောင် မရေးလာတဲ့ သူက ငါတို့ အလုပ်ကို ကော ထိထိရောက်ရောက်လုပ်မယ်လို့ ထင်လား…. ဒီအလုပ်ကို ကော တကယ် စိတ်ဝင်စားလို့ လျှောက်တာမှ ဟုတ်ရဲ့ လား” တဲ့။
အဲ့ဒီအတွက် Cover Letter တစ်ခု ရေးယင် ဘယ်အချက်တွေ သတိထားရမယ်ဆိုတာတွေကို အောက်မှာ လေ့လာဖတ်ရှု နိုင်ပါတယ်…
၁။ အတိအကျ ရည်ညွှန်းရမည့်သူ ကို မရည်ညွှန်းဖြစ်ခြင်း။
အလုပ်ခေါ်စာ တော်တော်များများ မှာ ဦး ဘယ်သူ၊ ဒေါ်ဘယ်သူ ထံသို့ အလုပ်လျှောက်လွှာကို ပေးပို့ ပါ လို့ ဖော်ပြတတ်ပါတယ်…. အဲ့လို နာမည်နဲ့ တကွ ဖော်ပြထားယင် ကိုယ့် ရဲ့  Cover Letter မှာလဲ သို့  ဦးဘယ်သူ၊ ဒေါ် ဘယ်သူ ဆိုပြီး ရည်ညွှန်း ဖော်ပြသင့်ပါတယ်…. သူတို့ ရဲ့  ရာထူးကို လည်း မမှားအောင် သတိထားရပါမယ်… HR Manager လို့ ရေးရမှာကို HR officer လို့ မှားရေးမိတာမျိုး မဖြစ်ပါစေနဲ့ ။
အဲ့လို နာမည်နဲ့ မဖော်ပြထားယင်တော့ ဘယ်သူ့ ကို လိပ်မူ ရည်ညွှန်းရမယ်ဆိုတာကို ဖုန်းဆက်မေးသင့်ပါတယ်… အီမေးလ် ပေးပို့ ပြီးလဲ မေးမြန်းနိုင်ပါတယ်..ဒီ အလုပ်လျှောက်လွှာကို ဘယ်သူ့ ကို ရည်ညွှန်းပေးပို့ ရမလဲဆိုပြီး မေးမြန်း သင့်ပါတယ်။
နောက်တစ်ခုကတော့ ယောက်ျား မိန်းမ မှားပြီး မရေးမိဖို့ ပါပဲ။ အချို့ အချို့ သော နာမည်များက (နိုင်ငံခြားသား နာမည်များ) ဆိုလျှင် ယောက်ျား မိန်းမ ခွဲရန်ခက်ခဲလှပါတယ်.. အဲ့ဒါဆိုလည်း အတတ်နိုင်ဆုံး စုံစမ်းကြည့်ပါ။ ကိုယ်လျှောက်မယ့် အလုပ်မှာ အသိရှိပါက မေးမြန်းကြည့်ပါ။
ကျွန်တော့် ရဲ့  ပထမဆုံးအလုပ်ကို စတင်သတင်းပို့ တဲ့နေ့ မှာ လုပ်မိလိုက်တဲ့ အမှားကတော့ HR Director အမျိုးသားကို အမျိုးသမီးထင်ပြီး Reception မှာ မေးမိတာပါပဲ။ J
နောက်ဆုံးဘယ်လို မှလဲ စုံစမ်းလို့ မရ၊ အလုပ်ခေါ်စာမှာလဲ email address၊ ရုံးလိပ်စာပဲ ပေးထာတယ်ဆိုယင်တော့ အန္တရာယ် အကင်းဆုံး အနေနဲ့  Hiring Manager, HR Department လို့ သာ တပ်လိုက်ပါ။
၂။ Cover Letter ကို ဖတ်မည့် သူ ၏ စိတ်ဝင်စားမှု ကို Cover Letter စစချင်းမှာ မဖမ်းယူနိုင်ခြင်း
မိမိရဲ့  Cover Letter အစမှာ စာဖတ်သူအတွက် ပဟေဋိဆန်မှုများ မပြတ်သားမှုများ မျက်လှည့်ဆန်မှုများ မဖြစ်စေရပါ။ စာဖတ်သူကို ဦးနှောက်အရမ်းပေးပြီး ဒီ Cover Letter ပိုင်ရှင်သည် ခေါ်ထားသော အလုပ်နှင့်ကိုက်ညီပါတယ်ဆိုတဲ့ အဖြေကို ခက်ခက်ခဲခဲ စဉ်းစား စရာဖြစ်အောင် မလုပ်သင့်ပါ။
မိမိ Cover Letter ရဲ့  အစ သည် စာဖတ်သူ ရဲ့  အာရုံကို ဖမ်းစားနိုင်စရာ ဖြစ်အောင် ဖန်တီးရပါမည်။ စ ဖတ်လိုက်တာနဲ့ ဒီ Cover Letter ပိုင်ရှင်သည် တကယ်ကို မိမိတို့ လိုချင်တဲ့ အရည်အချင်းတွေ နဲ့ ကိုက်ညီတဲ့ သူ ဖြစ်ပါတယ်လို့ မှတ်ယူ လာအောင် Cover Letter အစမှာ မိမိ ရဲ့ အရည်အချင်း၊ ကျွမ်းကျင်မှု အတွေ့ အကြုံ ရှိမှုတွေကို ဖော်ပြပေးရပါမယ်။
အချို့ အချို့ သော Cover Letter များ ရဲ့  ပထမစစချင်းမှာ တွေ့ ရတာက မိမိ နာမည် ဘယ်သူ ဖြစ်ကြောင်း၊ ဘယ်မှာ ကျောင်းတတ်ခဲ့ကြောင်း၊ ဘယ်မှာ အလုပ်လုပ်ကိုင်နေကြောင်း၊ အဲ့ဒီအလုပ်လုပ်တဲ့ အဖွဲ့ အစည်းက ဘာတွေ လုပ်ကြောင်း၊ အဲ့ဒါတွေကို ဖော်ပြတတ်ပါတယ်…. အဲ့လို ဖော်ပြမိတဲ့အတွက် စာဖတ်သူအနေနဲ့ မိမိအကြောင်းကို မသိတော့ပဲ မိမိ လုပ်ကိုင်နေတဲ့ အဖွဲ့ အစည်းအကြောင်းကို ပဲ သိရှိသွားပါတယ်….
တစ်ချို့ သော သူများကလည်း Cover Letter စစချင်းမှာ ကိုယ် ဘယ်ကျောင်းတတ်ခဲ့တယ်။ ဘယ် မှာ ဘွဲ့ ရခဲ့တယ် ဆိုတက် အချက်များကို စတင်ဖော်ပြတတ်ပါတယ်။ အဲ့ဒီ အခါမှာလဲ Cover letter ဖတ်နေသူ ရဲ့  စိတ်ဝင်စားမှုကို မဆွဲဆောင်နိုင်ပဲ ဖြစ်သွားတတ်ပါတယ်။
၃။ Cover Letter ကို လျှောက်မည့် အလုပ်နှင့် ကိုက်ညီအောင် မရေးမိခြင်း၊ မပြင်မိခြင်း။
လူတော်တော်များများ လုပ်တတ်တဲ့ အမှားအယွင်းအကြီးကြီးကတော့ ဘယ်အလုပ်လျှောက်လျှောက် Cover Letter ကို အတူတူ ပဲ ရေးတာဖြစ်ပါတယ်… တစ်ခါတစ်ရံ မှာ Cover Letter ကို ရာထူး company လေးပဲ ပြောင်းပြီး တင်လိုက်တာပါပဲ။ အဲလို တင်လိုက်လို့ တစ်ခါတစ်လေမှာ ရက်စွဲ မပြောင်းမိတာ၊ အောက်ပိုင်းမှာ ရာထူး အမှားကြီး ပါသွားတာ၊ company အမှားကြီး ပါသွားတာ မျိုးတွေ ဖြစ်တတ်ပါတယ်…
ဒါကြောင့် မို့ လို့  Cover Letter ကို ဘယ်တော့ မှ ထပ်ပြင်ရမှာကို မပျင်းပါနဲ့ ။ လျှောက်မယ့် အလုပ်ပေါ်မူတည်ပြီး အပြောင်းအလဲ လုပ်ပါ။ မလိုတာများကို ဖြုတ်ပစ်ပါ။ လိုအပ်တာတွေကို ထည့်ဖြည့်ပါ။
အလုပ်ခေါ်စာမှာပါဝင်တဲ့ လုပ်ကိုင်ရမယ့် တာဝန်များကို သေချာဖတ်ပြီး အဲ့ဒါတွေ နဲ့ ကိုက်ညီမယ့်  မိမိမှာ ရှိတဲ့ ကျွမ်းကျင်မှု အတွေ့ အကြုံများကို ရှေ့ တန်းတင်ဖော်ပြပေးပါ။
အလုပ်ခေါ်စာ အားလုံးရဲ့  နောက်ကွယ်မှာ တူညီတဲ့ အချက်က ဒီအလုပ်ခေါ်ရခြင်းအကြောင်းအရင်း က ပြသနာ များကို ဖြေရှင်းဖို့ နဲ့  ရလဒ်ကောင်းများ ရရှိဖို့ ပါပဲ။ ပိုက်ဆံပိုနေလို့ ခေါ်တဲ့ company ဆိုတာ မရှိလောက်ပါဘူး။
အဲ့ဒီအတွက် မိမိ ရဲ့  Cover Letter မှာ ပါရမှာက ပြသနာများကို ဘယ်လို ဖြေရှင်းခဲ့လဲ၊ ဖြေရှင်းနိုင်လဲ။ ရလဒ်တွေကို ဘယ်လို ဖန်တီးခဲ့လဲ၊ ဖန်တီးနိုင်လဲ ဆိုတာကို ဖော်ပြနိုင်ရပါမယ်။ အဲ့လို ဖြေရှင်းနိုင်ဖို့ ဖန်တီးနိုင်ဖို့ ဘယ်လို အရည်အချင်းအတွေ့ အကြုံတွေ ရှိလဲဆိုတာကို ဖော်ပြရပါမယ်။
ဥပမာ Construction Project site Manager ရာထူး အတွက်ဆိုယင် မိမိမှာ Site ထဲမှာ ကြုံတွေ့ နိုင်တဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ အတွေ့ အကြုံ ရှိခဲ့ကြောင်း၊ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်အောင် ဆောင်ရွက်နိုင်ကြောင်း စတာမျိုး ဖော်ပြရပါမယ်။
၎။ Cover Letter မှာ မိမိ လိုအပ်ချက်များ ကို သာ ဖော်ပြမိခြင်း။
Company တစ်ခု အနေနဲ့ အလုပ်ခေါ်တယ်ဆိုတာ သူတို့  အကျိုး အတွက် လို လို့  ခေါ်တာပါ။ အဲ့ဒီအတွက် ၀န်ထမ်းဆီက Company အတွက် ဘာတွေ အကျိုး အမြတ်ရနိုင်မလဲဆိုတာက အလုပ် ရှင်က အကဲဖြတ်မှာပါ။
ကိုယ့်ရဲ့  Cover Letter မှာ ဖော်ပြထားမိတာက ဒီအလုပ်မှာ လုပ်ခွင့်ရယင် မိမိ အတွက် ဘယ်လို့ တိုးတက်မှုတွေ အတွေ့ အကြုံတွေ ရရှိနိုင်ကြောင်း၊ မိမိ ဘ၀အတွက် ဘယ်လို အဆင်ပြေသွားနိုင်ကြောင်း စသည်တွေ ဖြစ်ယင် ဖြစ်နေပါလိမ့်မယ်။ အဲ့ဒါဆိုယင် အလုပ်ရှင်အနေနဲ့ ဒီလူဟာ ငါတို့ အတွက် အလုပ်လုပ်ပေးချင်တာထက် သူ့ တိုးတက်မှုအတွက် လုပ်ချင်တာလားလို့ ထင်သွားပါလိမ့်မယ်။
တကယ်တမ်း ဖြစ်သင့်တာက မိမိ က ဒီ company အတွက် ဘာ ကျွမ်းကျင်မှုတွေ ယူလာနိုင်ကြောင်း၊ ဘယ်လို အကျိုးပြုနိုင်ကြောင်း ဒါတွေကို ဖော်ပြပေးရပါမယ်။
၅။ Cover Letter ကို ရေးပြီးပါက ပြန်မဖတ်ဖြစ်ခြင်း။
ကိုယ့် အနေနဲ့  အလုပ်တစ်ခု ရလို ပါက အားထည့်ရပါမယ်။ Cover Letter ကို ပြန်လည် ဖတ်ရှုပြီး အမှား ရှာတာ အချိန်အများကြီး မပေးရပါဘူး။ ဒါပေမယ့် လူတော်တော်များများက Cover Letter ကို့ ပြန် စစ်ဆေးတာ နည်းလှပါတယ်။
စာလုံးပေါင်း သတ်ပုံ အမှား များစွာ ပါဝင်နေသော Cover Letter ပိုင်ရှင်တစ်ယောက် ကို အလုပ်ရှင်က အလုပ် ခန့် ဖို့ ရာ တော်တော် ခက်ခဲလှမှာပါ။
ဒါကြောင့်မို့ လို့ အကြံပေးချင်တာက Cover Letter ကို မတင်မီ နောက်ဆုံး တစ်ခေါက်အနေနဲ့ ပြန်လည် ဖတ်ရှုစစ်ဆေးသင့်ပါတယ်။
အထက်ဖော်ပြပါ အချက်များကတော့ Cover Letter တစ်ခုကို ဘယ်လို ကောင်းမွန်အောင် ဖန်တီးသင့်သလဲ ဆိုတာပါပဲ။
နောက်တစ်ခေါက်မှ Cover Letter မှာ ပါဝင်ရမယ့် အင်္ဂါရပ်တွေအကြောင်း ထပ်ရေးပါဦးမယ်။
ကိုဟိန်း (Prospect Myanmar)
Saeed Mirfattah ရဲ့  “Why your cover letter is DOA” ကို ကိုးကားထားပါတယ်။
Post a Comment